သီရိလင်္ကာအစိုးရသည် အမျိုးသမီးများနှင့် ကလေးများပါဝင်သည့် ရိုဟင်ဂျာ ခိုလှုံခွင့်တောင်းခံသူ ၁၀၀ ကျော်အား တစ်နှစ်ကျော်ကြာ စစ်တပ်ထိန်းသိမ်းမှုအောက်တွင် ထားရှိနေစဉ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) ၏ ဝင်ရောက်ကြည့်ရှုစစ်ဆေးခွင့်ကို ဆက်လက်ပိတ်ပင်ထားပြီး လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုအဖွဲ့အစည်းများအကြား စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်လာစေခဲ့သည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ပင်လယ်ပြင်၌ ကယ်ဆယ်ခံရပြီး ကမ်းရောက်လာခဲ့သော အဆိုပါ ရိုဟင်ဂျာအဖွဲ့ကို နိုင်ငံအရှေ့မြောက်ပိုင်း မူလတီဗူ (Mullaitivu) ရှိ လေတပ်အခြေစိုက်စခန်းတွင် ဆက်လက်ထိန်းသိမ်းထားကြောင်း သီရိလင်္ကာ သတင်းမီဒီယာ The Leader က ဖော်ပြထားသည်။ UNHCR မှ အကာအကွယ်လိုအပ်ချက်များ၊ ခိုလှုံခွင့်တောင်းခံမှုများနှင့် နေထိုင်မှုအခြေအနေများကို စစ်ဆေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ခွင့်ပြုချက် မရရှိသေးပါ။
“UNHCR အနေဖြင့် အဆိုပါအဖွဲ့၏ လိုအပ်ချက်များ၊ အန္တရာယ်များနှင့် နိုင်ငံတကာကာကွယ်ရေးအတွက် ခိုလှုံခွင့်တောင်းခံမှုများကို အကဲဖြတ်ရန် ဝင်ရောက်ခွင့် တရားဝင်တောင်းဆိုနေဆဲဖြစ်သော်လည်း ယခုအချိန်အထိ ခွင့်မပြုသေးပါ” ဟု UNHCR အာရှ–ပစိဖိတ် ဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မာရီကို ဟောလ်က ပြောကြားခဲ့သည်။ သူမက အထူးသဖြင့် အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့် လုံခြုံရေးအပေါ် အလွန်စိုးရိမ်နေကြောင်းလည်း ထပ်လောင်းပြောဆိုခဲ့သည်။
အဆိုပါ ရိုဟင်ဂျာ ခိုလှုံခွင့်တောင်းခံသူများသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော အကြမ်းဖက်မှုများမှ ထွက်ပြေးလာစဉ် ပင်လယ်ပြင်၌ ပိတ်မိခဲ့ကြပြီး ဒေသခံ ငါးဖမ်းသမားများက ကူညီကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။ တရားရုံးအမိန့်အရ မြို့တော်အနီးရှိ အရပ်သား ထိန်းသိမ်းရေးစခန်းသို့ ပြောင်းရွှေ့ရမည်ဟု ညွှန်ကြားထားသော်လည်း အဆင့်မြင့်အာဏာပိုင်များ၏ ဝင်ရောက်ပတ်သက်မှုကြောင့် မူလတီဗူ လေတပ်စခန်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။
သီရိလင်္ကာ လူ့အခွင့်အရေးကော်မရှင်က UNHCR အား ချက်ချင်း ဝင်ရောက်ခွင့်ပြုရန် အစိုးရကို တိုက်တွန်းထားပြီး လွတ်မြောက်မည့် အချိန်ကာလ မသတ်မှတ်ဘဲ စစ်ပွဲဒုက္ခသည်များကို ကြာရှည်ထိန်းသိမ်းထားခြင်းသည် လူသားချင်းစာနာမှုဆိုင်ရာ အရေးကြီးသော ပြဿနာတစ်ရပ်ဖြစ်ကြောင်း သတိပေးခဲ့သည်။
“ဒီလူတွေက ပဋိပက္ခရဲ့ ဒုက္ခသည်တွေဖြစ်ပေမယ့် ရာဇဝတ်သားတွေလို ဆက်ဆံခံနေရပါတယ်” ဟု လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဂေဟန် ဂုနတီလီကာက ပြောကြားခဲ့သည်။ UNHCR သည် ခိုလှုံခွင့်တောင်းခံမှုများကို ကိုင်တွယ်ရန် လုံလောက်သည့် ကျွမ်းကျင်မှုနှင့် တာဝန်ရှိပြီး ယခုကဲ့သို့ နှောင့်နှေးမှုများမှာ မဖြစ်သင့်ကြောင်းလည်း ဆိုသည်။
ကော်မရှင်အဆိုအရ အဆိုပါအဖွဲ့တွင် ကလေး ၅၇ ဦးထက်မနည်း ပါဝင်ပြီး မွေးကင်းစကလေးများနှင့် အသက်မပြည့်သေးသော မိခင်များ၏ ကလေးများလည်း ပါဝင်ကြောင်း သိရသည်။ ကလေးသူငယ်များကို စစ်တပ်အောက်တွင် ဆက်လက်ထိန်းသိမ်းထားခြင်းသည် နိုင်ငံတကာ ကလေးအခွင့်အရေးနှင့် အရပ်ဘက်အခွင့်အရေး သဘောတူညီချက်များကို ချိုးဖောက်နိုင်ကြောင်း လူ့အခွင့်အရေးအရာရှိများက သတိပေးထားသည်။
UNHCR က ဝင်ရောက်ခွင့်ရပါက သီရိလင်္ကာ အာဏာပိုင်များနှင့် ပူးပေါင်း၍ လူသားချင်းစာနာမှု အကူအညီများပေးအပ်ခြင်းနှင့် ကာကွယ်ရေးဆိုင်ရာ အကဲဖြတ်မှုများ ပြုလုပ်ရန် အသင့်ရှိကြောင်း ပြောကြားထားသည်။ သို့သော် ဝင်ရောက်ခွင့် ဆက်လက်ပိတ်ပင်ထားပါက အဆိုပါ ခိုလှုံခွင့်တောင်းခံသူများကို နိုင်ငံတကာ ကာကွယ်ရေးစနစ်များမှ ခွဲထုတ်ထားသကဲ့သို့ ဖြစ်စေနိုင်ကြောင်း သတိပေးခဲ့သည်။
မြန်မာနိုင်ငံအတွင်း မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် တောင်အာရှနှင့် အရှေ့တောင်အာရှဒေသတစ်လျှောက် လူထုရွှေ့ပြောင်းမှုဖိအားများ မြင့်တက်လာနေစဉ် သီရိလင်္ကာ၏ ပင်လယ်လမ်းကြောင်းမှ မတရားဝင် ဝင်ရောက်လာသူများကို ကိုင်တွယ်ပုံအပေါ် အာရုံစိုက်စစ်ဆေးမှုများ ပိုမိုပြင်းထန်လာစေခဲ့သည်။







