မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ ပိုမိုပေါ်လွင်ထင်ရှားလာပါတယ်။ ထို့အတူ မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုထိပ်သီးတွေရဲ့ စရိုက်လက္ခဏာတွေဟာလည်း ဟန်မဆောင်နိုင်တော့ဘဲ ကွာကျလာတာကို တွေ့ရပါတယ်။
ပထမဆုံးအချက်က “အခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အရေအတွက် တစ်စုံတစ်ရာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲ၊ မဲပေးလာပေးသူ အရေအတွက်တချို့” ဆိုတဲ့ အချက်အလက်တွေ ရှိနေရုံမျှနဲ့ “စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်” တည်ရှိနေတယ်လို့ သွေးရိုးသားရိုး ဘယ်လိုမှ ခေါ်ဆိုသတ်မှတ်လို့ မရနိုင်ဘူးဆိုတဲ့ အချက်ဟာ ဘယ်အချိန်ကထက်မဆို ပိုမိုထင်ရှားလာပါတယ်။
ဒုတိယအချက်က “အခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အရေအတွက်တစ်စုံတစ်ရာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲရလဒ်” စတဲ့ အကြောင်းအချက် အခြေခံတွေဟာ စစ်အုပ်စု လက်ခုပ် ထဲကအရာတွေသာဖြစ်ပြီး အချိန်မရွေး သွန်လိုသွန် မှောက်လိုမှောက်၊ သောက်လိုသောက် သွန်လိုသွန် လုပ်နိုင်တဲ့ အရာတွေသာဖြစ်တယ် ဆိုတဲ့အချက်ဟာလည်း ဘယ်အချိန်ကထက်မဆို ပိုမိုထင်ရှားလာပါတယ်။
“ရွေးကောက်ပွဲရလာဒ်” ဟာ မင်းအောင်လှိုင်တို့ စစ်အုပ်စုလက်ဝယ်မှာ အဆင်သင့်ရှိနေပြီးသားဖြစ်ပါတယ်။
ရွေးကောက်ပွဲဆိုတဲ့ တစ်ခန်းရပ်ဇာတ်ကလေး ခင်းကျင်းပြီး ထုတ်ဖော်ပြသမှသာ ပြည်တွင်းပြည်ပနဲ့ သူတို့ ချုပ်ကိုင် ထားတဲ့ စစ်တပ်အတွင်းကို လှည့်စားလို့ ရနိုင်လိမ့်မယ်လို့ စစ်အုပ်စု မျှော်လင့်ထားဟန်တူပါတယ်။
လက်ရှိပြည်တွင်း အခြေအနေကလည်း သူတို့ခင်းပြချင်တဲ့ “တစ်ခန်းရပ်ဇာတ်ကလေး”ကို တစ်ရက်ထဲ တစ် ကြိမ်ထဲ ကပြနိုင်တဲ့အခြေအနေ မရှိပါဘူး။ ဒါကြောင့် ၂ပတ်ခြား ၃ကြိမ်ခွဲ ကျင်းပရမှာပါ။ ဒီအချက်က စစ်အုပ်စု ရွေးကောက်ပွဲရဲ့သရုပ်ကို ဖော်ပြနေပါတယ်။
NLD လို SNLD လို ပါတီတွေ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ စိုင်းညွန့်လွင်တို့လို ပြည်သူတွေ လိုလား ယုံကြည်လေးစားအားထားတဲ့ နိုင်ငံရေးပါတီတွေ၊ လူပုဂ္ဂိုလ်တွေ ပါဝင်ယှဉ်ပြိုင်ခြင်းမရှိတာကလည်း ဒီရွေးကောက်ပွဲ ရဲ့သရုပ်သကန်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေပြန်ပါတယ်။
ဒီတော့ မင်းအောင်လှိုင်တို့ စစ်အုပ်စုက မကြာမီရက်ပိုင်း (ဒီဇင်ဘာ ၂၈ နဲ့ ၂၀၂၆ ဇန်နဝါရီ ၁၁ မှာ) ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ဟိုးယခင် ၂၀၂၀ပြည့် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွေမှာ မဲဆန္ဒ ရှင်ပြည်သူတွေရဲ့ အားတက်သရော ပါဝင်မှုဆိုတဲ့ စိတ်အားတက်ကြွမှာ ရှုထောင့်ဘက်က ကြည့်မလား အရေအတွက် ရှုထောင့်အရ ကြည့်မလား စံချိန်တင်လောက်အောင် အကြီးအကျယ် ကွာခြားလိမ့်မယ်ဆိုတာ တွက်ချက် ခန့်မှန်းထား လို့ရနေပြီ ဖြစ်ပါတယ်။
ကြံ့ဖွံပါတီတစ်ကောင်ထဲ ပြေးပြီး အနိုင်ရခဲ့တဲ့ ၂၀၁၀ပြည့် အထွေထွေရွေးကောက်ပွဲထက်ပင် မဲပေးသူ အရေ အတွက် အပုံကြီးနည်းပါးလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါကြောင့်ပဲ သူတို့အပိုင်ချုပ်ကိုင်ထားတဲ့ စစ်သင်တန်း ကျောင်းတွေ၊ ဝန်ထမ်းသင်တန်းကျောင်းတွေကို မင်းအောင်လှိုင် ကိုယ်တိုင်သွားပြီး အမိန့်ပေး မဲထည့်ခိုင်းတာတွေ၊ ခြိမ်းခြောက်မဲထည့်ခိုင်းတာတွေကို အဆက်မပြတ် ပြုလုပ်နေပါတယ်။ ပြည်သူတွေကို မဲပေးအောင် ပုံစံအမျိုးမျိုးနဲ့ ဖိအားပေး ခြိမ်းခြောက် အကျပ်ကိုင်မှုတွေကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်နေပါတယ်။
ဒီလိုလုပ်ရပ်တွေကို စစ်အုပ်စုထိပ်သီး မင်းအောင်လှိုင်ကိုယ်တိုင်က ဒီဇင်ဘာလ ၁ရက်နေ့က ဇီးပင်ကြီး နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း(ဇီးပင်ကြီး)၊ ဗဟို မီးသတ် သင်တန်းကျောင်း (ပြင်ဦးလွင်) နည်းပြအရာရှိများ၊ သင်တန်းသား/သူများနဲ့ တွေ့ဆုံရာမှာ အခုလို ပြောပါတယ်။
– “သင်တန်းသား သင်တန်းသူများအနေဖြင့် ဆန္ဒမဲများပေးရာတွင် တိုင်းပြည်နှင့်ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ တပ်မတော်သည် နိုင်ငံတော်တည်ရှိနေသရွေ့ တည်ရှိနေမည့် အခိုင်အမာဆုံးသော အဖွဲ့အစည်း(Institution)ဖြစ်သဖြင့် တပ်မတော်နှင့် သဟဇတဖြစ်စွာ လက်တွဲဆောင်ရွက်နိုင် သူများကို ရွေးချယ်၍ ဆန္ဒမဲပေးရန်လိုကြောင်း”
ဒီပြောဆိုချက်ဟာ သာမန်ပြောရိုးပြောစဉ် ပြောကြားချက်မျိုး မဟုတ်ပါဘူး။ ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါဖို့အဓိက ဆိုတဲ့အချက်ကို အမှာစကားသဖွယ် မိန့်ခွန်းသဖွယ် ပြောတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စစ်အုပ်စု ထိပ်သီးက အောက်ခြေအဆင့်ဆင့်ကို ဒါလုပ်ကြလို့ တိုက်ရိုက် ညွှန်ကြားတာ အမိန့်ပေးတာ ဖြစ်ပါတယ်။
လိုရင်းအချက်က “ကြံ့ဖွံ့ပါတီ” ကို မဲထည့်ကြလို့ ပြောတာပါ။
မင်းအောင်လှိုင်က ဒီစကား ဒီသဘော ဒီအဓိပ္ပာယ် ဒီညွှန်ကြားချက် ဒီအမိန့်ကို
(၃-၁၂-၂၀၂၅) စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၇) သင်တန်းဆင်းပွဲ
(၆-၁၂-၂၀၂၅) ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိစစ်သည်မိသားစုများ၊ ဗိုလ်လောင်းများနှင့်တွေဆုံပွဲ
(၁၁-၁၂-၂၀၂၅) တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၆) သင်တန်းဆင်းပွဲ
(၁၁-၁၂-၂၀၂၅) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲတွေမှာ ပုံစံအမျိုးမျိုးနဲ့ ထည့်သွင်း ပြော ကြား၊ မှာကြားခဲ့တာဖြစ်ပါတယ်။
အောင်လင်းဒွေးကလည်း မင်းအောင်လှိုင်ရဲ့ ဒီညွှန်ကြားချက်၊ ဒီအမိန့်ကိုပဲ (၇၇)နှစ်မြောက် အပြည်ပြည်ဆိုင် ရာ လူ့အခွင့်အရေးနေ့ (၁၀ – ၁၂- ၂၀၂၅) မှာ ပဲ့တင်ထပ် ပြောကြားခဲ့ပါတယ်။
အောင်လင်းဒွေးရဲ့ပြောကြားချက်က မဲဆန္ဒရှင်ပြည်သူတွေကို “ဆန္ဒမဲပေးခြင်း၊ မပေးခြင်းသည် နိုင်ငံသားတစ် ဦးရဲ့အခွင့်အရေးဖြစ်သကဲ့သို့ ဆန္ဒမဲပေးရန် နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ဖြစ်ကြောင်း” နိုင်ငံသားတာဝန် ကျေပွန် အောင် မဲပေးရမယ် – အမျိုးသားရေးတာဝန် ကျေပွန်အောင်မဲပေးရမယ်ဆိုပြီး မြှောက်သလိုလိုနဲ့ ခြောက်ပြီး လူ့အခွင့် အရေးတာဝန်တစ်ရပ်လိုလို၊ နိုင်ငံသားတာဝန်လိုလို မလိုက်နာရင်အရေးယူခံရနိုင်သလိုလို ပြစ်ဒဏ်ချမှတ်ခံရနိုင်သလို လို (၇၇)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ စင်မြင့်ပေါ်ကနေ လိမ်ညာလှည့်ပတ် ခြိမ်းခြောက်ပြော ဆိုသွားတာ တွေ့ရပါတယ်။
ပိုပြီး ကွက်ကွက်ကွင်းကွင်း သရုပ်ပေါ်သွားတဲ့ အချက်ကတော့ (၁၄-၁၂-၂၀၂၅) ရက်နေ့က ပြုလုပ်တဲ့ အမျိုး သားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲမှာ ကာလုံသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် – ပြန်ကြားရေးဒုတိယဝန်ကြီး ဇော်မင်းထွန်းကနေ NHK ဂျပန် ရုပ်မြင် သံကြားဌာနက ဒေါ်ခင်မိုမိုမြင့်ရဲ့မေးခွန်းကို ဂမူးရှူးထိုးတုန့်ပြန်မှုပါပဲ။ ဇော်မင်းထွန်းရဲ့ တုန့်ပြန်ပြောဆိုမှုတွေထဲက လိုအပ်သလောက်ကိုပဲ မူရင်းအတိုင်း ကောက်နုတ်ဖော်ပြပါရစေ။
– “ရွေးကောက်ပွဲကို အတင်းအကျပ်လုပ်၊ တုတ်နဲ့ရိုက်၍ မဲလာမထည့်မနေရ၊ ရွေးကောက်ပွဲကို မထောက်ခံဘဲ မနေရ ဟူ၍ မလုပ်ထားပါကြောင်း၊ လုပ်စရာလည်း အကြောင်းမရှိပါကြောင်း၊ ရွေးကောက်ပွဲကို ပြည်သူလူထု ဘယ်လောက် ထိ လိုလားတယ်ဆိုသည်ကို သိနိုင်ကြောင်း၊ မလိုလားတဲ့ ပြည်သူလူထုလည်း ရှိနိုင်သည်ကို မိမိအနေဖြင့် မငြင်းလိုပါ ကြောင်း၊ လိုလားတဲ့ ပြည်သူလူထုက ပိုများနိုင်သည်ဟု ပြောကြားလိုပါကြောင်း၊ နိုင်ငံတကာက ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ အရေးမပါကြောင်း” တဲ့။
NHK ဂျပန် ရုပ်မြင်သံကြားဌာနက ဒေါ်ခင်မိုမိုမြင့်ဟာ သတင်းသမားတစ်ယောက်အနေနဲ့ မေးသင့်မေးထိုက် တာကို သူ့လုပ်ငန်းသူတာဝန်အရ မေးလိုက်တာပါ။ ဒါပေမယ့် ဒီမေးခွန်းက ဇော်မင်းထွန်းတို့ စစ်အုပ်စုရဲ့ အနာပေါ် တည့်တည့်ကျသွားပါတယ်။ တကယ်တော့ သွားကြားထိုးတံလောက် တုတ်ကလေးကျတာပါ။ သို့သော်လည်း ဇော်မင်း ထွန်းက အငုံ့စိတ်နဲ့ ဂမူးရှူးထိုးတုန့်ပြန်မှုကတော့ တကယ့်ရှက်ဖွယ်လိလိ ဖြစ်ပါတယ်။
ဇော်မင်းထွန်းရဲ့ အစွန်းရောက်ပြင်းထန်လွန်းတဲ့ အငုံ့စိတ်က တစ်ဖက်က မေးခွန်းမေးသူဟာ “အမျိုးသမီးတစ် ယောက်ပါလား – သတင်းထောက်တစ်ယောက်ပါလား” ဆိုတဲ့ အသိနဲ့သတိတရား မြင်နိုင်စွမ်းကို ကျိုးကန်း ပိတ်ဖုံးသွား ပါတော့တယ်။
သူ့နှုတ်ထွက်စကားလုံးအတိုင်းပါပဲ “ပေမမီ ဒေါက်မမီ၊ ကျပ်မပြည့်တဲ့”သူတွေက မဖြစ်ဖြစ်အောင် ဇွတ်လုပ် နေတဲ့ ရွေးကောက်ပွဲဆိုတာ ပေါ်လွင်သွားပါတော့တယ်။
ဒီလို “ပေမမီ ဒေါက်မမီ၊ ကျပ်မပြည့်တဲ့” သူတွေက မဖြစ်ဖြစ်အောင် ဇွတ်လုပ်နေတဲ့ ရွေးကောက်ပွဲမှာ နိုင်ငံ ရေးပါတီ (၅၇)ပါတီ ဝင်ရောက်ယှဉ်ပြိုင်နေကြတယ်လို့ သိရပါတယ်။ အဲဒီ (၅၇) ပါတီထဲမှာ တိုင်းရင်းသားလူမျိုးစု ပါတီ (၁၈)ပါတီ ပါဝင်နေတာ တွေ့ရပါတယ်။
အဲဒီပါတီတွေကတော့
၁။ ဒီမိုကရေစီသစ်ပါတီ(ကချင်) NKA(K)
၂။ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)
၃။ ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party – AFP)
၄။ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၅။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)
၆။ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)
၇။ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ(INLP)
၈။ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (AKHA NATIONAL DEVELOPMENT PARTY)
၉။ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP)
၁၀။ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ
၁၁။ ကရင်ပြည်သူ့ပါတီ (KPP)
၁၂။ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)
၁၃။ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ
၁၄။ မွန်တိုးတက်ရေးပါတီ
၁၅။ မွန်ညီညွတ်ရေးပါတီ
၁၆။ ချင်းပြည်သစ်ကွန်ဂရက် (New Chinland Congress – NCC)
၁၇။ ရခိုင်တိုင်းရင်းသားများပါတီ (Rakhing Nationalities Party – RNP)
၁၈။ ဇိုမီးအမျိုးသားပါတီ (ZNP)
ကရင်ပါတီ (၃)ပါတီ၊ ရခိုင်ပါတီ (၂)ပါတီ၊ မွန်ပါတီ (၂)ပါတီ ပါဝင်နေတာကိုတွေ့ရပါတယ်။ သူတို့ ဘယ်လို မျှော်လင့်ချက်နဲ့ ပါဝင်နေကြသလဲတော့ သူတို့ပဲ အသိဆုံးဖြစ်မှာပါ။
စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို နည်းမှန်လမ်းမှန်သွားမယ်ဆိုရင် အင်အားစုအများစုက ကျေကျေနပ်နပ် သဘောတူ လက်ခံအတည်ပြုထားတဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေ”တစ်ရပ် မရှိမ ဖြစ် လိုအပ်ပါတယ်။
အခြေခံဥပဒေဆိုင်ရာ အငြင်းပွားပြဿနာတွေကို ကျကျနန ကိုင်တွယ်ဖြေရှင်းနိုင်တဲ့၊ အခွင့်အာဏာ အပြည့် အဝ အပ်နှင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတစ်ခု ရှိရပါမယ်။
နိုင်ငံရေးအင်အားစုတိုင်းက ကျေကျေနပ်နပ် သဘောတူလက်ခံထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ၊ နိုင်ငံရေးပါတီ များဆိုင်ရာကိစ္စများအတွက် အခွင့်အာဏာအပြည့်အဝရှိပြီး သမာသမတ်ကျတဲ့ ရွေးကောက်ပွဲကော်မရှင်တစ်ရပ်နဲ့ နည်းမှန်လမ်းမှန်ဖြစ်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတစ်ရပ်လည်း ရှိရပါမယ်။
ဒါ့အပြင် ပြည်သူအများ လွတ်လပ်ငြိမ်းချမ်း လုံခြုံစွာ မဲဆန္ဒပေးနိုင်တဲ့ နိုင်ငံရေးပါတီတွေအားလုံး တန်းတူစွာ၊ လွတ်လပ်စွာ ယှဉ်ပြိုင် မဲဆွယ်စည်းရုံးနိုင်တဲ့ အခင်းအကျင်းတစ်ရပ်လည်း မရှိမဖြစ် လိုအပ်ပါတယ်။
အခုတော့ ဒီအချက်တွေ လုံးဝကင်းမဲ့နေပါတယ်။ အခြေခံဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ စတဲ့အချက်တွေဟာ စစ်အုပ်စုလက် ခုပ်ထဲမှာ ရောက်ရှိနေပါတယ်။ ဒါတွေအားလုံးရဲ့အပေါ်မှာ မင်းအောင်လှိုင်တို့ စစ်အုပ်စု ရှိနေပါတယ်။
တစ်တိုင်းတစ်ပြည်လုံး မငြိမ်းမချမ်းရှိနေလို့ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားနေလို့ ရွေးကောက်ပွဲကို တစ်ရက်ထဲ တစ်ပြိုင်နက် မကျင်းပနိုင်ဘဲ အပိုင်းပိုင်းခွဲပြီးကျင်းပဖို့ စစ်အုပ်စုအနေနဲ့ အသည်းအသန် လုပ်နေရတယ် မဟုတ်ပါလား။
ဒါ့အပြင် ပြည်သူတွေ လိုလားယုံကြည် လေးစားအားထားတဲ့ သိက္ခာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ လူပုဂ္ဂိုလ်တွေ ပါဝင်ယှဉ်ပြိုင်ခွင့်ကလည်း မရှိဘူး။
စစ်အုပ်စုက သူတို့ မလိုလားတဲ့ ရွေးကောက်ပွဲရလာဒ်ဆိုရင် အချိန်မရွေးဖျက်ပစ်တဲ့ ဗိုလ်ကျတဲ့ အကျင့်စရိုက် လုပ်ရပ်ကလည်း တစ်ကြိမ်မဟုတ်တစ်ခါမဟုတ် ရှိနေတယ်။ အခု ရွေးကောက်ပွဲကျင်းပတယ်ဆိုတာကလည်း ပြည်သူတွေက မဲလာပေးတယ်၊ ပြည်သူတွေက မဲပေးရွေးချယ်တယ်ဆိုတဲ့ ဆင်ခြေလိမ်ပေးနိုင်ဖို့ ပြည်သူတွေကို ဓားစာခံလုပ်ဖို့ သူခိုးသေဖော်ညှိတာဖြစ်တဲ့ ဒီလို ရွေးကောက်ပွဲမျိုးကို အများပြည်သူက ဘယ်လိုနည်းနဲ့ လေးစား ယုံကြည်နိုင်မှာလဲ ဘယ်လိုစိတ်ထားနဲ့ ပါဝင်မဲပေးနိုင်မှာလဲ။
တိုင်းရင်းသားပါတီတွေအနေနဲ့ စစ်မှန်တဲ့တန်းတူရေး၊ စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီစနစ်၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုအတွက် မရှိမဖြစ်လိုအပ်တဲ့ အကြောင်းအချက်အခြေခံတွေကို မျက်ကွယ်ပြုလို့ ဘယ်လိုမှ မဖြစ်ပါဘူး။ လက်ရှိစစ်အုပ်စုရဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာ ဒီအကြောင်းအချက်တွေ မရှိဘူး။
ရှိနေတယ်ဆိုတာတွေက လည်း အပေါ်ယံဟန်ပြသက်သက်ပဲဆိုတာကို သိရှိနားလည်ကြရမှာပါ။
တကယ်တော့ ဇော်မင်းထွန်းရဲ့ အငုံ့စိတ်အခံနဲ့ ပြောထွက်လာတဲ့စကားလိုပါပဲ။ ဒီနေ့ မင်းအောင်လှိုင် စစ်အုပ်စု က ကျင်းပလတ္တံ့သော ရွေးကောက်ပွဲတွေဟာ “ပေမမီ ဒေါက်မမီတဲ့ ကျပ်မပြည့်တဲ့ ရွေးကောက်ပွဲတွေ”သာ ဖြစ်ပါ တယ်။ “ပေမမီ ဒေါက်မမီ၊ ကျပ်မပြည့်တဲ့ ရွေးကောက်ပွဲ”ကနေ ပေါ်ထွက်လာမယ့် လွှတ်တော်တို့၊ အစိုးရတို့ ဆိုတာ ဟာလည်း “ပေမမီ ဒေါက်မမီ၊ ကျပ်မပြည့်တဲ့ လွှတ်တော်နဲ့ အစိုးရတွေ”ပဲ ဖြစ်မှာပါ။
ဆန္ဒမဲပေးခြင်း/ မပေးခြင်းဟာ မဲဆန္ဒရှင်ပြည်သူများရဲ့ ကိုယ်ပိုင်အခွင့်အရေးသာ ဖြစ်ပါတယ်။ ဘယ်သူကမှ ခြိမ်းခြောက်အကျပ်ကိုင်ပြီး မဲထည့်ခိုင်းလို့ မရပါဘူး။
ဒီတော့ “ပေမမီ ဒေါက်မမီ၊ ကျပ်မပြည့်တဲ့ ရွေးကောက်ပွဲနဲ့ ကင်းအောင်ရှင်းအောင်နေကြပါ”လို့ လူမျိုးပေါင်းစုံ ပြည်သူများကို လေးစားစွာ မေတ္တာရပ်ခံလိုက်ပါတယ်။







