လာမည့်နှစ်တွင် လူ ၁၂ သန်းကျော် ဆာလောင်မွတ်သိပ်မှုဒဏ်ခံရမည်ဟု WFP ပြော

လာမည့်နှစ်တွင် လူ ၁၂ သန်းကျော် ဆာလောင်မွတ်သိပ်မှုဒဏ်ခံရမည်ဟု WFP ပြော

လာမည့် ၂၀၂၆ ခုနှစ်တွင် မြန်မာပြည်သူ ၁၂ သန်းကျော်သည် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ပြင်းထန်စွာ ခံစားရနိုင် သည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ကြီး (WFP) က သတိပေး ထုတ်ပြန်လိုက်သည်။

နိုင်ငံအနှံ့ ပဋိပက္ခများ ပြင်းထန်လာခြင်း၊ စစ်တပ်၏ ပိတ်ဆို့ဖြတ်တောက်မှုများကြောင့်နှင့် နေရပ်စွန့်ခွာရသူ (IDPs) အရေအတွက်မှာလည်း ၄ သန်းနီးပါးအထိ မြင့်တက်လာနိုင်ခြင်းတို့ကြောင့်မြန်မာနိုင်ငံ၏ လူသားချင်းစာနာ ထောက်ထားမှု အခြေအနေသည် စိုးရိမ်ဖွယ်အဆင့်သို့ ရောက်ရှိလာနေပြီး မြန်မာ့ဝမ်းရေး အကျပ် အတည်းမှာ အလွန်အမင်း ဆိုးရွားလာနေကြောင်း WFP က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

WFP ၏ ထုတ်ပြန်ချက်အရ လက်ရှိတွင် ကလေးငယ်များနှင့် မိခင်ပေါင်း လေးသိန်းကျော်သည် အာဟာရချို့တဲ့ မှုကို ပြင်းပြင်းထန်ထန် ခံစားနေရသည်။

၎င်းတို့သည် နေ့စဉ်စားသောက်ရေးအတွက် အာဟာရ နည်းပါးလှသည့် ထမင်းဖြူသက်သက် သို့မဟုတ် ဆန်ပြုတ်ကျဲကျဲကိုသာ အားပြုမှီဝဲနေကြရသည့် အခြေအနေကို ရင်ဆိုင်နေရသည်ဟု WFP က ဆိုသည်။

စစ်ကိုင်းတိုင်းဒေသမှ စစ်ဘေးရှောင် မိခင်တစ်ဦးက “ကျမတို့တောထဲမှာ ပုန်းနေရတော့ ဘယ်သူမှ လာမကူနိုင် ဘူး။ ကလေးတွေအတွက် နို့မှုန့်ဆို ဝေးရောပဲ။ အိမ်က ပါလာတဲ့ ဆန်လေးနဲ့ ဆန်ပြုတ်ကျဲကျဲပဲ ပြုတ်တိုက်နေ ရတာ။ ကလေးတွေ ပိန်သွားတာ တွေ့ရတော့ မိခင်တစ်ယောက် အနေနဲ့ ရင်ထဲမှာ အရမ်းနာကျင်ရတယ်” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ပြီးခဲ့သည့် သုံးလကျော်က စစ်ကော်မရှင်တပ်များ စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် မြို့ဝင်/ထွက် လမ်းမကြီးများကို ပိတ်ဆို့ထားမှုကြောင့် တောတောင်အတွင်း ထွက်ပြေး တိမ်းရှောင်နေကြရသည့် ဒေသခံ ထောင်နှင့်ချီသည်လည်း စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည် ဟု စစ်ဘေးရှောင်များအား အကူအညီပေးနေသူများနှင့် ဒေသခံများက ပြောသည်။

သုံးလကျော်ကြာ လမ်းကြောင်းပိတ်ဆို့ ခံထားရခြင်းကြောင့် အစားအသောက် အကူအညီများ ရရှိရန် ခက်ခဲနေ ပြီး စစ်ရှောင်ပြည်သူ အများစုသည် ဆန်ပြုတ်ကျဲကျဲကိုသာ ကျိုချက်အားပြု စားသောက်နေရသည်ဟု အကူအညီပေးရေးအဖွဲ့များက ထောက်ပြသည်။

ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ ပြောရေးဆိုခွင့်ရှိသူက “အရေးပေါ်က ဆန်နဲ့ရိက္ခာနဲ့၊ ဒီအရေးပေါ် လူသုံးကုန်ပစ္စည်းတွေလည်း လိုတယ်။ လက်ရှိ ရာသီဥတုပြောင်း ကာလကြောင့်မို့လို့ ဒီဖျားနာတာတွေရော ဖြစ်နေကြတော့ ဒီအရေးပေါ် ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေ လိုအပ်ပါတယ်။ လိုတာ ပြောရရင်တော့ အကုန်ပဲဗျာ” ဟု ပြောသည်။

WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ မိုက်ကယ်ဒန်ဖို့ဒ် (Mr. Michael Dunford) က မြန်မာနိုင်ငံ၏ အခြေအနေသည် ကမ္ဘာပေါ်၌ အဆိုးရွားဆုံးသော အကျပ်အတည်းများထဲမှ တစ်ခုဖြစ်နေသော် လည်း နိုင်ငံတကာ၏ အာရုံစိုက်မှု နည်းပါးနေကြောင်း ထောက်ပြထားသည်။

“မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ဆာလောင်မွတ်သိပ်မှု အကျပ်အတည်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ နိုင်ငံတကာရဲ့ အာရုံစိုက်မှုဟာ အခြားနေရာတွေလောက် မရရှိသေးဘူး ဆိုတာကို ကျနော်တို့ ထောက်ပြလိုပါတယ်” ဟု မစ္စတာ ဒန်ဖို့ဒ်က ပြောသည်။

ထို့အပြင် စစ်ကော်မရှင်တပ်၏ ပိတ်ဆို့မှုသည် အလှူရှင်များ၏ ကူညီထောက်ပံ့မှုများကို စစ်ရှောင်များထံ အရောက်ပို့ဆောင်ရန် အခက်အခဲ ဖြစ်စေသည်ဟု ကရင်နီပြည်မှ စစ်ဘေးရှောင်တစ်ဦး၏က ပြောသည်။

“အခုလို တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ လမ်းတွေကလည်း ပိတ်ထားတော့ အပြင်က အကူအညီတွေ လာဖို့ အရမ်းခက်တယ်။ လာရင်တောင်မှ စစ်သားတွေရဲ့ စစ်ဆေးတာ၊ ပိတ်ပင်တာတွေ အများကြီး ခံရတယ်။ ဒါကြောင့် အလှူရှင်တွေ ဘယ်လောက်ပဲ ကူညီချင်ချင်၊ ဒီပစ္စည်းတွေက ကျနော်တို့ စစ်ရှောင်တွေဆီကို အရောက်လာဖို့ မလွယ်ဘူး။ ဒါကြောင့် စားနပ်ရိက္ခာက တဖြည်းဖြည်း ပြတ်လပ်လာတယ်။”

ကုလသမဂ္ဂ အဖွဲ့အစည်းများ အနေဖြင့် ရန်ပုံငွေ အလွန်အမင်း နည်းပါးနေမှုနှင့် ရင်ဆိုင်နေရသောကြောင့် ၂၀၂၆ ခုနှစ်တွင် အကူအညီ လိုအပ်နေသူ ၁၂ သန်းကျော်ထဲမှ ၁.၃ သန်းကိုသာ အကူအညီပေးရန် ရည်မှန်းထားပြီး ယင်း အတွက်ပင် အမေရိကန်ဒေါ်လာ ၁၂၅ သန်း အရေးတကြီး လိုအပ်နေသည် ဟု WFP က နိုင်ငံတကာကို တောင်းဆိုထားသည်။

Most read this week

December 16, 2025
စစ်ကော်မရှင်က ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိဘဲ စစ်အာဏာ...
December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...