စစ်ကော်မရှင်၏ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုမည်မဟုတ်သည့်အတွက် စိတ်ဝင်စားခြင်းမရှိဟု လုံခြုံရေးအခြေအနေအရ ကိုယ်တိုင်ဆန္ဒမဲသွားရောက်ပြုသူအချို့က IMNA သို့ ပြောသည်။
မွန်ပြည်နယ်တွင် အပိုင်း (၂) ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးနောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ လွှတ်တော်နေရာ(၃) ရပ်အတွက် ကိုယ်စားလှယ် (၄၅) ဦးကို ယမန်နေ့ ဇန်နဝါရီ (၁၂ ) ရက်နေ့က အတည်ပြုခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် (၂၁) ဦးဖြင့် အများဆုံးရွေးချယ်ခံရပြီး မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် (၁၇) ဦးဖြင့် ရွေးချယ်ခံရကြောင်း သိရသည်။
ဒေသခံပြည်သူများသည် စစ်ကော်မရှင်၏ လွှတ်တော်ကိုယ်စားလှယ်များကို အားပေးထောက်ခံလို၍ ဆန္ဒမဲသွားရောက်ပြုခြင်းမဟုတ်ဘဲ လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် မဲရုံသို့ သွားရောက်ခဲ့ရသဖြင့် ကိုယ်စားလှယ်လောင်းနှင့်ပတ်သတ်၍ စိတ်ဝင်စားခြင်းမရှိကြောင်းလည်း သံဖြူဇရပ်မြို့ခံတစ်ဦးက ဆိုသည်။
"မဲသွားထည့်တဲ့အချိန် တစ်ခုခုဖြစ်မှာလည်း စိတ်ပူရတယ်။ မဲသွားထည့်တာကလည်း ထည့်ချင်လို့မဟုတ်ဘူး။ ကိုယ်က သွားမထည့်ရင်လည်း ဒလံတွေက ကိုယ့်ကို ဓာတ်ပုံရိုက်ပြီး သွားတိုင်မှာလည်းကြောက်ရတယ်။ ပြဿနာရှာမှာကြောက်လို့ မဖြစ်မနေသွား ရတာပေါ့ကွယ်"ဟု ပြောသည်။
စစ်ကော်မရှင်၏ မဲပေးစနစ်များသည် ဆန္ဒမဲသွားရောက်ပြုသူများအတွက် ရှင်းရှင်းလင်းလင်း နားလည်စေခြင်းမရှိသဖြင့် ဖြစ်သလိုသာ ဆန္ဒမဲပြုခဲ့ရကြောင်းလည်း ဆက်ပြောသည်။
ပြည်နယ် ရွေးကောက်ပွဲကော်မရှင်၏ အတည်ပြုချက်အရ စစ်ကော်မရှင်ရွေးကောက်ပွဲအပိုင်း(၁)နှင့်(၂) တွင် မွန်ပြည်နယ်လွှတ်တော်နေရာများအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၂ ဦး၊ ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၂၁ ဦး၊ ပြည်သူ့ပါတီ ၁ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီ ၁ ဦး၊ မွန်ညီညွတ်ရေးပါတီ ၁၇ ဦး၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ ၂ ဦးနှင့် ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ လွှတ်တော်နေရာအတွက် ရွေးချယ်ခံရခြင်းမရှိပေ။
မွန်ပြည်နယ် ရွေးကောက်ပွဲ အပိုင်း (၂) သည် အပိုင်း (၁) ထက် တိုက်ခိုက်ခံရမှု ပိုများပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲအပိုင်း ၂ ကျင်းပသည့်ရက်အပါအဝင် အကြိုရက်များတွင် ရေးနှင့် မုဒုံမြို့နယ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့များနှင့် တော်လှန်းရေးတပ်ဖွဲ့တို့ကြား နှစ်ဖက် ပစ်ခတ်မှု ၄ ကြိမ်ထိဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု ၈ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် ကမာဝက်မြို့၊ သိမ်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်ခုအတွင်း ဒရုန်းဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် အာဘွားအိုတစ်ဦး အသက် ၈၀ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦက သေဆုံးခဲ့ရသည်။
“အာဘွားရဲ့အိမ်က အထက်တန်းကျောင်းနဲ့နီးတယ်၊ အထက်တန်းကျောင်းမှာ ရွေးကောက်ပွဲလုပ်နေတော့ တော်လှန်းရေးတွေက ဒရုံးနဲ့ဗုံးပစ်နေတယ်။ အဲအချိန်က အိမ်မှာအာဘွားတစ်ယောက်ပဲရှိတော့ ထိပြီး ဆုံးသွားတယ်။ မိသားစုဝင်တွေက အပြင်သွားနေတယ်” ဟု ကမာဝက်မြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။
ပေါက်ကွဲမှုနှင့် ပစ်ခတ်မှုများကြား အတင်းအကြပ်ဆောင်ရွက်ခဲ့သည့် စစ်ကော်မရှင်ရွေးကောက်ပွဲ အပိုင်း (၂) တွင်ပါဝင်သော မြို့နယ် (၅) မြို့နယ်အနက် (၃၉.၃၆) ရာခိုင်နှုန်း မဲပေးခဲ့သည်ဟုလည်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
စစ်ကော်မရှင်မှ ၎င်းတို့၏ ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်းခွဲကျင်းပနေခြင်းဖြစ်ပြီး လာမည့် မတ်လတွင် လွှတ်တော် ခေါ်ယူရန်ရှိပြီး အစိုးရအသစ်တာဝန်များကို ဧပြီလအတွင်း ထမ်းဆောင်မည်ဖြစ်ကြောင်းလည်း စစ်ကော်မရှင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ ၁၁ ရက်နေ့က မီဒီယာများတွင် ပြောဆိုတားသည်။
တစ်ဖက်တွင်လည်း ရွေးကောက်ပွဲအလွန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာထူး အပြောင်းအလဲနေရာရှိလာမည်ဖြစ်ပြီး စစ်ခေါင်းဆောင်က သမ္မလောင်းရွေးချယ်စာရင်းတွင် ပါဝင်လာမည်ဖြစ်သဖြင့် စစ်အုပ်စုမှသာ အာဏာဆုပ်ကိုင်သွားမည်ကို စစ်တပ်လော်ဘီချာနယ်များမှ ရေးသားချက်များအရ သိရသည်။







