တိုင်းပြည် မငြိမ်မသက်ဖြစ်ရခြင်းသည် ခေါင်းဆောင်တဦးတယောက်၏ အတ္တ၊ မာန နှင့် လောဘကြီးမားခြင်းကြောင့် ဖြစ်ပြီး တိုင်းပြည်လုံခြုံရေးအတွက် ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က အကြံပြုပြောကြားသည်။
ဖက်ဒရယ် တပ်မတော်တည်ထောင်ရန် အပါအဝင် အကြံပြုချက် လေးချက်ကို ရှမ်းပြည်အမျိုးသားနေ့ မိန့်ခွန်း၌ ၎င်းက ထည့်သွင်းတိုက်တွန်းခြင်းဖြစ်သည်။ ယနေ့ ( ဖေဖော်ဝါရီလ ၇ ရက်) တွင် ကျရောက်သည့် (၇၉) နှစ် မြောက် ရှမ်းပြည်အမျိုးသားနေ့ကို RCSS ဌာနချုပ်ရှိရာ လွယ်တိုင်းလျဲန်းတွင် ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။
အကြံပြုချက်လေးချက်မှာ (၁)ခေတ်သစ်ခေါင်းဆောင်များ ၊ တိုင်းရင်းသားခေါင်းဆောင်များ အနေဖြင့် အတိတ်က အမှားကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်ခြင်း တပါးသူ အမှားထက် ကိုယ့်အမှားကိုယ်မြင်တတ်ခြင်း၊ (၂) အပြန်အလှန်ယုံကြည်မှုတည်ဆောက်ခြင်း ၁၉၄၇ ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ်များအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊(၃) တဖက်နှင့်တဖက် အနိုင်ယူဖိနှိပ်ချုပ်ချယ်ခြင်းထက် နှစ်ဦးနှစ်ဖက်ကောင်းကျိုးအတွက် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း၊ (၄) တိုင်းပြည်လုံခြုံရေးအတွက် ဖက်ဒရယ်
တပ်မတော်ဖွဲ့စည်းတည်ထောင်ခြင်း စသည်တို့ ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြဿနာကို ဖြေရှင်းနိုင်ပြီး အနာဂတ်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းဆောင်များနှင့် ပြည်သူလူထု တွေးခေါ်စဉ်းစားမှု အထောက်အကူ ပြုစေနိုင်ရန် အကြံပြုခြင်းဖြစ်ကြောင်း RCSS ဥက္ကဋ္ဌ ကဆိုသည်။
ရှမ်းပြည်အမျိုးသားနေ့သည် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ်ဆိုရာမှ ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ပင်လုံစာချုပ်ကြောင့်သာ ပြည်ထောင်စုမြန်မာနိုင်ငံပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်ကို အားလုံးအသိပင် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။
တိုင်းပြည်လွတ်လပ်ရေးရရှိမှု ၇၈ နှစ်ကြာခဲ့သည့်တိုင် အိမ်နီးချင်းတိုင်းပြည်များကဲ့သို့ မိမိတို့ တိုင်းပြည် မဖွံ့ဖြိုးမတိုးတက်ခြင်းသည် တိုင်းပြည်ခေါင်းဆောင်များက အလယ်အလတ် လမ်းစဉ်တရားဖြင့် အဆက်ပြတ်ခြင်းကြောင့် ဖြစ်ကြောင်း RCSS ဥက္ကဋ္ဌ က ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ထောက်ပြသည်။
ထို့အပြင် ပြည်ထောင်စုကို တိုင်းပြည်တခုတည်းဖြင့်တည်ထောင်ခဲ့ခြင်း မဟုတ်ကြောင်း၊ ဗမာပြည်နှင့်သျှမ်းပြည်သည် ၁၉၄၇ ပင်လုံစာချုပ်အရ အစိုးရနှင့်အုပ်ချုပ်ရေးစနစ်ကွဲပြားသည်ကို သိနိုင်ကြောင်း RCSS ဥက္ကဋ္ဌက ပြောသည်။
တိုင်းရင်းသားများသည် ပင်လုံစာချုပ်ပါ သဘောတူညီချက်များအတိုင်း ရိုးသားစွာ လေးစားလိုက်နာခဲ့ကြသော် လည်း ဗမာပြည်ထဲရှိ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တချို့သည် တိုင်းရင်းသားများအား ဖိနှိပ်မှုများ ပြုလုပ်ခြင်း၊ ပြည် ထောင်စုအတွင်းရှိ တိုင်းရင်းသား ပြည်သူလူထု၏ ဆန္ဒကို အရေးမစိုက်ကာ တိုင်းပြည်အာဏာသိမ်းယူပြီး ဒီမိုကရေစီစနစ်မှ ဆိုရှယ်လစ်စနစ်သို့ ပြောင်းလဲခြင်းများ ရှိခဲ့ကြောင်း ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်တွင် ၂၀၁၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲကာ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ဦးသိန်းစိန်အစိုးရလက်ထက်တွင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် တိုင်းပြည်အခြေအနေ အနည်းငယ် ကောင်းမွန်လာခဲ့ကြောင်း ပြောသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ ငါးနှစ်တာ ကာလ၌လည်း တိုင်းပြည်၏ ကဏ္ဍ တချို့တွင် တိုးတက်မှုများရှိခဲ့သော်လည်း ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ တိုင်းပြည်အတွင်း နိုင်ငံရေးရှုပ် ထွေးမှုများ၊ အကျပ်အတည်းများ ထပ်မံပေါ်ပေါက်ခဲ့ရကြောင်း RCSS ဥက္ကဋ္ဌက မိန့်ခွန်း၌ ထည့်သွင်းပြောကြား သည်။
အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများအား တပ်မတော်က အင်အားသုံး အကြမ်းဖက်နှိမ်နင်းမှုများကြောင့် ပြည်သူလူထုသည် လက်နက်စွဲကိုင်ကာ နွေဦးတော်လှန်ရေးကို ဆင်နွှဲခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။
သို့သော် တိုင်းပြည်မငြိမ်သက်သည့် အခြေအနေကြောင့် ပြည်သူလူထုသည် စစ်ဘေးရှောင်ရခြင်းအပါအဝင် အထွေထွေအကျပ်အတည်းများအား ကြုံနေရကြောင်း ပြောသည်။
ထိုသို့သော အခြေအနေများသည် တိုင်းပြည်ခေါင်းဆောင်တဦးတယောက်၏ အတ္တ၊ မာန၊ လောဘ ကြီးမားခြင်း၊ လူထုဆန္ဒအတိုင်း မဟုတ်ဘဲ လူတဦးတည်းရဲ့ သဘောထားအတိုင်း ဆောင်ရွက်ခြင်းနှင့် ၁၉၄၇ ပင်လုံစာချုပ် သဘောတူညီချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမှု မရှိခြင်း၏ အကျိုးဆက်ဖြစ်ကြောင်း RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောကြားခဲ့သည်။
ယနေ့ကျင်းပသည့် (၇၉ ) နှစ်မြောက် ရှမ်းပြည် အမျိုးသားနေ့အခမ်းအနားကို RCSS / SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအပါအဝင် လူဦးရေ ၇,၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် RCSS တပ်ဖွဲ့ဝင် ၁,၀၀၀ ကျော်က စစ်ရေးပြခဲ့ကြပြီး တက်ရောက်လာသည့် အဖွဲ့အစည်းအသီး သီးမှ တာဝန်ရှိသူများက ရှမ်းအမျိုးသားနေ့အတွက် ဂုဏ်ပြုစကားများ ပြောကြားခဲ့သည်။
ထို့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သျှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ်(SSNDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နှင့် ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ/ရှမ်းနီအမျိုးသားများတပ်မတော်( SNUC/SNA) တို့က ဂုဏ်ပြုသဝဏ်လွှာများအသီးသီးပေးပို့ခဲ့ကြသည်။
(၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့သို့ ပေးပို့သည့် အာဏာသိမ်းစစ်ခေါင်းဆောင်၏ သဝဏ်လွှာတွင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံ၏ ပကတိလိုအပ်ချက်ကို သိရှိနားလည်ပြီး လက်နက်ကိုင်လမ်းစဉ်နှင့် ဆူပူအကြမ်းဖက်မှုများ ကိုစွန့်လွှတ်ကာ ငြိမ်းချမ်းရေးအတွက် ဆွေး နွေးပွဲစကားဝိုင်းသို့ လာရောက်ကြရန် ဖိတ်ခေါ်ထားသည်။







