အာဏာသိမ်းမှုအတွင်း မွန်ပြည်နယ်မှာ စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးရတဲ့ မြို့နယ်တွေ မရှိခဲ့ပေမယ့် အခုကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာတော့ နယ်မြေကွက်ပြီး ရွေးကောက်ပွဲကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
ဒီနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းပိုင်းအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာ မွန်ပြည်နယ်က မြို့နယ် ၇ ခုမှာ အပြည့်အဝ မကျင်းပနိုင်ကြောင်း စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၆ ရက်နေ့မှာ ဝန်ခံလာတာပါ။
စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ဝါဒဖြန့် သတင်းစာတွေရဲ့ ဖော်ပြချက်အရ မွန်ပြည်နယ်က ကျိုက်ထို ၊ ကျိုက်မရော၊ သထုံ၊ ဘီးလင်း၊ ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်မှာရှိတဲ့ ကျေးရွာအုပ်စု ၁၄၀ မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ဆိုပါတယ်။
အကြောင်းပြချက်ကတော့ ကျေးရွာအုပ်စု ၁၄၀ မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိလို့ ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်မှာ မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (စ) အရ ထုတ်ပြန်ကြေညာတာပါ။
ဒါကြောင့် မြို့နယ် ၁၀ ခုရှိတဲ့ မွန်ပြည်နယ်မှာ ရွေးကောက်ပွဲကို မော်လမြိုင်၊ ချောင်းဆုံနဲ့ မုဒုံမြို့နယ်တွေမှာသာ အပြည့်အဝကျင်းပနိုင်မယ့် သဘောဖြစ်ပြီး ကျန်မြို့နယ်တွေမှာတော့ မြို့ပေါ်နဲ့ ကျေးရွာအုပ်စုတွေကို ကွက်ပြီး ကျင်းပမယ့် အခြေအနေ ဖြစ်ပါတယ်။
ကျေးရွာအုပ်စုပေါင်း ၄၆၈ အုပ်စုရှိတဲ့ မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင်က ကျေးရွာအုပ်စု ၁၄၀ မှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ဝန်ခံထားတာကြောင့် ရာခိုင်နှုန်းအနေနဲ့ ၂၉ ဒသမ ၉ ရာခိုင်နှုန်းကျော် ရွေးကောက်ပွဲ မကျင်းပနိုင်တာပါ။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနက ဌာနမှူး နိုင်တလနိုင်က မွန်ပြည်နယ်က တချို့ သော မြို့နယ်တွေသာမက တစ်နိုင်ငံလုံးက နေရာဒေသ အများအပြားကို စစ်ကော်မရှင်က မထိန်းချုပ်နိုင်တော့လို့ အခုလို ဖြစ်လာတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်အုပ်စုက မွန်ပြည်နယ်ရဲ့ တချို့သော မြို့နယ်တွေကို မထိန်းချုပ်နိုင်တာ မဟုတ်ပါဘူး။တစ်နိုင်ငံလုံးက နေရာဒေသတော်တော်များများကို စစ်အုပ်စုက မထိန်းချုပ်နိုင်တော့တဲ့ အခြေအနေ ဖြစ်နေတာပါ။ ဒါကိုမှ သူက ရွေးကောက်ပွဲကို အတင်းအဓမ္မ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ပုံစံနဲ့ ကြိုးစားလို့သာ ဒီအခြေအနေတွေ ဖြစ်လာတာ ဖြစ်တယ်။ တစ်နိုင်ငံလုံးအခြေအနေကို ကျွန်တော်တို့ ခြုံကြည့်ရင်လည်း တော်လှန်ရေးတပ်ဖွဲ့တွေ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေက ပိုပြီးတော့ ကျယ်ပြန့်နေတာ ကျွန်တော်တို့ တွေ့ရတယ်”လို့ ဆိုပါတယ်။
ရွေးကောက်ပွဲတွေ ကျင်းပခြင်းမပြုမယ့် နယ်မြေတွေစာရင်းကို ကြည့်ရင် ကျိုက်ထိုမြို့နယ်မှာ ၂၇ ရွာ၊ သထုံမြို့နယ်မှာ ၁၇ ရွာနဲ့ ကျိုက်မရောမြို့နယ်မှာ ၃၁ ရွာအထိ အများဆုံးဖြစ်ပြီး အပိုင်း ၁ မှာတင် ကျေးရွာအုပ်စု ၇၅ ခုအထိ ပါဝင်နေတာပါ။
အပိုင်း ၂ မှာလည်း ဘီးလင်းမြို့နယ်မှာ ၂၈ ရွာ၊ သံဖြူဇရပ်မြို့နယ်မှာ ၁၀ ရွာ၊ ရေးမြို့နယ်မှာ ၂၃ ရွာနဲ့ ပေါင်မြို့နယ်မှာတော့ အနည်းဆုံး ၄ ရွာ စုစုပေါင်း ကျေးရွာအုပ်စု ၆၅ ခုအထိ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေစာရင်းထဲ ထည့်သွင်းထားတာ တွေ့ရပါတယ်။
အဲဒီဒေသတွေမှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲတွေ ဖော်ဆောင်ကြတာရှိသလို တချို့ ကျေးရွာတွေမှာ နယ်မြေစိုးမိုးထားနိုင်တဲ့အတွက် စစ်ကော်မရှင်အနေနဲ့ မြို့ပေါ်တွေလောက်သာ အပြည့်အဝ ထိန်းချုပ်ထားနိုင်တာပါ။
“တော်လှန်ရေးအင်အားစုတွေ လွှမ်းမိုးထားတာလည်း တကြောင်းပေါ့။ နောက်ပြီးတော့ အဓိက ပြည်သူလူထုက လက်မခံတာပေါ့။ ပြည်သူလူထုကိုယ်တိုင်ကိုက လက်မခံလို့ ဖြစ်တာ”လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ သထုံခရိုင် တာဝန်ခံ ကိုအေးမင်းထွန်းက မှတ်ချက်ပြုပါတယ်။
ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ စစ်ကော်မရှင်က အာဏာသိမ်းမှုကို တရားဝင်ဖြစ်ဖို့ ပြည်သူလူထုရဲ့ ရွေးကောက်ခံအစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ရေး အပိုင်းသုံးပိုင်းနဲ့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်ထားတာပါ။
ဒါကြောင့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အပိုင်း ၁ အဖြစ် ၁၀၂ မြို့နယ်နဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ အပိုင်း ၂ အဖြစ် မြို့နယ် ၁၀၀ မှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။
ဒါပေမယ့် အပိုင်း ၁ ရွေးကောက်ပွဲကျင်းပဖို့ သုံးပတ်သာ ကျန်ရှိတော့တဲ့အချိန်မှာ အဲဒီ ၂၀၂ မြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၂,၉၃၁ ခုမှာ ရွေးကောက်ပွဲ မကျင်းပမယ့် နယ်မြေတွေအဖြစ် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းနဲ့ စစ်ကော်မရှင်ရဲ့ ဗဟိုအာဏာစက်တည်ရှိတဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ အပြည့်အဝ ကျင်းပမှာဖြစ်ပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ ရပ်ကွက်ကျေးရွာပေါင်း ၃၀၀၀ နီးပါးမှာ မကျင်းပနိုင်ဘူးလို့ ဝန်ခံလာတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က ရွေးကောက်ပွဲကျင်းပတဲ့အခါ စစ်တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းလောက်ကိုပဲ လုံခြုံရေး လုပ်နိုင်ပြီး ကျန်တဲ့နေရာတွေမှာ စစ်ကော်မရှင်ဘက်က နယ်မြေစိုးမိုးရေး မရှိတာလို့ သုံးသပ်ပါတယ်။
“သူတို့ Non CDM ဝန်ထမ်းတွေအပါအဝင် စစ်တပ်ကို မတဲ့ စစ်တပ်လော်ဘီတွေနဲ့ စစ်တပ် ထောက်ခံတဲ့ အသိုင်းအဝိုင်း ကွက်ကွက်လေးလောက်ကိုပဲ လုံခြုံရေး လုပ်နိုင်တယ်။ကျန်တဲ့နေရာတွေမှာ သူတို့ နယ်မြေစိုးမိုးရေးလည်း မရှိဘူး။ လုံခြုံရေးလည်း မလုပ်နိုင်ဘူးဆိုတဲ့ဟာ တဖြည်းဖြည်းချင်းနဲ့ သူတို့က ဝန်ခံလာရတဲ့ သဘောမျိုးပေါ့။ ဒီဟာက တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရွေးကောက်ပွဲက ဆက်ပြီး (မကျင်းပနိုင်တဲ့ နယ်မြေစာရင်းတွေ) သူတို့ ဝန်ခံရဦးမှာပဲ”လို့ ဆိုပါတယ်။
စစ်ကော်မရှင် ထိန်းချုပ်ထားပြီး နှစ်ဘက် စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်က မြို့တော် စစ်တွေအပါအဝင် ကျောက်ဖြူမြို့နယ်က ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၇၁ ခုအထိ ရွေးကောက်ပွဲတွေ မကျင်းပနိုင်တဲ့ စာရင်းထဲ ထည့်သွင်းထားတာပါ။
ဒါ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ နောင်ချိုနဲ့ လားရှိုးမှာလည်း မြို့နယ်တစ်ခုလုံးစာ ရွေးကောက်ပွဲမကျင်းပနိုင်ပါဘူး။နောင်ချိုမြို့နယ်က ကျေးရွာအုပ်စု ၁၄ ခု နဲ့ လားရှိုးက ကျေးရွာအုပ်စု ၆၄ ခုအထိ ရွေးကောက်ပွဲ မကျင်းပမယ့် နယ်မြေစာရင်းထဲ ထည့်သွင်းထားတာ တွေ့ရပါတယ်။
တစ်ဘက်မှာ တော်လှန်ရေးအင်အားစုတွေ အများအပြား ထိန်းချုပ်ထားပြီး နှစ်ဘက်စစ်ရေးတင်းမာနေတဲ့ စစ်ကော်မရှင် အပြည့်အဝ မထိန်းချုပ်နိုင်တဲ့ ၅၆ မြို့နယ်မှာတော့ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခြေအနေမရှိဘူးလို့ အရင်ကတည်းက ဝန်ခံထားထာပါ။
လေ့လာသူတွေကတော့ စစ်ကော်မရှင်အနေနဲ့ နိုင်ငံရဲ့ ဧရိယာ အတော်များများမှာ နယ်မြေစိုးမိုးမှုမရှိဘူးဆိုတာ ပြသရာရောက်နေတဲ့အတွက် ရွေးကောက်ပွဲလုံးဝ မကျင်းပနိုင်တဲ့ မြို့နယ်တွေနဲ့ ရပ်ကွက်/ကျေးရွာအုပ်စုတွေ ထပ်တိုးလာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
photo credit - CJ







