နတ်ရေကန် ဗျူဟာအနီး တိုက်ပွဲပြင်းနေ

နတ်ရေကန် ဗျူဟာအနီး တိုက်ပွဲပြင်းနေ

အမ်း-ပဒါန်းကားပေါ်ရှိ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်ဗျူဟာအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် ပူးပေါင်းတပ်တို့ အကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီဖက်က ဒရုန်းအသုံးပြု တိုက်ခိုက်နေကြောင်း သိရသည်။

လက်ရှိတွင် နတ်ရေကန်အနီး ပဇီကျေးရွာနှင့် ဂုတ်ကြီးကျေးရွာအကြား စစ်ကောင်စီ စစ်ကြောင်းနှင့် အာရက္ခတပ်တော် ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ပြီး စစ်ကောင်စီဖက်က အကျအဆုံး များစွာနှင့် ရင်ဆိုင်နေရသည်ဟု စစ်ရေးအခြေအနေသိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

“ နတ်ရေကန် ဗျူဟာအနီး ပဇီရွာနဲ့ ဂုတ်ကြီးအကြားမှာ ဒီရက်ပိုင်း တိုက်ပွဲတွေ ပြင်းထန်နေတယ်။ ဂုတ်ကြီးရွာအနီးမှာ လှုပ်ရှားနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်။ စစ်ကောင် စီဖက်က အကျအဆုံးတွေ များတာကြောင့် ဒရုန်းနဲ့ လက်နက်ကြီးတွေ၊ ပဒါန်းဖက်ကနေပြီးလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိတယ်။ နှစ်ဖက်တိုက်ပွဲကတော့ နေ့တိုင်းနီးပါး ပြင်းထန်နေတာ ” ဟု စစ်ရေးအခြေအနေသိသူ တစ်ဦးက ပြောသည်။

နတ်ရေကန် စစ်မျက်နှာတွင် စစ်ကောင်စီ၏ စကခ-၁၄ နှင့် စခက-၁၇ ပူးပေါင်းတပ်များနှင့် ခုခံတိုက်ခိုက်နေခြင်းဖြစ်ပြီး ဒီဇင်ဘာလကုန်ပိုင်းကလည်း ဂုတ်ကြီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်မှုများ ရှိခဲ့သည်။

လက်ရှိ နတ်ရေကန် ဗျူဟာအနီးတွင် စစ်ကောင်စီ၏ ရွေ့လျားစစ်ကြောင်းများမှာ ပိတ်ဆို့တိုက်ခိုက်ခံနေရသဖြင့် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများကို လေကြောင်းကနေ ပစ်ချပြီး ဖြည့်တင်းနေရသည်။

နတ်‌ရေကန်ဗျူဟာ၏ အဓိက စခန်းကြီးဖြစ်သည့် ကမ္ဘာလုံးစခန်းကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ဝန်းရံပိတ်ဆို့ထားကြသည်မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်ပြီး စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများကို ဖြတ်တောက်ထားခြင်းလည်းဖြစ်သည်။

နတ်ရေကန်ဗျူဟာသည် မကွေး- ရခိုင်အစပ် လေကြောင်းရန် ကာကွယ်ရေးစခန်းကြီးဖြစ်ပြီး နှစ်ဖက်လုံးအတွက် အရေးပါသည့်တပ်စခန်းဖြစ်၍ တိုက်ပွဲက ပိုပြီး ပြင်းထန်လာနိုင်ကြောင်း သုံးသပ်နေကြသည်။

“ နတ်ရေကန် ဗျူဟာက စစ်ကောင်စီအတွက်ရော တော်လှန်ရေးတပ်တွေအတွက်ပါ အတော်လေးကို အရေးပါတဲ့ နေရာမှာရှိတယ်။ ရခိုင်နဲ့ မကွေးကို တိုက်ရိုက်ဆက်သွယ်ထားတဲ့ နေရာဖြစ်တာကြောင့် နှစ်ဖက်အလုံး စစ်ရေးအရ အချက်အချာချတဲ့ နေရာဖြစ်တယ်။ စစ်ကောင်စီအတွက် ကပစ စက်ရုံတွေကို ကာကွယ်နိုင်ဖို့ နတ်ရေကန်က အရေးပါသလို AA အတွက်လည်း ရခိုင်ပြည်ကို ကာကွယ်ဖို့ အရေးပါတဲ့ နေရာဖြစ်တယ် ” ဟု စစ်ရေးစောင့်ကြည့် နေသူတစ်ဦးက ပြောသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက မကွေးတိုင်းသို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ရခိုင်ရိုးမတောင်ပေါ်က နတ်ရေကန်ဗျူဟာ၏ ကာကင်းစခန်းအချို့နှင့် ကျေးရွာအချို့ကို ထိန်းချုပ်ထားသည်။

ထို့အတူ စစ်ကောင်စီကလည်း နတ်ရေကန်ကနေ အမ်း- ပဒါန်းလမ်းပိုင်းအတိုင်း ရခိုင်ပြည် အမ်းမြို့နယ်သို့ ဝင်ရောက်ရန် ကြိုးစားနေသဖြင့် ရခိုင်ရိုးမတောင်ပေါ်တွင် တိုက်ပွဲများ ဖြစ်နေသည်မှာ နှစ်နှင့်ချီကြာမြင့် နေပြီလည်းဖြစ်သည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...