မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေ၍ ဒေသခံ စိုးရိမ်ထိတ်လန့်

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေ၍ ဒေသခံ စိုးရိမ်ထိတ်လန့်

သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့် နောက်ဆက်တွဲ ပြဿနာများကို စိုးရိမ်ထိတ်လန့်နေရကြောင်း မိုင်းရယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လောလောဆယ်တော့ ကျားဖြန့်သမားတွေ ယာတဲတွေမှာ ပုန်းနေလို့ ဒေသခံတွေအတွက် စိုးရိမ်ရတယ်။ မမြင်ဖူးတဲ့ တရုတ်လူမျိုး မျက်နှာစိမ်းတွေ အများကြီးရောက်လာတယ်။ နောက်ပိုင်း ရွာနီးနားတဝိုက် အခြေစိုက်လာရင် မဆိုင်တဲ့ ပြည်သူတွေပါ အကျိုးဆက် ခံစားရမှာ။ ကိုးကန့်တပ်လည်း ကျားဖြန့်တွေကို ဘာမှ မပြောဘူး၊ ပေါင်းလုပ်ပေါင်းစားလား မသိဘူး” ဟု မိုင်းရယ်မြို့နယ်မှ အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုဘက်သို့ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများမှာ သီပေါမြို့နယ် နမ့်လမ်မြို့ဘက်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများကို စစ်ကော်မရှင်တပ် ဖမ်းဆီးမှုနှင့် သီပေါ-မိုင်းရယ်ကြားတွင် နယ်မြေရှင်းလင်းမှုများကြောင့် တိမ်းရှောင်လာသူများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာများကို ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသည်။

သီပေါနှင့် မိုင်းရယ်မြို့နယ် အစပ်တွင် ဇန်နဝါရီလ (၉) ရက်၌ စစ်ကော်မရှင်ဘက်မှ လေကြောင်း တိုက်ခိုက်ခဲ့ပြီးနောက် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာ (၄) ခုထက်မနည်း တွေ့ရှိခဲ့ပြီး အက်စစ်ပုံးများ၊ ဂတ်စ်အိုးများ၊ ဓာတုဆေးရည်များ ထည့်ထားသည့် ပေပါပုံးများ၊ ဖန်ပေါင်းအိုးများ စသည့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ မူးယစ်ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းများကို ဝိသမ လောဘသားများမှ ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး မူးယစ်ဆေးဝါး ချက်လုပ်ခြင်း၊ အွန်လိမ်းငွေလိမ် ကျားဖြန့်လုပ်ငန်းများ လုပ်ဆောင်လာကြောင်း စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသော်လည်း လက်ရှိအချိန်ထိ တရားခံ မပေါ်သေးပေ။

ထို့အပြင် ဇန်နဝါရီလ ၁၅ ရက်၌ မိုင်းရယ်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ထပ်မံသိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါး ချက်လုပ်သည့် နေရာများ ရှိနိုင်သေးသဖြင့် နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေကြောင်း ထုတ်ပြန်ခဲ့သည်။

အခြားတစ်ဖက်တွင် သီပေါနှင့် မိုင်းရယ်မြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) လှုပ်ရှားနယ်မြေတွင် ဖမ်းဆီးရမိသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၀၀ ကျော်ကို တရုတ်-မြန်မာနယ်စပ်တွင် SSPP တာဝန်ရှိသူများမှ လွှဲပြောင်းပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်မှ ပြောဆိုသော်လည်း သီးခြားအတည်ပြုနိုင်ရန် သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။

Most read this week

မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...