ဖားကန့်မှာ တိုက်ပွဲဖြစ်နေတဲ့ကြားက ကလေးတွေ အတန်းတင်စာမေးပွဲ ဖြေဆိုနေရ

ဖားကန့်မှာ တိုက်ပွဲဖြစ်နေတဲ့ကြားက ကလေးတွေ အတန်းတင်စာမေးပွဲ ဖြေဆိုနေရ

ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ ရှိတာကြောင့် ကျောင်းသူကျောင်းသားတွေဟာ စာမေးပွဲ သွားရောက်ဖြေဆိုနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေဖြစ်ပေမဲ့ နှစ်ကုန်စာမေးပွဲ ဖြစ်တဲ့အတွက် ကျောင်းသားမိဘတွေ အနေနဲ့လည်း စစ်ရေးအခြေအနေကြည့်ပြီး ကျောင်းပို့နေရတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ယောက်က မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။

"ကျောင်းသားမိဘတွေအနေနဲ့ကလည်း အခြေအနေကရှုပ်။ သွားပို့ရမလိုလို မသွားပို့ရမလိုလို။ မသွားပို့ရင်လည်း ကျောင်းက နှစ်ကုန်စာမေးပွဲနဲ့ဆိုတော့ အကုန်လုံးက ဘယ်လိုမှမတတ်သာလို့ သွားပို့ကြတာတော့ ဟုတ်တယ်။ "လို့ အဲဒီ အမျိုးသားက ပြောပါတယ်။

ဒီနေ့မှာလည်း ဖားကန့်မှာ တိုက်ပွဲဖြစ်နေပေမဲ့ တိုက်ပွဲနေရာဟာ စာသင်ကျောင်းတွေနဲ့ အလှမ်းဝေးတဲ့အတွက် ကျောင်းသူ/သားတွေကို စာမေးပွဲဖြေဖို့ ကျောင်းပို့ထားတယ်လို့ ဆိုပါတယ်။

မော်ဝမ်းအထက်တန်းကျောင်းခွဲမှာလည်း ကျောင်းသူ/သားတွေ နှစ်ကုန်စာမေးပွဲ ဖြေဆိုနေတယ်လို့ ဖားကန့်ဒေသခံ တခြားအမျိုးသားတစ်ယောက်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

"မော်ဝမ်းကျောင်းမှာလည်း ကျောင်းသားတွေ စာမေးပွဲဝင်ဖြေနေကြတယ်။ ဖားကန့်ဘက်တော့ ကျွန်တော်လည်း မသွားကြည့်ရသေးဘူး။ ဒါပေမဲ့ စာမေးပွဲဖြေနေတယ်လို့တော့ ပြောနေကြတယ်။" လို့ သူက ပြောပါတယ်။

ဖားကန်ဒေသထဲ စစ်ကော်မရှင်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပြင် တချို့ရပ်ကွက်တွေမှာ လေကြောင်းသတိပေးသံတွေ၊ လေကြောင်းပစ်ခတ်မှုတွေ၊ လက်နက်ကြီးပေါက်ကွဲမှုတွေ- စတဲ့အခြေအနေတွေကြား စာမေးပွဲသွားရောက် ဖြေဆိုနေရတာကလည်း ကျောင်းသူ/သားတွေအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်အနီး စစ်ကော်မရှင်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ တိုက်ပွဲအတွင်းပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ အထက်တန်းစာသင်ကျောင်းမှာ ကျရောက်ပေါက်ကွဲတဲ့အတွက် ကျောင်းသူတစ်ယောက်နဲ့ ကျောင်းသားတစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ရွေးကောက်ပွဲအပြီး ဖားကန့်ဒေသမှာ စစ်ကော်မရှင်တပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ကြား စစ်ရေးအခြေအနေ ပြန်လည်တင်းမာနေတာလည်း ဖြစ်ပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

February 24, 2026
မြစ်ကြီးနားလေဆိပ်အတွင်း ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီးနောက် စစ်ကော်မရှင်ဟာ...
February 21, 2026
စစ်ကော်မရှင်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အခု ၂၀၂၆ နှစ်ဆန်းပိုင်းမှာတင်ပဲ ကလေး ၂၂ ဦးထိ...
February 20, 2026
ကချင်ပြည်နယ်အတွင်းက ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်၊ အင်းတော်ကြီး၊ ပူတာအို၊ နောင်မွန်-စတဲ့...
February 19, 2026
ရှမ်းမြောက်၊ မုံးစီးဒေသတွင်းက ရွှေတူးဖော်မှုကိုတားဆီးရင်း လူထိခိုက်သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့...