မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့် လူငယ်များ ပြည်ပထွက်ခွာရန် အလုအယက် ကြိုးစားနေကြကြောင်း သိရသည်။
သျှမ်းပြည် တောင်ကြီးမြို့ရှိ လဝကရုံးတွင် Online Appointment (QR) စနစ်ဖြင့် ပုံမှန်အတိုင်း ပတ်စပို့ လုပ်မည်ဆိုလျှင် ကျပ် ၁ သိန်းသာ ကုန်ကျသော်လည်း လတ်တလော နိုင်ငံကူးလက်မှတ် အမြန်ပြုလုပ်လိုသူ များလာသည်နှင့်အမျှ တစ်ပတ် အတွင်းရလိုလျှင် ပွဲစားများအား ဝန်ဆောင်ခအဖြစ် ပတ်စပို့တစ်အုပ်လျှင် ကျပ် ၅ သိန်းအထိ ပေးရကြောင်း ပတ်စ်ပို့သွားလုပ်နေသူများထံမှ သိရသည်။
သို့သော် တစ်ရက်လျှင် လူဦးရေ ၁၇၀ အထိသာ ပြုလုပ်ပေးသဖြင့် နယ်ဝေးမှလာပြီး ကိုယ်တိုင်သွားလုပ်ရသည့် ဒေသခံအချို့အတွက် အခက်အခဲကြုံတွေ့နေရကြောင်း ပတ်စပို့သွားလုပ်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မနက် ၄ နာရီကတည်းက ထပြီးသွားစောင့်ရတာ။ တချို့ဆိုရင် မနက် ၂ နာရီကတည်းက စောင့်ကြတာ။ ကျမတို့ဆို ရွာကနေတက်လာတော့ ပိုဆိုးတယ်။ ဟိုတယ်ခနဲ့ ဘာနဲ့ဆို ကိုယ်တိုင်လုပ်တာ ၅ သိန်းလောက်ကုန်တယ်” ဟု ၎င်းက ပြောသည်။
ထိုဈေးနှုန်းသည် ပုံမှန်လုပ်ငန်းစဉ်အတိုင်း QR ကုဒ် တင်မရာမလိုဘဲ စာအုပ် အမြန်ရစေရန် သက်ဆိုင်ရာ ဝန်ထမ်းနှင့် ပွဲစားများပူးပေါင်း၍ လုပ်ဆောင်ပေးသည့် ပွဲစားဈေးနှုန်းနှင့် တူညီကြောင်း ၎င်းက ပြောသည်။
“ပွဲစားနဲ့လုပ်လည်း ဈေးတူတူဆို ပွဲစားနဲ့ပဲလုပ်ရင် ပိုမြန်တယ်။ ကိုယ်တိုင်လုပ်တာတောင် သုံးရက်ဆက်တိုက် သွားတန်းစီထားရတာ။ သက်ကြီးတွေဆို အအေးမိပြီး ဖျားတဲ့သူ ရှိသေးတယ်” ဟု အဆိုပါအမျိုးသမီးတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံရှိ လူငယ်များသည် စစ်ရေးပဋိက္ခ၊ စီးပွားရေ ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့် နိုင်ငံအတွင်းမှ ထွက်ခွာလိုကြပြီး လူငယ် ၁၀ ယောက်မှာ ၄ ယောက်သည် မြန်မာနိုင်ငံမှ ထွက်ခွာလိုကြကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UPDP) ၏ သြဂုတ် ၁၂ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။
“ဒီနိုင်ငံမှာက နေရစားရ မလွယ်ဘူးလေ။ လုံခြုံမှုလည်း မရှိတော့ ပြည်ပမှာ အလုပ်သွားလုပ်ချင်လို့ ပတ်စပို့လာလုပ်ရတာ။ လက်ဗွေနှိပ်တဲ့ နေရာမှာဆို ဝန်ထမ်းတွေက အော်ငေါက်ကျသေးတော့ သူတို့ကို ပြန်ကြောက်နေရတယ်”ဟု ပတ်စပို့သွားလုပ်နေသည့် အမျိုးသားတစ်ဦးကလည်း ထပ်လောင်းပြောသည်။
ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UPDP) မှ ဖော်ပြသော အစီရင်ခံစာများအရ မြန်မာနိုင်ငံ လူငယ်အများစုသည် အသွားချင်ဆုံး နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်သော်လည်း လက်တွေ့မှာတော့ ထိုင်းနိုင်ငံကိုသာ သွားရောက်မှု အများဆုံးဖြစ်နေပြီး လူငယ် ၄၇ ရာခိုင်နှုန်းမှာ ခရီးသွားစာရွက်စာတမ်းများ မရှိသဖြင့် လုံခြုံရေး အာမခံချက်မရှိသောလမ်းကြောင်းများမှတစ်ဆင့် သွားလာနေကြကြောင်း ဖော်ပြထားသည်။







