ရခိုင်မှ လယ်သမားများ ယခုနှစ်တွင်လည်း စပါးဈေး ဈေးကောင်းမရမည်ကို စိုးရိမ်နေ

ရခိုင်မှ လယ်သမားများ ယခုနှစ်တွင်လည်း စပါးဈေး ဈေးကောင်းမရမည်ကို စိုးရိမ်နေ

ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း ဈေးကောင်းမရဖြစ်မည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။

ရခိုင်တွင် ယခုနှစ် စပါးရိတ်သိမ်းရာသီအစပိုင်းဖြစ်သည့်နိုဝင်ဘာလက နို့ဆီဗူး ၆၅ ဗူးဆံ့ ပေါ်ဆန်းမွှေး (ကောက်လတ်)တောင်းတစ်ရာကို ကျပ်ခုနှစ်သိန်းခန့်ပေါက်ဈေးရှိခဲ့ပြီး လက်ရှိတွင် ကျပ်ရှစ်သိန်းခန့်သာ ဈေးရရှိနေသည်ဟု လယ်သမားများက ပြောကြသည်။

ခေတ်ကာလအနေအထားအရ လယ်ယာထွန်ယက်စိုက်ပျိုးခဲ့ချိန်က လယ်ယာလုပ်သားခ၊ ထွန်ယက်ခ၊ စိုက်ပျိုးခ၊ ဓာတ်မြေသြဇာခ စသည့် သွင်းအားစုများကို ဈေးနှုန်းအဆမတန်ဖြင့် သုံးစွဲခဲ့ရသော်လည်း လက်ရှိတွင် ပေါ်ဆန်းမွှေး(ကောက်လတ်)တောင်းတစ်ရာကို ကျပ်ရှစ်သိန်းခန့်သာဈေးရရှိရုံဖြင့် လယ်သမားများအတွက် အဆင်မပြေကြောင်း ကျောက်တော်မြို့နယ်မှ လယ်သမားဦးမောင်သိန်းမြက နိရဉ္စရာကို ပြောသည်။

“လော‌လောဆယ်မှာ ပေါ်ဆန်းမွှေး(ကောက်လတ်) တောင်းတစ်ရာကို ကျပ်ရှစ်သိန်းရရုံနဲ့ တောင်သူတွေက အခက်အခဲဖြစ်နေမှာပဲ။ ပေါ်ဆန်းမွှေး(ကောက်လတ်) တောင်းတစ်ရာကို ကျပ်ဆယ်သိန်းနဲ့ ပေါ်ဆန်းမွှေး (ကောက်ကြီး) တောင်းတစ်ရာကို ကျပ် ဆယ့်နှစ်သိန်းလောက် ပေါက်ဈေးရ‌ရင် တောင်သူတွေအတွက် အဆင်ပြေမယ်” ဟု ပြောသည်။

ကျောက်တော်မြို့နယ်တွင် ပေါ်ဆန်းမွှေး(ကောက်လတ်/ကောက်ကြီး)၊ ဧည့်မထ၊ ငစိန်နှင့် အိန္ဒိယချေစသည့် စပါးအမျိုးအစားကို အများဆုံး စိုက်ပျိုးကြသည်ဟု သိရသည်။

သို့သော် ပြီးခဲ့သည့်စပါးစိုက်ရာသီတွင် သွင်းအားစုဈေးနှုန်းများကြီးမားနေခြင်းနှင့် လယ်သမားများတွင် အရှုံးပေါ်နေခဲ့ကြခြင်းတို့ကြောင့် ပေါ်ဆန်းမွှေး(ကောက်လတ်)နှင့် ပေါ်ဆန်းမွှေး(ကောက်ကြီး)တို့ကိုသာ များသောအားဖြင့် စိုက်ပျိုးနိုင်ခဲ့ကြသည်ဟု သိရသည်။

ပေါ်ဆန်းမွှေး(ကောက်လတ်) တောင်းတစ်ရာကို ယခုလက်ရှိ ရနေသည့် ဈေးထက် ဈေးကောင်းရလာမည်ကိုသာ လိုလားပြီး ယခုဈေးထက် ထပ်ကျလာမည်ဆိုလျှင် လယ်သမားများအတွက် ပိုမိုအရှုံးပေါ်သွားနိုင်သည်ဟုလည်း ဦးမောင်သိန်းမြက ဆက်ပြောသည်။

“စပါးတောင်းတစ်ရာကို ကျပ်ရှစ်သိန်းမရရင်တော့ အရှုံးလက္ခဏာပြနေပြီ” ဟု ဆိုသည်။

ရခိုင်မှ လယ်သမားများတွင် လယ်ယာလုပ်ကိုင်ရာ၌ သွင်းအားစုများအတွက် အရင်းအနှီးများခဲ့သော်လည်း စပါးပေါ်ချိန်တွင် ဈေးကောင်းမရသလို ဈေးကွက်လည်း မရှိဖြစ်နေ၍ နှစ်စဉ်အရှုံးပေါ်နေသည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်က ပေါ်ဆန်းမွှေး(ကောက်လတ်)တောင်းတစ်ရာကို ကျပ်ခြောက်သိန်းခွဲခန့်၊ ဧည့်မထနှင့် ငစိန်တောင်းတစ်ရာကို ကျပ်ငါးသိန်းခန့်နှင့် အိန္ဒိယချေ တောင်းတစ်ရာကို ကျပ်လေးသိန်းခန့်သာ ပေါက်ဈေးရှိခဲ့သည့်အတွက် လယ်သမားများတွင် အရှုံးပေါ်ခဲ့သည်ဟု သိရသည်။

အချို့လယ်သမားများတွင် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ ဈေးကောင်းရမည့်အချိန်ကို စောင့်ဆိုင်းခဲ့ကြသော်လည်း ဝယ်လက်မရှိ၍ ပြီးခဲ့သည့်နှစ်က စပါးများ ယခုနှစ်အထိ ကျန်ရှိနေသေးသည်ဟုလည်း လယ်သမားများက ပြောသည်။

ပြီးခဲ့သည့်နှစ်က ကျန်ရှိခဲ့သည့် ပေါ်ဆန်းမွှေး(ကောက်လတ်)တောင်းတစ်ရာကို လက်ရှိတွင် ကျပ်ခုနစ်သိန်းသာ ရရှိနေသည်ဟု ဆိုသည်။

သို့သော် ယခုနှစ် စပါးအသစ်များကို သိုလှောင်ရန်နေရာလိုသည့်အတွက် ယခင်နှစ်က ကျန်ရှိခဲ့သည့်စပါးအဟောင်းများကို ရသည့်ဈေးဖြင့် ထုတ်ရောင်းလိုက်ရသည်ဟုလည်း အသက် ၆၇ နှစ်ရှိပြီဖြစ်သော လယ်သမား ဦးစိန်ဝင်းမောင်က နိရဉ္စရာကို ပြောသည်။

“ပြီးခဲ့တဲ့နှစ်က ပေါ်ဆန်းမွှေးစပါးဟောင်းကို ရတဲ့ဈေးနဲ့ရောင်းလိုက်ရတယ်”ဟု ပြောသည်။

ဦးစိန်ဝင်းမောင်တွင် ယခင်က လယ်ဧကအများအပြားလုပ်ကိုင်နိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် စပါးဈေး ဈေးကောင်းမရသလို ဈေးကွက်လည်းမရှိဖြစ်လာ၍ စားဝတ်နေရေးအကျပ်အတည်းများကြောင့် လယ်ယာဧကအချို့ကိုရောင်းချခဲ့ရသည်ဟု ဆိုသည်။

လက်ရှိတွင် လယ်နှစ်ဧကခန့်ကိုသာ လုပ်ကိုင်နိုင်တော့လည်း ပြောသည်။

ယခု စပါးရိတ်သိမ်းချိန်တွင်လည်း ရိတ်သိမ်းခဈေးကြီးလွန်း၍ မတတ်နိုင်သည့်လယ်သမားများသည် လက်ဖြင့်ရိတ်သိမ်းနေကြမှုများလည်း ရှိလာနေသည်။

ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကော်မရှင်က လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ ဖြတ်တောက်ထားခြင်းကြောင့် လယ်ယာလုပ်ငန်းခွင်များအတွက်လိုအပ်သည့် စက်သုံးဆီအပါအဝင် သွင်းအားစုများသည်လည်း ဈေးနှုန်းအဆမတန်မြင့်တက်သွားခဲ့ရသည်။

သို့သော် လယ်သမားများသည် စစ်ရေးကာလအတွင်း လယ်ယာလုပ်ငန်းများကို အခက်အခဲအမျိုးမျိုးကြားမှ ကြိုးစားလုပ်ကိုင်ကြသော်လည်း စပါးဈေးကောင်းမရရှိသည့်အတွက် နှစ်စဉ်အရှုံးပေါ်နေပြီး မိသားစု စားဝတ်နေရေးများလည်း ခက်ခဲနေကြသည်ဟု သိရသည်။

ရခိုင်ပြည်တွင် စပါးစိုက်ဧကပေါင်း ၁၂ သိန်းခွဲကျော်ရှိခဲ့သော်လည်း မြို့သိမ်းတိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ရာနှုန်းပြည့်မစိုက်ပျိုးနိုင်ကြဟု သိရသည်။

ပြီးခဲ့သည့် စပါးစိုက်ရာသီအတွင်း လယ်ဧက ငါးသိန်းခန့်သာ စိုက်ပျိုးနိုင်ခဲ့သည်ဟု ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ဦးအောင်ကျော်မြက နိရဉ္စရာကိုပြောဆိုထားသည်။

Most read this week

December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...
December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...