စစ်ကော်မရှင်တပ် မီးရှို့၍ တနင်္သာရီတိုင်းတွင် ရာဘာနှင့် ကွမ်းခြံ ဧက ၂၀ ကျော် မီးလောင်ပြာကျ

စစ်ကော်မရှင်တပ် မီးရှို့၍ တနင်္သာရီတိုင်းတွင် ရာဘာနှင့် ကွမ်းခြံ ဧက ၂၀ ကျော် မီးလောင်ပြာကျ

တနင်္သာရီတွင် ရွေးကောက်ပွဲအကြိုနေ့၌ စစ်ကော်မရှင်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ ရာဘာနှင့် ကွမ်းခြံ ဧက ၂၀ ကျော် ပြာကျသွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကော်မရှင်က ကျင်းပသည့် ရွေးကောက်ပွဲ ဒုတိယပိုင်း အကြိုနေ့တွင် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင် စစ်ကြောင်းက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရာဘာခြံ၊ ကွမ်းခြံနှင့် နေအိမ်တစ်ဆောင် အပါအဝင် ပိုင်ဆိုင်မှုများစွာ ဆုံးရှုံးပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မီးရှို့ဖျက်ဆီးခံရမှု အခြေအနေနှင့်ပတ်သက်၍ အသက် ၄၀ ခန့်အရွယ် ဒေသခံရွာသားတစ်ဦးက “ဘန်းလမွတ် ရွာက ရော်ဘာခြံက မီးရှို့ခံရတာ အများဆုံး ပါပဲ၊ နွေရာသီဆိုတော့ ပိုဆိုးတာပေါ့၊ မီးလောင်မြန်တယ်” ဟု ပြောသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက် ၁၁ နာရီခွဲခန့်တွင် ဘန်းလမွတ်ကျေးရွာအုပ်စု အတွင်းသို့ ဘန်းလမွတ်ကျေးရွာ အခြေစိုက် စစ်ကော်မရှင်၏ ခြေလျင်စစ်ကြောင်း နှစ်ကြောင်း ဝင်ရောက်လာပြီးနောက် ကျေးရွာအတွင်းရှိ စိုက်ပျိုးခြံများနှင့် နေအိမ်များကို တမင်သက်သက် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မီးရှို့ဖျက်ဆီးမှုကြောင့် ဘန်းလမွတ်ကျေးရွာ၊ ပနပ်ငယ်ကျေးရွာနှင့် (ဒေသအခေါ်) လယ်ဦးကျေးရွာတို့ရှိ ရာဘာခြံ သုံးခြံ၊ စုစုပေါင်း ဧက ၂၀ ကျော်၊ ကွမ်းခြံ ၅ ဧကခန့်နှင့် သစ်ခွဲသား ၂ တန်ခန့် မီးလောင်ပြာကျခဲ့ရသည်။

ထို့အပြင် ရမ်းဖိုကျေးရွာရှိ တစ်ထပ်တိုက် နေအိမ်တစ်ဆောင်ကိုလည်း စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ ကြောင်း ဒေသခံများက ပြောသည်။

စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ လက်ရှိအချိန်ထိ ကျေးရွာအတွင်း ရှိနေဆဲဖြစ်သဖြင့် ခြံပိုင်ရှင်များနှင့် ရွာသားများ သည် အသက်ဘေးကို စိုးရိမ်ကာ မီးဝင်ရောက်ငြှိမ်းသတ်နိုင်ခြင်း မရှိခဲ့ကြောင်း ဆိုသည်။

စစ်ကော်မရှင်တပ်နှင့် ဝေးရာနေရာများတွင်သာ မီးကူးစက်မှု မရှိစေရန် တားဆီးငြှိမ်းသတ်ခဲ့ရကြောင်း ရွာသားတစ်ဦးက ဆိုသည်။

တနင်္သာရီမြို့နယ်အတွင်း၌ စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးပမ်းနေသည့် ကာလအတွင်း ယခုကဲ့သို့ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသည်။

အလားတူ ဇန်နဝါရီလ ၁၁ ရက်နေ့ ရွေးကောက်ပွဲနေ့တွင်လည်း မော်တုန်း ကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်သဖြင့် အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရရှိခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက် ဖြစ်ပေါ်နေသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်း စစ်ရေးတင်းမာမှုများ ဆက်ရှိနေပြီး စစ်ကော်မရှင်တပ်၏ ရမ်းသန်း ပစ်ခတ်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူများသည် လုပ်ငန်းခွင်အတွင်း မဝင်ရဲကြဘဲ ဘေးလွတ် ရာသို့ တိမ်းရှောင်နေကြရကြောင်း မြေပြင်သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရှိသည်။

July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...
July 17, 2026
ရခိုင်ပြည်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် စစ်ရေးအရ အထိနာနေသည့် စစ်တပ်သည် အရပ်သားပြည်သူများ...
July 16, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် ဓနု...
July 16, 2026
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး...