ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကိုမန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ ကျင်းပခဲ့ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာအသုံးပြုတဲ့ပစ္စည်းတွေပမာဏအများဆုံးသိမ်းဆည်းရမိမှုနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုပြုလုပ်ရာမှာအသုံးပြုတဲ့ပစ္စည်းတွေ ဖော်ထုတ်သိမ်းဆည်းရမိမှုတို့နဲ့ပတ်သက်ပြီး ရှင်းလင်းခဲ့တာတွေ့ရှိရပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာ စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်လည်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့ပြောနေကျ၊ စွပ်စွဲနေကျအတိုင်း အာရက္ခတပ်တော် (AA) ကိုလည်း တစ်ခြားတိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ အတူ မူးယစ်ဆေးဝါး လုပ်နေတယ်လို့ စွပ်စွဲသွားခဲ့တာ တွေ့ရပါတယ်။
ဒီလို စွပ်စွဲတဲ့ အပေါ်မှာ အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ ဒီမူးယစ်ဆေးဝါးစက်ရုံပိုင်ရှင်အစစ်အမှန်ဟာ စစ်ကော်မရှင်တပ်က စစ်ဗိုလ်ချုပ်ကြီးတွေဘဲဖြစ်တယ်လို့ပြောဆိုသွားခဲ့ပါတယ်။
“ တကယ်တော့ အခုမူးယစ်ဆေးဝါးစက်ရုံဖမ်းပြတယ်ဆိုတာ လုပ်ဇာတ်ကြီးပါ၊ သရုပ်ဆောင်ပြတာဘဲဖြစ်ပါတယ်။ တကယ်တော့ ဒီမူးယစ်ဆေးဝါးစက်ရုံပိုင်ရှင်အစစ်ဟာ အကြမ်းဖက် ဖက်ဆစ်စစ်ကော်မရှင်တပ်က စစ်ဗိုလ်ချုပ်ကြီးတွေဘဲဖြစ်ပါတယ်။ ဒီအဓိကတရားခံစစ်ဗိုလ်ချုပ်ကြီးတွေကို ဖော်ထုတ်ဖို့မကြိုးစားဘဲနှင့် သူတို့ရဲ့အဓိကရန်သူတွေဖြစ်တဲ့ တော်လှန်ရေးအဖွဲ့တွေကိုနာမည်ဖျက်ဖို့၊ အပုတ်ချတိုက်ခိုက်ဖို့အတွက်အသုံးပြုနေတာကိုတွေ့ရတယ်။ ဆိုတော့ ဒါက သာဓကတွေထဲက အထင်ရှားဆုံးလုပ်ကြံဖန်တီးထားတဲ့ သာဓကတစ်ခုဖြစ်ပါတယ်”လို့ ပြောဆိုပါတယ်။
ရှမ်းပြည်နယ် မိုင်းရယ်မြို့နယ်အတွင်းမူးယစ်ဆေးဝါးချက်လုပ်တဲ့အသုံးပြုတဲ့ယာယီအဆောက်အအုံတွေ၊ ဓာတုပစ္စည်းတွေ၊မူးယစ်ဆေးဝါးချက်လုပ်ရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရရှိခဲ့ရာမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေကို မဆီမဆိုင် စွပ်စွဲသွားတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။
“ ဒီကိစ္စကတော့ ကျနော်တို့နှင့်ဘာမှ ပတ်သက်မှုမရှိပါဘူး။ မဆီမဆိုင် အတင်းအဓမ္မချိတ်ဆက် လုပ်ကြံဖန်တီးစွပ်စွဲနေတာတွေသာဖြစ်ပါတယ်။ ကျနော်တို့လေ့လာသိရှိရသလောက်ကတော့ ဒီစက်ရုံတွေဟာ နှစ်ပေါင်းများစွာကတည်းက အဲဒီနေရာမှာရှိနေတာ၊ ဒီမူးယစ်ဆေးဝါးစက်ရုံတွေရှိနေတာကိုစစ်ကောင်စီက မသိတာမဟုတ်ပါဘူး၊ သူတို့အတွက် အကျိုးရှိနေလို့၊ သူတို့ရဲ့အကျိုးစီးပွားတွေ ပါဝင်ပတ်သက်ပြီးအကျိုးတူလုပ်စားနေကြတာဖြစ်လို့ မြန်မာစစ်အစိုးရအဆက်ဆက်ကအကာအကွယ်ပေးထားတာဖြစ်ပါတယ်။ အခုဖမ်းဆီးပြတယ်ဆိုတာကလဲ တရုတ်ဖက်ကပြောလာလို့ ဖမ်းရတာပါဆိုတာ ဇော်မင်းထွန်းကိုယ်တိုင်သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံထားပြီးဖြစ်ပါတယ်။ ဖမ်းတဲ့အခါမှာလည်းဘဲ သူ့လူတွေကို ကြိုတင်ရှောင်ခိုင်းထားပြီးမှဖမ်းတာ၊ သူတို့ကိုယ်တိုင် ကြိုတင်သတင်းပေးပြီးမှ ဟန်ပြသွားဖမ်းတာဖြစ်တဲ့အတွက် ပိုင်ရှင်အစစ်အမှန်ကို မဖော်ပြရဲတာ၊ အရင်တုန်းက သူတို့လုပ်နေကြအတိုင်း ပိုင်ရှင်မဲ့လုပ်ပစ်တာ”ပါလို့ ပြောဆိုပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မူးယစ်ဆေးဝါးနဲ့ EAO အဖွဲ့များဆက်စပ်နေတယ်လို့ စွပ်စွဲသလို EAO အဖွဲ့တွေအနေနဲ့ နိုင်ငံအတွင်းတည်ငြိမ်မှုမရှိအောင်လုပ်ဆောင်ပြီး ဒီအခြေအနေကို အခွင့်ကောင်းယူကာသူတို့အတွက် ဝင်ငွေရလမ်းဖြစ်တဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ သယ်ဆောင်ရောင်းချတဲ့အလုပ်တွေကို လုပ်ဆောင်နေကြတယ်လို့ ပြောဆိုသွားပါတယ်။
AA ကိုလည်း မူးယစ်ဆေးဝါးသယ်ဆောင်ဖြန့်ဖြူးရောင်းချမှုတွေကို အကြိမ်များစွာ ပြုလုပ်နေတယ်ဆိုပြီးလည်း ဥပမာတွေပေးကာ ပြောကြားသွားခဲ့တာကိုလည်း တွေ့ရပါတယ်။
အဓိကအားဖြင့် ရခိုင်ပြည်နယ်ရှိ ပင်လယ်ပြင်၊ တနင်္သာရီ၊ ရန်ကုန်၊ ဧရာဝတီတိုင်းဘက်တို့မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးအများစုဟာ AA နဲ့ပတ်သက်နေတာကိုတွေ့ရတာလို့လည်း ဇော်မင်းထွန်းက ပြောဆိုသွားပါတယ်။
မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတင်ပို့ရောင်းချတဲ့လမ်းကြောင်းတွေရှိရာမှာ အများအားဖြင့် သီပေါမှ၊ မိုင်းရယ်ဒေသမှ အောက်ဘက်ကို ထွက်တဲ့လမ်းကြောင်း၊ ပင်လယ်ပြင်ကနေ မလေးရှားနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ပို့ဆောင်တဲ့ ရေလမ်းကြောင်းတွေတွေ့ရှိရပြီး AA နဲ့ ပတ်သက်ကြောင်း၊ ဖမ်းဆီးရမိတာတွေမှာလည်း AA ဦးစီးပြီးလုပ်နေသည်ကိုတွေ့ရတယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။
နောက်တစ်လမ်းကြောင်းကတော့ လွိုင်ကော်၊ တောင်ငူဘက်ကနေပြီးထိုင်းနိုင်ငံထဲကိုဝင်တဲ့ လမ်းကြောင်းဖြစ်ပြီးဒီလမ်းကြောင်းတွေဟာ KNU/KNLA၊ NUG၊ PDF တော်လှန်ရေးအဖွဲ့တွေနဲ့ ပတ်သက်နေသည်ကိုတွေ့ရတယ်လို့စွပ်စွဲသွားခဲ့ပါတယ်။
နောက်တစ်ခုအနေနဲကကလေးဝဘက်၊ ကလေးဘက်လမ်းကြောင်းဖြစ်ပြီးအများအားဖြင့် PDF၊ CDF ချင်းကာကွယ်ရေးတပ်ဖွဲ့လို့ အမည်ခံထားတဲ့အဖွဲ့တွေလို့ ဇော်မင်းထွန်းက စွပ်စွဲ ပြောဆိုသွားခဲ့ပါတယ်။
မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ရေးလုပ်ငန်းနဲ့ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ တချို့သောမရိုးဖြောင့်တဲ့ EAO အဖွဲ့တွေနဲ့ရိုက်ပါဝင်ပတ်သက်နေသလို ဒီလုပ်ငန်းဟာ ငွေရလမ်းကြောင်းရဲ့အဓိကဖြစ်နေတာကိုတွေ့ရတယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။







