နောင်နောင် — နိုင်ငံအတွက် ဆိုးကျိုးအန္တရာယ်များ ကျရောက်နိုင်သည့် မြစ်ဆုံရေကာတာ စီမံကိန်းသည် လုံးဝ မလုပ်သင့်သည့် စီမံကိန်းဖြစ်ကြောင်း မြန်မာဘူမိသိပ္ပံပညာရှင်များက ယမန်နေ့ (ဇန်နဝါရီ ၁၆)က သဘောထားထုတ်ပြန်သည်။
"ပညာရပ်ဆိုင်ရာ အခြေခံသောအချက်အလက်များအရ မြစ်ဆုံဆည်ဆောက်လုပ်ရန် လုံးဝမသင့်တော်ကြောင်း အကြံပြုပါသည်"ဟု ထုတ်ပြန်ချက်တွင် ပြောသည်။
မြစ်ဆုံဒေသသည် ငလျင်ဇုန်တိုင်းတာမှုဇယားအရ အန္တရာယ်ကြီးမားသည့် ပြင်းထန်ငလျင်ဇုန်တွင်ရှိနေခြင်း၊ ဘူမိဗေဒဆိုင်ရာ အနေအထားအရ ၂၀၂၅ ခုနှစ် မတ်လတွင် လှုပ်ရှားခဲ့သည့် အင်အားပြင်းငလျင်ကိုဖြစ်ပေါ်စေသည့် စစ်ကိုင်းပြတ်ရွေ့ကြီးနှင့် အလွန်နီးကပ်နေကြောင်း ဆိုသည်။
မြစ်ဆုံကဲ့သို့သောနေရာတွင် ကြီးမားသည့် ရေကာတာတည်ဆောက်ပါက ရေကာတာကြီးကြောင့်ဖိအားပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး အင်အားကြီးငလျင်များဖြစ်ပေါ်လာနိုင်ကြောင်းလည်း မြန်မာဘူမိသိပ္ပံပညာရှင်များက ထောက်ပြသည်။
ထို့ပြင် မြစ်ဆုံဒေသ၏ မေခနှင့် မလိခမြစ်ဝှမ်းတလျှောက်သည် ရွှေနှင့်မြေရှားသတ္တုသိုက်ကြီးများအပါအဝင် အဖိုးတန်သယံဇာတများတွေ့ရှိနိုင်မည့်ဒေသဖြစ်ကြောင်း၊ မြစ်ဆုံဒေသတွင် မိုးသည်းထန်ခြင်း၊ မတ်စောက်သောတောင်တန်းများရှိခြင်းနှင့် မတည်ငြိမ်သော ဘူမိဗေဒအနေအထားများကြောင့် မြေပြိုမှုကြီးများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ဆိုထားသည်။
အဓိကမြစ်ကြီးတလျှောက်ရေစီးနှုန်းကို ထိန်းချုပ်ခြင်းသည် အနည်ပို့ချမှုစနစ်ကို ပြောင်းလဲစေကာ နှုံးတင်မြေနုအပေါ်မှီခိုနေရသည့် မြစ်ဝှမ်းတလျှောက် ကိုင်းကျွန်းလုပ်ငန်းများနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်၏ စိုက်ပျိုးရေးကို ထိခိုက်နိုင်ကြောင်းလည်း ပါရှိသည်။
"နိုင်ငံတော်လုံခြုံရေးအရ မြစ်ဆုံဒေသတွင် ဆည် ခုနစ်ခုဆောက်လုပ်ပြီး အခြေအနေ အကြောင်းကြောင်းကြောင့် တပြိုင်နက် ပျက်စီးမည်ဆိုပါက မြစ်ဆုံဒေသအပြင် ကချင်ပြည်နယ်နှင့် မြန်မာပြည် တပြည်လုံးအတွက် ကြီးမားသည့် ဆိုးကျိုးအန္တရာယ်များ ကျရောက်နိုင်ခြင်း"ဟု ဖော်ပြသည်။
ထို့ပြင် မြစ်ဆုံကဲ့သို့ ကြီးမားသော ဆည်ကြီးများ ဆောက်လုပ်လျှင် ဘူမိဗေဒနှင့် နည်းပညာဆိုင်ရာ အချက်အလက်များအရ ဖွံ့ဖြိုးပြီးနိုင်ငံများ အပါအဝင် မမျှော်လင့်သည့် ရေကာတာ ကျိုးပေါက်ပျက်စီးခြင်းများဖြစ်ပေါ်နိုင်ကြောင်းလည်း ဆိုသည်။
"တရုတ်နိုင်ငံတွင် ၁၉၅၄ မှ ၂၀၂၃ အတွင်း ရေကာတာပေါင်း ၃,၆၀၀ ကျိုးကျပျက်စီးခဲ့ပြီး ထိုအထဲတွင် Banqiao ရေကာတာ ကျိုးကျမှုကြောင့် လူပေါင်း ၂၃၀,၀၀၀သေဆုံးခဲ့ပါသည်"ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဥပမာပေးထားသည်။
မြန်မာဘူမိသိပ္ပံပညာရှင်များအဖွဲ့သည် ဘူမိသိပ္ပံပညာရပ်ဆိုင်ရာ အသက်မွေးကြောင်းပညာဖြင့် ကမ္ဘာအရပ်ရပ်တွင် အသက်မွေးဝမ်းကြောင်းပြုနေသည့် ပညာရှင်များဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
မြစ်ဆုံစီမံကိန်းသည် ဧရာဝတီမြစ် မြစ်ဖျားခံရာ မြစ်ဆုံနေရာနှင့် မြစ်လက်တက်များပေါ်တွင် လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၂၀,၀၀၀ နီးပါးထုတ်လုပ်နိုင်မည့် ရေကာတာ (ဆည်) ခုနစ်ခုကို တရုတ်နိုင်ငံက အကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်ကြောင်း ISP Myanmar ၏ China Desk တွင် ဖော်ပြသည်။
မြစ်ဆုံစီမံကိန်းကို စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ပြီး ပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့သည်။
လက်ရှိတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာသိမ်း စစ်ကော်မရှင်က ပြန်ပြီး အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကာ စီမံကိန်းများကို ကန့်ကွက်ပါက အရေးယူမည်ဟုလည်း ခြိမ်းခြောက်ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။ နိုင်ငံအတွက် ဆိုးကျိုးအန္တရာယ်များ ကျရောက်နိုင်သည့် မြစ်ဆုံရေကာတာ စီမံကိန်းသည် လုံးဝ မလုပ်သင့်သည့် စီမံကိန်းဖြစ်ကြောင်း မြန်မာဘူမိသိပ္ပံပညာရှင်များက ယမန်နေ့ (ဇန်နဝါရီ ၁၆)က သဘောထားထုတ်ပြန်သည်။







