ကျောက်တော်က အကျဉ်းစခန်းကို စစ်ကောင်စီ ဗုံးကြဲမှု စစ်သုံ့ပန်းနှင့် မိသားစုဝင် ၂၁ ဦး သေဆုံး၊ ၃၀ ဦး ဒဏ်ရာရ

ကျောက်တော်က အကျဉ်းစခန်းကို စစ်ကောင်စီ ဗုံးကြဲမှု စစ်သုံ့ပန်းနှင့် မိသားစုဝင် ၂၁ ဦး သေဆုံး၊ ၃၀ ဦး ဒဏ်ရာရ
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က ကျောက်တော်မြို့နယ် ချောင်းတူ အကျဉ်းစခန်းကို စစ်ကောင်စီ ဗုံးကြဲပြီးနောက်ပိုင်း မြင်တွေ့ရသည့် သုံ့ပန်းမိသားစုဝင်များ။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က ကျောက်တော်မြို့နယ် ချောင်းတူ အကျဉ်းစခန်းကို စစ်ကောင်စီ ဗုံးကြဲပြီးနောက်ပိုင်း မြင်တွေ့ရသည့် သုံ့ပန်းမိသားစုဝင်များ။

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာအနီးရှိ စစ်သုံ့ပန်းနှင့် မိသားစုဝင်များ ထိန်းသိမ်းထားသည့် အကျဉ်းစခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းနှင့် မိသားစုဝင် ၂၁ ဦး သေဆုံးပြီး ၃၀ ဦး အစုလိုက်အပြုံလိုက် ထိခိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၀ ရက်၊ ညနေ ၇ နာရီခွဲကျော်တွင် စစ်ကောင်စီ‌က ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်းများ နေထိုင်သည့် အဆောင်နှင့် ဆေးခန်းတို့တွင် ကျရောက်ပေါက်ကွဲခဲ့ကာ အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

ချောင်းတူ အကျဉ်းစခန်း တာဝန်ရှိသူတစ်ဦးက “ အကျဉ်းသားတွေကို ဆေးကုနေတဲ့ ဆေးခန်းမှာ နှစ်လုံးနဲ့ စစ်သုံ့ပန်းတွေထားတဲ့ အဆောင်ရှေ့မှာ တစ်လုံးနဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေထားတဲ့ အဆောင်ဘေးမှာ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာ။ ဆေးခန်းမှာတော့ အကျဉ်းသား ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တာရှိတယ်။ စစ်သုံ့ပန်းတွေ ထားတဲ့ အဆောင်မှာတော့ ၁၃ ဦး သေဆုံးပြီးတော့ ၁၆ ဦးဒဏ်ရာ ရရှိခဲ့တယ်။ မိသားစုဝင်တွေကတော့ ၄ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြတယ်” ဟု ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသွားသူများကို အာရက္ခတပ်တော်က ဆေးကုသမှုပြုလုပ်ပေးနေပြီး ယင်းအထဲတွင် ၅ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြသည်ဟု အကျဉ်းစခန်းတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုမှာ ညအချိန်ဖြစ်သည့်အတွက် အကျဉ်းစခန်းတွင်းရှိ သုံ့ပန်းမိသားစုဝင်များမှာ သွေးပျက်ဖွယ်ကောင်းသည့် အခြေအနေများနှင့် ရင်ဆိုင်လိုက်ရသည်ဟု ကျောက်တော်မြို့နယ် အမတ- ၃၇၇ တပ်ရင်းက တပ်ရင်းမှူးဟောင်း၏ ဇနီးဖြစ်သူ ဒေါ်သဇင်ချိုက ပြောသည်။

“ အချိန်ကလည်း ညအချိန်ဆိုတော့ တော်တော်လည်းကို သွေးပျက်စရာပေါ့နော်။ အကုန်လုံးက အခန်းတွေက တံခါးတွေ ပိတ်ပြီး သော့ခတ်ထားပြီး အထဲကို ရောက်တဲ့အချိန်မှာ ဗုံးကြဲမှုဖြစ်တာ။ ပထမတစ်လုံးကျတဲ့ အချိန်မှာတော့ ကျမတော့ အပေါက်က ထွက်ချင်တယ်။ အပေါက်ဖွင့်ပေးသူရှိလား တစ်ချက်ဖွင့်ပေးပါဆိုပြီး အော်ကြတယ်။ သော့မရှိတော့ ကိုယ့်ကိုကိုယ် သေလူလို့ သတ်မှတ်ထားကြပြီ။ အဲဒီအခါမှ အမျိုးသားအဆောင်က လွတ်လာသူအချို့ လွှတ်ပေးလို့ အသက်ရှင်ကြရတာ ” ဟု ဒေါ်သဇင်ချိုက DMG ကို ပြောသည်။

ယင်းအပြင် စစ်ခေါင်းဆောင်များအနေဖြင့် သူတို့မှာ မိသားစုဝင်များရှိသလို တခြားစစ်ပွဲအတွင်း ဖမ်းဆီးခံထားရသည့် စစ်တပ်မိသားစုဝင်များကိုလည်း လူသားချင်းစာနာထောက်ထားသည့် စိတ်ထားရှိကြရန် ဒေါ်သဇင်ချိုက တောင်းဆိုသည်။

ပြီးခဲ့သည့် ရခိုင်မြို့သိမ်းတိုက်ပွဲများအတွင်း AA ၏ ထိုးစစ်ကြောင့် လက်နက်ချအညံ့ခံသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် ထောင်နှင့်ချီရှိနေပြီး နေရာအသီးသီးတွင် ထိန်းသိမ်းထားခြင်းဖြစ်သည်။

ယင်းအထဲက အချို့ သုံ့ပန်းနှင့် မိသားစုဝင်များကို AA က အသုတ်လိုက် လွှတ်ပေးခြင်းများ ရှိနေသည်။

တိုက်ပွဲတွင် ဖမ်းဆီးခံထားရသည့် စစ်သုံ့ပန်းများနှင့် မိသားစုဝင်များတွင်လည်း အသက်နှင့် ဘဝများရှိနေ သေးသည့်အတွက် ထိုသို့ ပစ်ခတ်မှုများ မလုပ်သင့်ကြောင်း လေကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့သည့် စစ်သုံ့ပန်းတစ်ဦးဖြစ်သူ တပ်သား တေဇာလင်း က ပြောသည်။

“ အမှန်ကတော့ ဒီလိုမျိုး လုံးဝ မလုပ်သင့်ဘူး။ ဒီလို အကျဉ်းထောင်ထဲမှာ ကျနေတဲ့ ကလေးတွေရော၊ မိန်းကလေးတွေရော၊ ယောက်ကျားတွေမှာပါ ဘဝတွေက ရှိကြသေးတယ်။ ကျနော်တို့ တပ်မိသားစုဝင် သက်ကြီးအိုရွယ်တွေလည်း ရှိကြတာကြောင့် ဒီလို တိုက်ခိုက်မှုမျိုး လုံးဝကို မလုပ်သင့်ပါဘူး ” ဟု စစ်သုံ့ပန်း ကိုတေဇာလင်း က ပြောသည်။

DMG က ကောက်ယူထားသည့် စာရင်းအများအရ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အထိ တစ်နှစ်ကျော်အတွင်း ပေါက်တောမြို့နယ်၊ မောင်တောမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်တို့မှ စခန်း ၄ ခုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်က ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာအနီးက သုံ့ပန်းထိန်းရေး စခန်းကို ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်မှုကြောင့် အဆိုပါ စခန်းတွင် ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းနှင့် အကျဉ်းသား သေဆုံးသူ ၁၇ ဦး ရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၁၀ ဦး အထိရှိခဲ့သည်။

ထို့အတူ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် က မောင်တောမြို့နယ်၊ (၄) မိုင်ကျေးရွာ (နခခ -၂)က သုံ့ပန်း ထိန်းသိမ်းရေးစခန်းကို လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် စစ်သုံ့ပန်းနှင့် အကျဉ်းသား သေဆုံးသူ ၆၀ ဦးနှင့် ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။

ယင်းအပြင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်က မြောက်ဦးမြို့နယ်၊ ရမ်းချောင်းထဲက စစ်သုံ့ပန်းမိသားစုဝင်များ ထားရှိရာ စခန်းကို ဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် အမျိုးသမီး ၂၈ ဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရ သူ ၂၈ ဦးထိရှိကြောင်း သိရသည်။

ယခု ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာလေကြောင်းတိုက်ခိုက်မှုတွင်လည်း စစ်သုံ့ပန်းနှင့် မိသားစုဝင် သေဆုံး ၂၁ ဦးနှင့် ဒဏ်ရာရရှိသူ ၃၀ ဦးအထိရှိခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်အတွင်း နယ်မြေအများစုကို လက်လွှတ်ထားရသည့် စစ်ကောင်စီသည် အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေများရှိ ပြည်သူများကိုသာမက အကျဉ်းစခန်း၊ အကျဉ်းထောင်များကိုပင် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေ၍ အစုလိုက်အပြုံလိုက် သေဆုံးမှုများလည်း မြင့်တက်နေသည်။

ပုံစာ- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က ကျောက်တော်မြို့နယ် ချောင်းတူ အကျဉ်းစခန်းကို စစ်ကောင်စီ ဗုံးကြဲပြီးနောက်ပိုင်း မြင်တွေ့ရသည့် သုံ့ပန်းမိသားစုဝင်များ။

Most read this week

ရခိုင်ပြည်၊ ဂွမြို့နယ်အတွင်း တရားမဝင်ခုတ်လှဲထားသော သစ်ပင်တချို့ကို ၂၀၂၂ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။
January 21, 2026
ရခိုင်ဒေသအတွင်း သစ်အရောင်းအဝယ်ဈေးကွက်တွင် ဈေးနှုန်းအဆမတန် မြင့်တက်နေပြီး ဝယ်ယူဆောက်လုပ်သူလည်း...
January 20, 2026
အမ်း-ပဒါန်းကားပေါ်ရှိ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာအနီးတွင် စစ်ကောင်စီနှင့်...
January 19, 2026
ယခု ၂၀၂၆ ခုနှစ်အတွင်း ရခိုင်ပြည် စစ်တွေ- ကျောက်ဖြူ- ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်းများသည် ၂၀၂၅...
January 17, 2026
အာရက္ခတပ်တော်(AA) ထိန်းချုပ်ရာမြို့နယ်များမှ ဒေသခံများမှာ ကျန်းမာရေး၊ ကုန်သွယ်ရေးနှင့် အခြား...