ကချင်တွင် KIA က စစ်မျက်နှာ ၃ ခုဖွင့်၍ ထိုးစစ်ဆင်၊ စခန်း ၆ ခုထက်မနည်း သိမ်းပိုက်ရရှိ

ကချင်တွင် KIA က စစ်မျက်နှာ ၃ ခုဖွင့်၍ ထိုးစစ်ဆင်၊ စခန်း ၆ ခုထက်မနည်း သိမ်းပိုက်ရရှိ

ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA ပူးပေါင်းတပ်ဖွဲ့များက စစ်မျက်နှာ ၃ ခု တစ်ပြိုင်နက်ဖွင့်ကာ ပြင်းထန်သော ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ရာ စစ်ကော်မရှင်တပ်စခန်း ၆ ခုထက်မနည်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ခဲ့သည့် အဆိုပါ ထိုးစစ်အတွင်း ဝိုင်းမော်မြို့နယ် မိုင်းနားဒေသနှင့် လမြန်ကျေးရွာအနီးရှိ စစ်ကော်မရှင် တပ်စခန်း ၄ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်နိုင်ခဲ့ သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ သေဆုံးရုပ်အလောင်းအချို့၊ သုံ့ပန်းများနှင့် လက်နက်ခဲယမ်း အမြောက်အများကိုပါ သိမ်းဆည်းရမိခဲ့သည်။

ဝိုင်းမော်မြို့နယ်အတွင်း မြေပြင်အခြေအနေနှင့် ပတ်သက်၍ မြေပြင်သတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲကတော့ တော်တော်ပြင်းတယ်ဗျ။ မနေ့ကဆိုရင် မိုင်းနားဘက်က စခန်းတွေကို KIA က ဝင်သိမ်းတာ အကုန်ရသွားပြီလို့ သိရတယ်။ စစ်တပ်ဘက်ကတော့ လက်လွှတ်လိုက်ရတာများတော့ ဝိုင်းမော်မြို့ဘက်ကို ဂျက်ဖိုက်တာတွေနဲ့ လာကြဲတာရော၊ လက်နက်ကြီးနဲ့ လှမ်းထုတာရော တောက်လျှောက်ပဲ။ ရွာသားတွေလည်း ဘေးလွတ်ရာကို အသည်းအသန် ပြေးနေကြရတယ်” ဟု ပြောသည်။

အလားတူ အင်းတော်ကြီးဒေသတွင်လည်း လုံးတုံနှင့် ဟဲပါးကျေးရွာအနီးရှိ အရေးပါသော ကာကင်းစခန်းများကို KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

ဖားကန့်ဒေသတွင်လည်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ကို KIA က တန်ပြန်တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးအဆင့်ရှိသူတစ်ဦး သေဆုံးကာ စစ်ကော်မရှင်တပ်များ အထိနာပြီး ဆုတ်ခွာသွားခဲ့ရသည်ဟု ဆိုသည်။

သို့သော် မြို့ပေါ်တွင်မူ စစ်ကောင်မရှင်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စာမေးပွဲဖြေဆိုနေသည့် ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲကာ ကလေးငယ်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ကြောင့် ဒေသခံများ ထိတ်လန့်နေကြသည်။

ဗိုလ်မှူးကြီးနော်ဘူကလည်း ဗန်းမော်မြို့ရှိ ခြေကုတ်စခန်းအချို့ကို ဇန်နဝါရီလကုန်ပိုင်းတွင် သိမ်းယူနိုင်ခဲ့ကြောင်း အတည်ပြုထားပြီး၊ လက်ရှိတွင် KIA အနေဖြင့် ယခင်လက လက်လွှတ်ခဲ့ရသည့် နယ်မြေအတော်များများကို ပြန်လည်စိုးမိုးထားနိုင်ပြီ ဖြစ်သည်။

ဖားကန့်မြို့မှ ဒေသခံတစ်ဦးကမူ “စစ်မြေပြင်မှာ သူတို့တိုက်နေတာက တစ်ပိုင်းပေါ့ဗျာ။ ဒါပေမဲ့ မြို့ပေါ်က ကျောင်းထဲကို လက်နက်ကြီးကျတာတော့ တော်တော်ဆိုးတယ်။ ကလေးတွေ စာမေးပွဲဖြေနေတုန်း ဖြစ်တာ ဆိုတော့ မိဘတွေရော ကလေးတွေရော အကုန်လုံးက လန့်ကုန်ကြတာ” ဟု ပြောသည်။

လက်ရှိတွင် ကချင်ပြည်အတွင်း စစ်ရေးအရှိန် မြင့်တက်နေဆဲဖြစ်ပြီး စစ်ကော်မရှင် ဘက်မှ လေကြောင်း တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိကြီးစွာ နေထိုင်ကြရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားသည်။

February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...
January 30, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဦးဆောင်မှု အသစ်ဖွဲ့စည်းရာတွင် မျိုးဆက်သစ်လူငယ်နှင့်...