မြောက်ဦးမြို့တွင် ရှေးဟောင်းရတနာပစ္စည်းအချို့နှင့် ငွေဒင်္ဂါးပြား ၁၅၀ ကျော် တူးဖော်တွေ့ရှိ

မြောက်ဦးမြို့တွင် ရှေးဟောင်းရတနာပစ္စည်းအချို့နှင့် ငွေဒင်္ဂါးပြား ၁၅၀ ကျော် တူးဖော်တွေ့ရှိ

မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင် ရှေးဟောင်းရတနာပစ္စည်းအချို့နှင့် ငွေဒင်္ဂါးပြား ၁၅၀ ကျော်ကို တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

တွေ့ရှိခဲ့သည့် ရှေးဟောင်းရတနာပစ္စည်းများမှာ အချင်း ၁ လက်မခန့်ရှိသော ကျောက်စိမ်း တစ်တုံး၊ ရွှေပုရပိုက် တစ်ခု၊ ရွှေလက်စွပ်သုံးကွင်း၊ ရွှေစများ၊ စန္ဒသုဓမ္မရာဇာနှင့် နရပတိကြီး အမည်ပါ ငွေဒင်္ဂါးပြား ၁၅၀ ကျော်တို့ဖြစ်သည်။

အဆိုပါရှေးဟောင်းရတနာပစ္စည်းများနှင့် ငွေဒင်္ဂါးပြားများကို ဇန်နဝါရီလ ၂၄ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် မြောက်ဦးမြို့တွင်းရှိတစ်နေရာ၌ ရပ်ကွက်မှ ကလေးများ ဘောလုံးကစားသည့်နေရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မြောက်ဦးဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

“ရပ်ကွက်ကလူတွေကတော့ အရမ်းစိတ်ဝင်စားနေကြတယ်။ နောက်ထပ် ရဦးမလားဆိုပြီးတော့တောင်မှ စိတ်ဝင်စားကြတယ်။ ရွှေစ၊ ငွေစတွေလည်း ပါလာတော့လေ”ဟု ပြောသည်။

အဆိုပါရတနာပစ္စည်းများနှင့် ငွေဒင်္ဂါးပြားများကို ကလေးများ ဘောလုံးကစားနေကြရာမှ Grade-7 ကျောင်းသား မောင်ဖြိုးမြတ်ဦးနှင့် Grade-5 ကျောင်းသား မောင်စိုးအောင်မင်းတို့က စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဘောလုံးကစားရင်း ခြေချော်လဲကျရာမှ ဒင်္ဂါးပြားအချို့ကို စတင်တွေ့ရှိခဲ့ပြီးနောက် နောက်ထပ် တူးကြည့်ရာမှ ယခုလို တွေ့ရှိလာရခြင်းဖြစ်သည်ဟု သိရသည်။

ယင်းသို့တွေ့ရှိပြီးနောက် မိဘဆွေမျိုးများကိုပြောပြခဲ့ပြီး ယင်းမှတဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူများကို ဆက်လက်သတင်းပေးပို့ခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

ယခုတွေ့ရှိခဲ့သည့် ငွေဒင်္ဂါးပြားများမှာ တတိယ မြောက်ဦးခေတ် ရခိုင်သက္ကရာဇ် (၁၀၃၄) ရွှေနန်းသခင် စန္ဒသုဓမ္မရာဇာ လက်ထက်က သုံးစွဲခဲ့သည့် ဒင်္ဂါးများနှင့် သက္ကရာဇ် (၁၀၀၀) ဆင်ဖြူသခင်၊ ဆင်နီသခင် နရပတိကြီးလက်ထက်က သုံးစွဲခဲ့သည့် ငွေသားအစစ် ဒင်္ဂါးများဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

လက်ရှိတွင် အဆိုပါရတနာများတွေ့ရှိခဲ့သည့်နေရာကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဘက်က လုံခြုံရေးရယူထားသည်ဟု သိရသည်။

မြောက်ဦးမြို့သည် ရခိုင်ဘုရင်အဆက်အဆက် ထီးနန်းအုပ်ချုပ်စိုးစံခဲ့သည့် ဘုရင့်မင်းနေပြည်တော်တစ်ခုဖြစ်ခဲ့သည်နှင့်အညီ ရှေးခေတ် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးပြားများအပါအဝင် ရှေးဟောင်းရတနာပစ္စည်းများကိုလည်း မကြာခဏတွေ့ရှိတတ်သည်ဟု သိရသည်။

ဓာတ်ပုံ - ၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မြောက်ဦးမြို့၌ တွေ့ရှိခဲ့သည့် ရှေးဟောင်း ရတနာပစ္စည်းအချို့နှင့် ငွေဒင်္ဂါးပြားများအားတွေ့ရစဉ်။ (Photo – ABN) 

Most read this week

ဓါတ်ပုံ - Daily Times Of Bangladesh
August 19, 2026
အာရက္ခတပ်တော် (AA) သည် ရေပိုင်နက် ကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားသော...
August 19, 2026
အာရက္ခ (ရခိုင်) ပြည်၊ မြောက်ဦးမြို့နယ်၊ လေးမြို့ချောင်းတစ်လျှောက်တွင် မိုးသည်းထန်စွာ...
August 17, 2026
အာရက္ခတပ်တော် (AA) က ဝိုင်းဝန်းပိတ်ဆို့ထားသော နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာသို့...
စစ်အုပ်စုတပ်သား (ပုံဟောင်း)
August 17, 2026
ရခိုင်ပြည် (အာရက္ခပြည်)၊ ကျောက်ဖြူစစ်မျက်နှာ နှစ်ခုအနက် အဝတောင်စစ်မျက်နှာတွင် အထိအခိုက် အကျ...