ကလောတွင် စစ်တပ်ကြိုတင်မဲကြောင့် ရှုံးနိမ့်ဟု ဓနုပါတီ ဥက္ကဋ္ဌဆို

ကလောတွင် စစ်တပ်ကြိုတင်မဲကြောင့် ရှုံးနိမ့်ဟု ဓနုပါတီ ဥက္ကဋ္ဌဆို

သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ခဲ့ရသည်ဟု ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ဥက္ကဋ္ဌ ဦးမင်းလွင်ဦးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ (ဇန်နဝါရီလ ၁၂) ရက်တွင် ရေးသားထားသည်။

ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) က ပြုလုပ်သည့် စစ်ကောင်စီ ရွေးကောက်ပွဲ ကလောမြို့နယ်၊ ပြည်နယ်လွှတ်တော် ဓနုပါတီ (DNDP) ကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်ရာ ဓနုပါတီ (DNDP) ၂၈၁၇၄ မဲ၊ ကြံ့ခိုင်ရေးပါတီ ၂၉၄၇၆ မဲနှင့် PNO ပြည်သူ့စစ်ပါတီ ၂၇၁၈၃ မဲ အသီးသီး ရရှိခဲ့သည်။

“တပ်ကြိုတင်မဲ ၂၀၀၀ ကျော်နဲ့ တပ်မဲရုံ ၁၂ ခု ၃၀၀၀ ကျော်၊ စုစုပေါင်း ၅၀၀၀ ကျော်မှာ ဓနုက ၇၄ မဲပဲရပါတယ်” ဦးမင်းလွင်ဦးက ဆိုသည်။

အောင်ပန်းမြို့ပေါ်ရှိ ရပ်ကွက်ကိုးခု၊ မြင်းမထိကျေးရွာအုပ်စု၊ နောင်ရဲအုပ်စု၊ ကမ္ဘားနီအုပ်စု၊ ဟဲဟိုးမြိုပေါ်ရှိ ရပ်ကွက် ငါးခု၊ ဘော်ဆိုင်းအုပ်စု၊ ကျောက်ထပ်ရွာမဲရုံ၊ ပင်မှီအုပ်စု၊ လယ်ကြားအုပ်စု၊ လွယ်မောအုပ်စု၊ ဟင်းခါးပင်အုပ်စု စာရင်းများအရ ဓနုပါတီက ကြံ့ခိုင်ရေး USDP နှင့် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီကို မဲတစ်သောင်းကျော် ဖြတ်ထားခဲ့သော်လည်း တောင်ရိုးနယ်၊ ပအိုဝ်းနယ်၊ ထနော့နယ်၊ ပလောင်နယ်၊ အောင်ပန်း အချို့ ရပ်ကွက်၊ ကလောမြို့ မဲရုံအားလုံးတွင် မဲရှုံးခဲ့ကြောင်း ရေးသည်။

ကလောမြို့နယ် ပြည်သူ့လွှတ်တော် နေရာတွင်မူ အထက်တန်း အောင်လက်မှတ် အတု ပြုလုပ်မှုဖြင့် ဓနုပါတီ ကိုယ်စားလှယ်လောင်း ဝင်ရောက် ယှဥ်ပြိုင်ခွင့် မရရှိခဲ့ဘဲ PNO နှင့် ကြံ့ခိုင်ရေးပါတီသာ အဓိက ယှဥ်ပြိုင်ရာ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာနန္ဒာလှမြင့် အနိုင်ရရှိထားသည်ဟု မြို့ခံများက ဆိုသည်။

ဓနုပါတီ အနေဖြင့် ပြည်နယ်လွှတ်တော် ၆ နေရာပြိုင်ခဲ့ရာ မဲစုစုပေါင်း တစ်သိန်းကျော်ရရှိထားပြီး PR အချိုးအရ လွှတ်တော်အတွင်း ၂ ဦး ရောက်သွားဖို့ ရှိနေကာ ရွာငံမြို့နယ်တွင် ၃ ဦးစလုံး အနိုင်ရရှိပါက လွှတ်တော် အသီးသီးသို့ ကိုယ်စားလှယ် ၄ ဦး (သို့) ၅ ဦး ရောက်ရှိသွားမည် ဖြစ်ကြောင်း ဖြစ်ကြောင်း ဦးမင်းလွင်ဦးက ရေးသားထားသည်။

ကလောမြို့နယ်တွင် တပ်မ (၅၅)၊ စစ်ဦးစီး တက္ကသိုလ်၊ အောင်ပန်း စစ်ဆေးရုံနှင့် အမြောက်တပ်၊ လေကြောင်းရန် ကာကွယ်ရေးတပ်၊ အင်ဂျင်နီယာတပ် စသည်ဖြင့် စစ်တပ်များစွာ အခြေစိုက်ထားကြောင်း သိရသည်။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...