ဖလမ်းမြို့နယ်တိုက်ပွဲ စစ်ကော်မရှင်တပ်က ၇ ယောက် သေဆုံး

ဖလမ်းမြို့နယ်တိုက်ပွဲ စစ်ကော်မရှင်တပ်က ၇ ယောက် သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို အင်အားဖြည့်ဖို့ တက်လာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ချင်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား ဇန်နဝါရီလ ၂၆ ရက်နေ့က ဖလမ်းမြို့နယ် ဗာလုံရွာ(Valung) နဲ့ Zawnglei ရွာအကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကော်မရှင်တပ်က ၇ ယောက် သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ဖလမ်းမြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ထံ လူအင်အားထပ်ဖြည့်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကလေး – သိုင်းငင်းလမ်းကနေတဆင့် ၁၂ ဘီးကား ၅ စီး၊ သံပြားကာကား ၃ စီးတို့ဖြင့် အင်အား ၃၀၀ ခန့်ဝန်းကျင်ဟာ ဖလမ်းမြို့ကို တိုက်ရိုက်တက်လာနေပြီး ဖလမ်းမြို့ကနေ မိုင် ၄၀ အကွာကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ကလေးမြို့ကနေ ဖလမ်းမြို့ကို တိုက်ရိုက်စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေအကြား မနေ့က တိုက်ပွဲဖြစ်တယ်လို့ သိရတယ် ဗာလုံနဲ့ Zawnglei ကြားမှာ အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က ၇ ယောက်လား ၉ ယောက်လား တိကျတော့ မသိဘူး သေတယ်လို့ သိရတယ် နောက်ပြီး ဗာလုံက နေအိမ်တလုံးကိုလည်း မီးရှို့တယ်လို့ သိရတယ် ကျနော်ထင်တာက အဲဒီသူတို့သေတဲ့အလောင်းတွေကို နေအိမ်တစ်လုံးထဲထည့်ပြီး မီးရှို့တာလို့ ထင်တယ် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ဒီစစ်ကြောင်းကို ဟန့်တားဖို့တိုက်တာလို့ထင်တယ်” လို့ပြောပါတယ်။

ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF) ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလဆန်းကစလို့ သိုင်းငင်း – ဖလမ်း နဲ့ ဝေဘူလ – ဖလမ်း လမ်းကြောင်းတွေကနေ အင်အား ၈၀၀ ကနေ ၁၀၀၀ ဝန်းကျင်အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး လက်ရှိ ဖလမ်းမြို့နဲ့ ၁၃ မိုင်အကွာမှာရှိတဲ့ Khuangli နဲ့ Sumhrang ရွာ အနီးတဝိုက်က တောတောင်တွေထဲမှာ အခိုင်အမာ ကတုတ်ကျင်းတွေနဲ့ ပြင်ဆင်ပြီး ခြေကုတ်စခန်း ချပြီး စစ်ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။

ဖလမ်းမြို့ကိုပြန်ရဖို့ ၃ လနီးပါးအကြာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေအတွင်း စစ်ကော်မရှင်ဘက်က ထိခိုက်ကျဆုံးများပြားတာ စစ်သုံ့ပန်းဖြစ်တာတွေ ထွက်ပြေးတာ၊ အလင်းဝင်တာတွေနဲ့ အထိနာမှုတွေကြောင့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ကလေးမြို့ကနေ စစ်အင်အား ရာချီကို ထပ်မံဖြည့်တင်းလာနေတာလည်းဖြစ်တယ်လို့ သိရပါတယ်။

July 9, 2026
အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အသက်သွေးကြောဖြစ်သည့် ကလေး - တမူး လမ်းမကြီးပေါ်ရှိ...
July 4, 2026
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ကြိုးပမ်းခဲ့သည့် ချင်းတိုင်းရင်းသူ တရား...
July 2, 2026
ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့ ကာလမှာ  စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်နေကြရတဲ့...
June 30, 2026
ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်း ၅...