ကရင်နီဒေသမှ ထောင်ဖောက်ပြေးသည့် စစ်သုံ့ပန်း အရာရှိတစ်ဦး ထိုင်းတွင် ဖမ်းမိ

ကရင်နီဒေသမှ ထောင်ဖောက်ပြေးသည့် စစ်သုံ့ပန်း အရာရှိတစ်ဦး ထိုင်းတွင် ဖမ်းမိ

ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထောင်ဖောက်ပြေးခဲ့သည့် စစ်ကော်မရှင် စစ်သုံ့ပန်း ၈၀ ခန့် အနက် ဒု-ဗိုလ်အဆင့်ရှိသူ တစ်ဦးကို ထိုင်းနိုင်ငံဘက်ခြမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာန အချို့ တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်၊ နံနက်အစောပိုင်းတွင် မယ်စဲ့မြို့နယ်ရှိ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) ထိန်းချုပ်ရာ အကျဉ်းထောင်မှ စစ်သုံ့ပန်း ၈၀ ဝန်းကျင်သည် လက်နက်ငယ် ၉ လက်နှင့်အတူ ထောင်ဖောက်ပြေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ထွက်ပြေးရာတွင် အကျဉ်းထောင်ဝန်ထမ်း ၂ ဦးကိုလည်း အတူခေါ်ဆောင်သွားခဲ့သည်ဟု IEC က ထုတ်ပြန်သည်။

ကရင်နီတပ်ပေါင်းစုက လိုက်လံရှာဖွေနေစဉ်အတွင်း ဇန်နဝါရီလ ၁၈ ရက်နေ့၊ ညနေပိုင်းတွင် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင် ခရိုင်အတွင်းသို့ ဝင်ရောက်လာသည့် စစ်ကော်မရှင် ဒု-ဗိုလ်အဆင့်ရှိ ပိုင်စိုးသူကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး နယ်မြေခံစစ်တပ်ထံ လွှဲပြောင်းပေးခဲ့သည်။

ထိုင်းသတင်းရင်းမြစ်များ၏ အဆိုအရ အခြားထွက်ပြေးနေသည့် စစ်ကော်မရှင် တပ်သား ၁၀ ဦးခန့် သည်လည်း ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နေပြီး၊ ၎င်းတို့အနက် တပ်ရင်းမှူးနှင့် တပ်ခွဲမှူးအဆင့်ရှိသူအချို့ ပါဝင်နေသည်ဟု ဆိုသည်။

ထွက်ပြေးသွားသည့် စစ်ကော်မရှင် တပ်သားများသည် တော်လှန်ရေးအဖွဲ့များထံတွင် စစ်သုံ့ပန်းအဖြစ် ဆက်လက် အဖမ်းခံရခြင်းထက် ထိုင်းအာဏာပိုင်များထံတွင် အဖမ်းခံပြီး မြန်မာစစ်ကောင်စီထံ ပြန်လည် ပို့ဆောင်ခံရရန် ကြားခံလူများမှ တစ်ဆင့် ကြိုးပမ်းနေကြခြင်း ဖြစ်သည်ဟု ဆိုသည်။

IEC အတွင်းရေးမှူး ဦးဗညားက အကျဉ်းထောင်အတွင်းစည်းပေါက်သွားသဖြင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံထားပြီး လုံခြုံရေးပိုင်းကို ပြန်လည်စိစစ်နေကြောင်း သတင်းမီဒီယာများကို ပြောဆိုထားသည်။

လက်ရှိတွင် မယ်စဲ့နှင့် မော်ချီးဒေသရှိ ပြည်သူများအား လုံခြုံရေးသတိရှိရန် တိုက်တွန်းထားပြီး ထွက်ပြေး လွတ် မြောက်နေသူများကို ဖမ်းဆီးရမိရေးအတွက် ကရင်နီတပ်ပေါင်းစုက ဆက်လက်ရှာဖွေလျက်ရှိသည်။

Most read this week

June 16, 2026
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ‘NCA Plus’ ဟုခေါ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သစ်...
wikipedia (စစ်တွေမြို့ ဗျူးပွိုင့် )
June 15, 2026
ရခိုင်ပြည်၏ မြို့တော် စစ်တွေမြို့နှင့် လေးမိုင်ခန့်သာ ကွာဝေးသော မင်းဘူး-အမ်း-စစ်တွေ...
June 13, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ အနောက်တောင်ဘက်အစွန်ဆုံးရှိ မိုင်းတုံမြို့နယ်တွင် စစ်တပ်၊ တရုတ်နှင့်...
June 12, 2026
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီး စတင်ရန် ရက်ပိုင်းမျှသာ လိုအပ်တော့သည့် အချိန်တွင်...