ခလရ(၂၇၅)မှ ခဲယမ်း၊ လက်နက်ကြီးယာဥ်များ ဖလူး-ဝေါလေလမ်းပိုင်းပေါ်တက်လာ

ခလရ(၂၇၅)မှ ခဲယမ်း၊ လက်နက်ကြီးယာဥ်များ ဖလူး-ဝေါလေလမ်းပိုင်းပေါ်တက်လာ

ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် စစ်အုပ်စုခြေလျှင်တပ်ရင်း ခလရ(၂၇၅)မှ ခဲယမ်းနှင့်လက်နက်ကြီးတင်ဆောင်လာသောမော်တော်ယာဥ်များအပါအဝင် ယာဥ်အစီး(၃၀)ထက်မနည်း ဖလူး-ဝေါလေ လမ်းပိုင်းဘက်ကို ဖေဖော်ဝါရီ ၄ ရက်၊ မနက်ပိုင်းက တက်လာကြောင်း မဟာမိတ်တော်လှန်ရေးတပ်များက ပြောသည်။

ကရင်နယ်ခြားစောင့်တပ်-BGF နေရာ မေတ္တာလင်းမြိုင်ရွာဘက်မှ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံ၊ ဖလူးကျေးရွာအုပ်စုသို့ ဦးတည်ချက်ရှိသည့် အဆိုပါစစ်ယာဥ်တန်းမှာ ဖားအံမြို့အခြေချ တပ်မ(၂၂)မှတဆင့် ခလရ(၂၇၅)သို့ရောက်နေသော ယာဥ်များဖြစ်သည်ဟု ဒေသတွင်းအုပ်ချုပ်ရေးပိုင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်ထံမှ သိရသည်။

“မေတ္တာ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လင်းမြိုင်က BGF ဗိုလ်စိန်တပ်နေရာဘက် သံပြားကာစစ်ကားတွေဝင်လာတယ်။ အလုံပိတ်သံပြားကာ လက်နက်ကြီးကားတွေ၊ စစ်ကူစစ်ကားတွေနဲ့ဆိုရင် အစီး(၃၀)ဝန်းကျင်လောက်ရှိမယ်။ ဒီဘက်ကိုစစ်ကြောင်းထိုးမှာ‌‌‌‌‌" ဟု မင်းလက်ပံကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေသတွင်းနှင့်စစ်ရေးသတင်းအရင်းအမြစ်အရ စစ်အုပ်စုက စစ်ရေးအရှိန်မြှင့်ပြီး မည်သည့်လမ်းကြောင်းမှတိုက်ခိုက်လာမည်ကို ကြိုတင်မသိနိုင်သောကြောင့် အရပ်သားများထိခိုက်မှုမရှိစေရေး KNLA မဟာမိတ်တပ်က ထိုတစ်ဝိုက်နေထိုင်သူဒေသခံများကို ဘေးလွတ်ရာရွှေ့ပြောင်းခိုင်းခြင်းလည်း ရှိသည်။

အမည်မဖော်လိုသူ KNLA တပ်ဖွဲ့ဝင်က "အင်ကြင်းမြိုင်-မင်းလက်ပံဘက်ဝင်မလား၊ လေးကေကော်ဘက်က ဝင်ချလာမလား၊ မယ်ထော်သလေး ဘက်အထိုင်ချမလားမသိသေးဘူး။ လက်နက်ကြီးနှင့်လေယာဥ်ပစ်ပြီဆို ရွာသားတွေမလွတ်တော့ဘူး။ အဲ့ဒါကြောင့်ရှောင်ကြဖို့ ပြောထားတယ်။ ကြိုရှောင်နေတော့ ထိခိုက်တာမရှိဘူးပေါ့" ၎င်းက ပြောသည်။

ထို့အပြင် မြဝတီမြို့သို့ရောက်ရှိနေသည့် စစ်အုပ်စု စစ်ကူတပ်ဖွဲ့များကလည်း မြို့ဝင်မြို့ထွက်နေရာများအပါအဝင်၊ မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတား(၂)နေရာ၊ ပြည်သူ့စစ်တပ်ဖွဲ့ကာကင်းစခန်းများ၊ နှစ်သစ်ကူးကွင်းနေရာများတွင် လတ်တလော အင်အားတိုးတပ်စွဲထားကြောင်း မြဝတီမြို့ခံအချို့ထံမှ သိရသည်။

တဆက်တည်း ထိုင်း-မြန်မာကုန်သွယ်ရေးလမ်းကြောင်းအချက်အချာကျ အာရှလမ်းမပေါ်ပြန်လည်သွားလာနိုင်ရေးနှင့် အမှတ်(၂)တံတားပြန်ဖွင့်နိုင်ရေးအတွက် လုံခြုံရေးအင်အားတိုးချထားသလို သင်္ဃန်းညီနောင်စစ်ဗျူဟာနှင့်အာရှလမ်းပိုင်းနေရာများတွင်လည်း ခံစစ်နေရာများကို စစ်အုပ်စုကအခိုင်အမာတည်ဆောက်နေသည်ဟု တောင်ပိုင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။

Photo: Thai News & CJ (ပုံဟောင်း)

Most read this week

Photo: KNU
February 25, 2026
ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသူ၊ အကျဉ်းသား ၁၀၄...
February 24, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် တရုတ်လုပ်ငန်းများ တွင်ကျယ်...
February 23, 2026
တော်လှန်ရေးအရွေ့အတွက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ကော်သူးလေရှိ ကရင်လူငယ် များနှင့်...
CJ (မရောင်းထွက်သေးသည့် ကြံသကာများကို တောင်သူတစ်ဦးနှင့်အတူတွေ့ရစဥ်)
February 21, 2026
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကြံပင်စိုက်၍ ကြံသကာကြိုချက်...