မြဝတီတောင်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေ

မြဝတီတောင်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ် ထိန်းချုပ်ထားသည့်နေရာများကို ဇန်နဝါရီ ၂၈ ရက် မနက် ၉ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် စစ်အုပ်စုက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးလေးလုံးအထိ ကြဲချတိုက်ခိုက်ထားကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်များမှ ကနဦးသိရသည်။

မင်းလက်ပံနှင့်ဖလူးကျေးရွာဘက်သို့ စစ်အုပ်စုတပ်ဖွဲ့များစစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး KNLA မဟာမိတ်တပ်များ၏ကြားဖြတ်တိုက်ခိုက်မှုကြောင့် ၃ လကျော်ကြာလာသည်အထိ နယ်မြေအသာစီးမရသေးဘဲရှိနေသည်။

ထို့ကြောင့် ယမန်နေ့မနက်ပိုင်း လေကြောင်းမှ ဖျက်အားပြင်းဗုံးများဖြင့် ပစ်ကူတိုက်ခိုက်ပေးလာခြင်းဖြစ်သည်ဟု မြဝတီတောင်ပိုင်းတွင် စစ်ရေးလှုပ်ရှားသည့် KNLA သတင်းအရင်းအမြစ်က ဆိုသည်။

“စကမတွေလာတိုက်နေတာကြာနေပါပြီ။ ပစ်ခတ်မှုက နေ့တိုင်းရှိတယ်။ ဖလူး၊ ဘုရားကုန်းကိုတောင် သူတို့သိမ်းလို့မရသေးဘူး။ မြေပြင်ကတော့တက်မရဘူးဆိုတော့ ဒီမနက်လေယာဉ်လာကြဲတာပဲ။ ပြီးတော့ လက်နက်ကြီးတွေလည်း မင်းလက်ပံဘက်ကပစ်ထုတ်နေတယ်” ဟု အမည်မဖော်လိုသူ KNLA တပ်ဖွဲ့ဝင်ကပြောသည်။

စစ်အုပ်စုက လေကြောင်းကြဲချတိုက်ခိုက်ခြင်းအပြင် လေးကေကော်၊ ရသေ့ဂူနှင့် စွယ်တော်ကုန်းအနီးတဝိုက်တွင်လည်း ရော့ကတ်ဒုံးများဖြင့်လှည့်ပတ်ပစ်ခတ်မှုရှိခဲ့ကြောင်း မင်းလက်ပံကျေးရွာနေဒေသခံများမှ သိရသည်။

စစ်ရှောင်မင်းလက်ပံရွာသားက “စစ်တပ်က ဒရုန်းတော့နေတိုင်းတက်တယ်၊ ဖလူးကြီး၊ ဖလူးလေး၊ မင်းလက်ပံ ရွာတွေကတော့ လက်နက်ကြီးနေ့တိုင်းကျနေတော့ နေတဲ့လူမရှိကြတော့ဘူး။ ကြာပြီ။ အခုဒီမနက်ကိုလည်း လေး ကေကော်၊ ရ‌သေ့ဂူဘက်အထိပတ်ပစ်သွားတယ်၊ ဂျက်ဖိုက်တာနဲ့” ဟု ကေအိုင်စီကို ပြောသည်။

လနှင့်ချီကြာရှည်လာသည့်မြဝတီတောင်ပိုင်းဒေသ တကျော့ပြန်တိုက်ပွဲများကြောင့် အင်းကြင်းမြိုင်၊ မင်းလက်ပံ၊ ဖလူး၊ ဖလူးလေး၊ လေးကေကော်၊ ထီးမယ်ဝါးခီး၊ ရ‌သေ့ဂူအပါအဝင် ကျေးရွာပေါင်း(၁၀)ရွာထက်မနည်းရှိ ဒေသခံ ၅၀၀၀ ကျော် စစ်ရှောင်နေရသည်။ 

ထို့အပြင် ၎င်းတို့အတွက် စားနပ်ရိက္ခာနှင့်နေရာထိုင်ခင်းအခက်အခဲ လိုအပ်ချက်ကြီးမားလာကြောင်းလည်း စစ်ရှောင်အရေးအကူအညီပေးနေသူများထံမှ သိရသည်။

ဓါတ်ပုံ - ပုံဟောင်း
July 30, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးနှင့် သုံးထပ်ကွေ့လမ်းပိုင်းကို စစ်တပ်က လေယာဉ်ဖြင့်...
July 30, 2026
ကရင်ပြည်၊ နယ်ခြားစောင့်တပ် အမှတ် (၄) တပ်နယ်မှူးနှင့် ၁၀၂၂ တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူး...
July 27, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ကျောက်ခက်ကျေးရွာရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များသည်...
ဓါတ်ပုံ - KNU (ပုံဟောင်း)
July 27, 2026
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများမှာ ယခုမိုးရာသီကာလ၌ ငှက်ဖျားရောဂါ...