လွိုင်ကော်မြို့တွင် ကြိုတင်မဲကောက်ယူနေပြီး မဲမထည့်လျှင် လုံခြုံရေးအာမ,မခံကြောင်း ခြိမ်းခြောက်

လွိုင်ကော်မြို့တွင် ကြိုတင်မဲကောက်ယူနေပြီး မဲမထည့်လျှင် လုံခြုံရေးအာမ,မခံကြောင်း ခြိမ်းခြောက်

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ ကောက်ယူနေပြီး မဲစာရင်းပါသည့်အတိုင်း မဲမထည့်သူများကို လုံခြုံရေး အာမ,မခံကြောင်း ခြိမ်းခြောက်မှုများပါ ရှိနေသည်ဟု စုံစမ်းသိရသည်။

လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ပြုလုပ်မည့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းတွင် လွိုင်ကော်မြို့ ပါဝင်ပြီး မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံများထံမှ အိမ်ထောင်စုစာရင်း ကောက်ယူ၍ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ထားကြောင်း သိရသည်။

ထိုသို့ ပြုစုထားသည့် မဲစာရင်းများအရ စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ကြိုတင်မဲကောက်ယူခြင်း၊ ကြေညာထားသည့် မဲစာရင်းအတိုင်း မဲမထည့်သူများကို လုံခြုံရေးအရ အာမ,မခံကြောင်း ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေကြောင်း လွိုင်ကော်မြို့ခံများက ပြောဆိုသည်။

“မဲစာရင်းပါတဲ့သူကို နံပါတ်အလိုက် ရပ်ကွက်လူကြီးက လိုက်ပြောထားတယ်။ ဥပမာ နံပါတ် ၁၅ ကျရင် အဲဒီနေ့ အဲနံပါတ်အလှည့်မှာ မဲလာမထည့်ရင် ရပ်ကွက်ထဲက ဘယ်သူဆိုတာ သူတို့ သိတယ်ပေါ့လေ။ မထည့်ရင်တော့ လုံခြုံရေး အာမ,မခံဘူး ဘာညာနဲ့ ပြောနေတာ။ မထည့်ချင်လည်း သွားထည့်ရမလိုလိုပဲ” ဟု လွိုင်ကော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလလယ်တွင် လွိုင်ကော်မြို့အတွင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး ဆင်းပြီး ဟောပြောပွဲတက်ရောက်သူများကို ဆန်တစ်ပြည်၊ ဆီတစ်ဗူးနှင့် ဆပ်ပြာမှုန့် ပေး၍ လိုက်လံစည်းရုံးခဲ့ကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာသောကြောင့် စစ်ကော်မရှင်တပ်သားများက လွိုင်ကော်မြို့ အဝင်အထွက် ဂိတ်များကို ထပ်တိုးချထားပြီး အစစ်အဆေး တင်းကြပ်ကာ မြို့ပြင်ဘက်သို့ လက်နက်ကြီးဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ဟိုနားသွားလည်း လက်နက်တွေနဲ့ စစ်သားတွေ၊ ဒီနားသွားလည်း သူတို့ကို တွေ့တယ်။ ဘယ်မှ လွတ်လွတ်လပ်လပ် မသွားရဲဘူး။ လက်နက်ကြီးသံလည်း ဒီဇင်ဘာလ အစကနေ တစ်နေ့ကို လေးငါးလုံး ပစ်နေတာ၊ မြို့ပြင်ကို လှမ်းလှမ်းပစ်နေတာ။ အဲလို အသံကြားရင်ကို အရမ်းတွေ ကြောက်နေရတာ တိုက်ပွဲများ ဖြစ်မလားနဲ့ ပြေးရမလားနဲ့” ဟု လွိုင်ကော်မြို့ထဲ နေရပ်ပြန်လာသူ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပမည်ဖြစ်သော်လည်း နိုင်ငံရေးအခြေအနေ ပိုမိုကောင်းမွန်လာရန် မမျှော်လင့်ကြောင်း၊ ပြည်သူများမှာ အာဏာရှင်လက်အောက်တွင် ပို၍ ဖိနှိပ်ခံရကာ နေထိုင်သွားရလိမ့်မည်ဟု အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

လွိုင်ကော်မြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ပထမပတ်မှ စပြီး လွိုင်ကော်တက္ကသိုလ်၊ လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်တို့ကို စတင်ဖွင့်လှစ် သင်ကြားနေပြီး ကျောင်းတက်ရောက်မည့် အဆိုပါ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများသည်လည်း ကြိုတင်မဲ မထည့်လျှင် ကျောင်းတက်ခွင့်မရကြောင်း ကျောင်းသား/သူများထံမှ သိရသည်။

လာမည့် ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ကျောင်းသား ၂၈၀၀၀ ကျော် ကြိုတင်မဲပေးခဲ့ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

Most read this week

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...