သဉ္ဇာနွယ် — ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ကျွန်းဖက် ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့် မွတ်ဆလင်ခြောက်ဦးသည် စစ်ကော်မရှင်နေဗီထံ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူများမှာ ပေါက်တောမြို့နယ်၊ အနောက်ရဲမွတ်ဆလင်ရွာမှ အိုရာမန် (၃၆)နှစ်၊ ဆရူလမန်း (၂၆)နှစ်၊ နတ်ချင်းရွာမှ ဟိုရီမာလီ (၂၆)နှစ်၊ သက္ကယ်ပြင်အောက်ရွာမှ မာမောက်အာရို (၂၅)နှစ်၊ ယာမာမောင် (၂၀)နှစ်နှင့် ရှောရှိလာမီ (၂၅ )နှစ်တို့ ဖြစ်သည်။
သူတို့သည် ငါးဖမ်းစက်လှေတစ်စီးနှင့်အတူ ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ကျွန်းရှိ သက္ကယ်ပြင်အောက်ရွာဖက်တွင် ငါးဖမ်းနေစဉ် ဇန်နဝါရီ ၂၇ ရက်နေ့ ည ၈ နာရီဝန်းကျင်၌ ကင်းလှည့်နေသည့် စစ်ကော်မရှင်၏နေဗီက လက်နက်ပြခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ပေါက်တောဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"အခုနောက်ပိုင်း နေဗီတွေက မီးမထွန်းဘဲ နေတာ။ တော်ရုံအဝေးကမှောင်နေရင် မမြင်ရဘူး။ နေဗီတွေက စစ်တွေ-ပေါက်တောရေကြောတစ်လျှောက် အမြဲတမ်းရှိတယ်။ သူတို့ရှိမှန်းသိလို့ ငါးဖမ်းထွက်တယ်ဆိုတာကလည်း စားဝတ်နေရေးခက်ခဲလို့ပေါ့။ ပေါက်တောမှာက အရင်ကတည်းက မွတ်ဆလင်တွေ ငါးဖမ်းတာများပါတယ်။ ၂၇ ရက်နေ့ကဆိုရင် ခြောက်ယောက်ဖမ်းသွားတာ။ အနားကိုရောက်မှ မီးထွန်းပြီး ဖမ်းသွားတာ။ အရင်ကလည်း မကြာမကြာဖမ်းတယ်။ ပြန်မလွတ်ဘူး" ဟု ပြောသည်။
ယခုဖမ်းဆီးခံရသူများကို စစ်တွေအမှတ်(၁)ရဲစခန်းတွင် ချုပ်နှောင်ထားပြီး ယခင်ကဖမ်းဆီးသူများကိုလည်း ပြန်မလွှတ်ဘဲထားရှိသည်ဟု စစ်တွေဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
"ပေါက်တောဖက်ကမွတ်ဆလင်တွေ အများကြီးပဲအဖမ်းခံထားရတာ။ အရင်တုန်းက ဖမ်းဆီးခံရတဲ့သူတချို့ဆို ပြန်မလွတ်သေးဘူး။ တချို့ဆို စစ်သင်တန်းကိုပို့တယ်လို့ကြားတယ်။ အခုလည်း အမှတ်(၁)ရဲစခန်းမှာ ထိန်းသိမ်းထားတယ်။ ဘာအမှုနဲ့ဖမ်းတာလဲမသိရ။ မွတ်ဆလင်တွေရော၊ ရခိုင်တွေရော အဖမ်းခံရပြီး ပြန်လွတ်တာ ရှားတယ်" ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း ပေါက်တောမြို့နယ်၊ ပန်းနံ့သာကျွန်းအနီးတွင် ငါးဖမ်းနေသည့် စက်လှေသုံးစီးပေါ်မှ မွတ်ဆလင်ငါးဖမ်းသမား ၂၈ ဦးကို စစ်ကော်မရှင်၏နေဗီတစ်စီးက စပိဘုတ်ဖြင့်လာရောက်ကာ လက်နက်ပြခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိပြန်လွတ်ခြင်းမရှိကြောင်း သိရသည်။
အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားသည့် ပေါက်တောမြို့နယ်တွင် နေထိုင်သည့် မွတ်ဆလင်ဒေသခံအများစုမှာ ရေလုပ်ငန်းဖြင့် ပင်လယ်ကိုအမှီပြု၍ ငါးဖမ်းကာ စားသောက်နေရခြင်းဖြစ်သည်။
ပင်လယ်ပြင်တွင်နေရာယူကင်းလှည့်နေသည့် စစ်ကော်မရှင်နေဗီများကလည်း မကြာခဏဆိုသလို ဒေသခံငါးဖမ်းသမားများကို ဖမ်းဆီးနေသည်ဟု သိရသည်။
ပြီးခဲ့သည့် ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ပေါက်တောမြို့နယ်၊ ဖဒူချေကျေးရွာမှ ဘုတ်တစ်စီးဖြင့် ပန်းနံ့သာကျွန်း အနောက်ဘက်ခြမ်းသို့ ငါးဖမ်းရန်ထွက်သွားသည့် ငါးဖမ်းသမားငါးဦးကို စစ်ကော်မရှင်၏နေဗီတစ်စီးက မတရားဖမ်းဆီး၍ ကျောက်ဖြူမြို့ဘက်သို့ ခေါ်ဆောင်သွားခဲ့သည်။
စက်တင်ဘာ ၉ ရက်နေ့ကလည်း စစ်ကော်မရှင်၏နေဗီသွားလာလှုပ်ရှားမှုရှိသည့် စစ်တွေ- ပေါက်တော၊ ဖရုံကာကျွန်း- ကျောက်ဖြူစသည့် ရေလမ်းကြောင်းတွင် ငါးဖမ်းထွက်နေသည့် ဒေသခံငါးဖမ်းစက်လှေများအနက် သုံးစီးကို နေဗီပေါ်ရှိ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု မြေပြင်ဒေသခံအမျိူးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
ပေါက်တောမြို့နယ်၊ မြေငူကျွန်း၊ ဖဒူကျွန်း၊ အင်ကြင်းချိုင်ကျွန်း စသည့် ကျွန်းသုံးကျွန်းမှ ပြည်သူများသည် ရေလုပ်ငန်းဖြင့်အသက်မွေးကြပြီး ပေါက်တော- ကျောက်ဖြူမြို့နယ်အကြားတွင် စစ်ကော်မရှင်နေဗီများက မကြာခဏ ဖမ်းဆီးနေ၍ ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ရန် အခက်အခဲကြုံနေရသည်ဟု ဒေသခံရေလုပ်သားများက ပြောသည်။







