စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့ ရေလမ်းအသုံးပြု ပို့ဆောင်နေသည်ဟု အခြေအနေကို ကြုံတွေ့ဖူးသူ မြို့ခံတစ်ဦးက ပြောသည်။
လက်ရှိပွင့်လင်းရာသီချိန် ထားဝယ်၌ ပွဲလမ်းသဘင်များပြုလုပ်နေပြီး တဘက်တွင် စစ်တပ်က ပွဲမှအပြန်လူငယ် တစ်ချို့ကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ရှိနေသည်ဟု ကြုံတွေ့ခဲ့ရသည့် မိသားစုဝင်နှင့် နီးစပ်သူ မြို့ခံတစ်ဦးက ယခု လိုပြောသည်။
“အခုရက်ပိုင်း မြို့ထဲပွဲတွေ ရှိတယ်။ ညဘက်မှာ။ အဲ့ဒီကအပြန်မှာ ပေါ်တာဖမ်းခံရတာ ပိုများတယ်။ ပြန် ထုတ်လို့ မရဘူး။ အသိထဲက လူတော်တော်များများ ပါတယ်။ တချို့တွေကျတော့ အိမ်အထိကို လိပ်စာအတိအကျနဲ့ လာတယ်။ ပြီးရင် ခနလိုက်ခဲ့ရမယ်ဆိုပြီး နောက်တနေ့ကျ မြိတ်ကနေတစ်ဆင့် ပလောက်ဘက်က စစ်သား စုဆောင်းရေးစခန်းကို ပို့ခံလိုက်ရတာတွေ ဒီရက်ပိုင်းထဲမှာ ကိုယ်တိုင်လည်း မြင်နေရတယ်။ ကြားနေရတယ်။” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ယခုလို စစ်မှုထမ်း တပ်သားသစ် စုဆောင်းခံရသူများကို တနင်္သာရီတိုင်း ပလောက်မြို့ အမှတ် (၁၂) တပ်မတော် တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းသို့ ပို့ဆောင်ပြီး စစ်မှုထမ်း တပ်သားသစ် အပတ်စဉ် (၂၀) သင်တန်းသို့ တက်ရောက်ခိုင်းသည်ဟု အခြေအနေကို သိထားသူ အခြားတစ်ဦးက ပြောသည်။
ထားဝယ်မှ ပလောက်သို့ သင်တန်းသား ပို့ဆောင်ချိန်တွင်လည်း အဓိက ကားလမ်းဖြစ်သည့် အမှတ် (၈) လမ်းပိုင်းကို တော်လှန်ရေးတပ်များ ထိန်းချုပ်ထား၍ အသုံးမပြုဘဲ ရေလမ်းကြောင်းမှတစ်ဆင့် ပို့ဆောင်နေသည်ဟု ၎င်းက ပြောသည်။
“ကုန်းလမ်းကြောင်းကပို့ရင် ဒီထားဝယ်အမှတ်(၈)လမ်းပိုင်းကိုဖြတ်ရမယ်။ သူတို့အထိနာမှာ စိုးတဲ့အတွက်၊ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ဖို့ သိပ့်အဆင်မပြေတဲ့ ရေလမ်းကြောင်းကို အဓိကထားပြီး ပို့ဆောင် နေပါတယ်။ ပြည်သူတွေအနေနဲ့လည်း သတိထားကြဖို့ စစ်ရေးအသိသတိ ရှိကြဖို့ တိုက်တွန်းလိုပါတယ်”ဟု တော်လှန်ရေးတပ်နှင့် နီးစပ်သူက ပြောဆိုသည်။
တနင်္သာရီ တိုင်းအတွင်း တိုက်ပွဲများ၌ စစ်တပ်က ယခုနောက်ပိုင်း စစ်မှုထမ်းတပ်သားသစ်များကို ပိုအသုံးပြု လာသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။
ထို့အပြင် စစ်တပ်က ပြည်သူ့စစ်မှုထမ်း သင်တန်းကာလကို တိုးမြှင့်လေ့ကျင့်ပေးနေပြီး စစ်သင်တန်းကျောင်း များကိုလည်း တိုးချဲ့ရန် ပြင်ဆင်နေကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)က ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
လက်ရှိ ပြည်သူ့ စစ်မှုထမ်း ဥပဒေအရ သင်တန်းအပတ်စဉ် (၂၀) ကို ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
photo credit - social media







