မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ ထားတတ်ကြပါတယ်။
ဖျော်ဖြေရေး မီဒီယာတွေက မသန်စွမ်းသူတွေကို သနားစရာအဖြစ်သော်လည်းကောင်း၊ ရယ်စရာအဖြစ် သော်လည်းကောင်း ပုံဖော်တတ်ကြပါတယ်။
ဒါပေမဲ့ ဒီလိုလွှမ်းမိုးနေတဲ့ အယူအဆတွေကို ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ချေဖျက်ပစ်လိုက်တဲ့ အမျိုးသမီးတစ်ဦး ရှိပါတယ်။ သူကတော့ ကိုယ်ပိုင် Hand-made Fashion Accessories လုပ်ငန်းနဲ့ ကိုယ့်ဘဝကို ကိုယ်တိုင် ပုံဖော်နေတဲ့ အသက် ၄၅ နှစ်အရွယ် မလဖိုင်ဆိုင်းအောန် ပါ။
သူမဟာ ဘယ်ဘက်ခြေထောက် မသန်စွမ်းသူတစ်ယောက်ဖြစ်ပြီး ရန်ကုန်မှာ စက်ချုပ်လုပ်ငန်းကို လုပ်တဲ့အပြင် စွန့်ပစ်ပစ္စည်းလျှော့ချတဲ့အနေနဲ့ ဖျော်ရည်နဲ့ ဘီယာဘူး ကိုင်းတံတွေ၊ သုံးပြီးသား ပိတ်စတွေ အသုံးပြုပြီး ကချင်ရိုးရာ အငွေ့အသက်ပါတဲ့ လက်ပတ်၊ လက်ကိုင်အိတ်နှင့် Handmade fashion accessories တွေကိုလည်း ထုတ်လုပ်ရောင်းချနေပါတယ်။
မဆိုင်းအောန်ဟာ မွေးကတည်းကနေ မသန်စွမ်းဖြစ်နေသူတော့ မဟုတ်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ သူ့အသက် ၂ နှစ်အရွယ်လောက်မှာ အပြင်းဖျားတာမျိုး ဖြစ်လာတဲ့အတွက် မိဘတွေလည်း စိုးရိမ်ပြီး ကသာမြို့က ဆေးခန်းတစ်ခုမှာ ဆေးထိုးပေးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ဆက်တွဲအနေနဲ့ကတော့ ဆေးထိုးပြီးနောက်တစ်ရက်မှာဘဲ သူ့ရဲ့ ဘယ်ဖက်ခြေထောက် တစ်ဖက်ဟာ ချို့ယွင်းသွားခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနေ့က အကြောင်းကို သူမမှတ်မိသလောက် ပြန်ပြောပြတာကတော့ “မနက်ခင်း နေလန်းတာမျိုး ရှိတယ် တစ်မနက်တော့ အဖေက ကျွန်မကို ချီပြီး မြေကြီးပေါ်ချလိုက်တဲ့အချိန်မှာ ပုံမှန်လို မတ်တပ်မရပ်ဘဲနဲ့ မြေကြီးပေါ် ခွေခွေကျသွားတာ” လို့ ပြောပြပါတယ်။
စွန့်ပစ်ပစ္စည်းများနဲ့ ဖန်တီးထားတဲ့ လက်မှုဖက်ရှင်များ ဒီအဖြစ်ဆိုးနဲ့ကြုံလိုက်ရချိန် သူ့မအဖေရဲ့ စိုးရိမ်ဝမ်းနည်းတဲ့ စိတ်နဲ့ ပြောထွက်လာတဲ့ စကားတစ်ခွန်းကတော့” ငါ့သမီးလေး ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲ စိတ်ကောက်နေတာလား”ဆိုတဲ့ စကားတစ်ခွန်းနဲ့ အတူ အကြိမ်ကြိမ် မြေကြီးပေါ် ဆွဲထူပြီးပြန်ရပ်ခိုင်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဘယ်လိုမှ မတက်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီအချိန်က အဖြစ်အပျက်တွေကို အားလုံးတော့ သတိမရပေမယ့်လည်း သူမအဖေ ဝမ်းနည်းနေခဲ့တာကိုတော့ မြင်တွေ့ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
သူမခြေထောက်ချို့ယွင်းသွားတာဟာ ၁၉၈၂ခုနှစ်ကာလ အပိုင်းအခြားဖြစ်ပြီး သူတို့နေထိုင်တဲ့ ကသာမြို့ဟာလည်း မဖွံ့ဖြိုးသေးတဲ့ ရွာလေးသာသာအဆင့်သာ ရှိနေသေးတဲ့အတွက် ကျန်းမာရေးဝန်ဆောင်မှု မပြည့်စုံသေးတဲ့ အချိန်ကာလဖြစ်နေခဲ့တာက မဆိုင်းအောန်ကို ဒုက္ခရောက်စေခဲ့ပါတယ်။
အဲဒီနောက်ပိုင်း သူ့မမိဘတွေ အကြိမ်ကြိမ် ကြိုးစားပြီး တောင်ပေါ်ဆေးတွေလည်း ကုသပေးခဲ့ပေမယ့်လည်း ဘာမှ အရာမထင်လာတဲ့အတွက် နောက်ဆုံးတော့ သူမရဲ့ မသန်စွမ်းမှုကို လက်ခံလိုက်ရတာ ဖြစ်ပါတယ်။
မိသားစုဝင်ကတော့ ကသာမြို့မှာဘဲ နေထိုင်ကြတာ ဖြစ်ပြီး မိဘ၂ ဦးကတော့ သာမန်လယ်သမားတွေသာ ဖြစ်ကြတယ်လို့ သိရပါတယ်။ မိဘနှစ်ဦး အပါအဝင် မိသားစုဝင်တွေ ကတော့ ၆ဦးရှိတာဖြစ်ပြီး အစ်ကို ၂ယောက် အစ်မတစ်ယောက်နဲ့ မဆိုင်းအာန်ကတော့ အထွေးဆုံးသမီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလိုနဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ ကြုံတွေ့နေရတဲ့ သူမအတွက် အသက် ၅ နှစ်ဆိုတဲ့ အချိန်တစ်ခု ရောက်လာတဲ့အချိန်မှာတော့ သူမအတွက် ကံကြမ္မဆိုးကြီးတစ်ခုရောက်လာပြန်ပါတယ်။
အဲတာကတော့ သူမမိဘနှစ်ပါးရဲ့ ကွာရှင်း ပြတ်ဆဲမှုပါဘဲ။ ကိုယ်တိုင်ရွေးချယ်ခဲ့ခြင်းမဟုတ်တဲ့ မသန်စွမ်းမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲ ဖြစ်နေချိန် ချစ်ရတဲ့ မိဘနှစ်ပါးက ကွာရှင်းပြတ်ဆဲပြီး မိသားစု ပြိုကွဲသွားတယ်ဆိုတာက မသန်စွမ်း ကလေးမတစ်ဦးအတွက်ကတော့ အနာပေါ်တုတ်ကျသလို ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
မိသားစုပြိုကွဲသွားပြီးနောက် မဆိုင်းအောန်တို့ မောင်နှမဟာ မန္တလေးမြို့က အဒေါ်တော်စပ်သူ အမေ့ညီမ မိသားစုနဲ့ နေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။
မဆိုင်းအောန်တို့ရဲ့ အဒေါ်တို့ မိသားစုဟာ ဝန်ထမ်းမိသားစုတွေ ဖြစ်တဲ့အတွက် တာဝန်အရနေရာ ပြောင်းရွှေ့ရတာတွေ ရှိခဲ့ပြီး မဆိုင်းအောန်တို့ ကိုယ်တိုင်လည်း ကျောင်းတွေလည်း ပြောင်းတက်ခဲ့တာမျိုး ရှိခဲ့တာဘဲ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း သူမဟာ ခြေထောက်မသန်စွမ်းသူ ဖြစ်တဲ့အတွက် သူမအစ်ကိုတို့ အစ်မတို့ကနေပြီးတော့ အလှည့်ကျ ကုန်းပိုးတာ စက်ဘီးနဲ့ ခေါ်သွားတာတွေ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အချိန်ကာလကြာလာတာနဲ့ အမျှ ပဉ္စမတန်း ရောက်လာတဲ့အခါမှာတော့ လူကောင်လည်းကြီးလာပြီး ကုန်းပိုးဖို့ ခက်ခဲလာတဲ့ အချိန်ကို ရောက်လာတာဘဲ ဖြစ်ပါတယ်။
ဒီလိုနဲ့ သူမဟာ စာသင်ပြီး ပညာတတ် ဖြစ်ချင်ပေမယ့်လည်း သူကြောင့် အချိန်တွေဖဲ့ပြီး ခက်ခက်ခဲခဲ ကူညီ ကျောင်းပို့ပေးနေရတဲ့ အစ်ကိုတွေ အစ်မတွေအပေါ် အားနာစိတ် ဖြစ်လာတဲ့အတွက် ကျောင်းထွက်ခဲ့တယ်လို့ ခုလိုပြောပါတယ်။
“ကိုယ့်အစ်ကိုအစ်မတွေအတွက် ကိုယ်က ဝန်ထုပ်ဝန်ပိုးလိုမျိုး ကိုယ့်ရဲ့စိတ်ထဲမှာ ခံစားမိလာရတယ်။ ကိုယ်က ပညာလိုချင်ပေမယ့် အစ်ကို အစ်မတွေအတွက် နှောင့်နှေးလာတယ်လို့ ခံစားလာရတယ်”လို့ သူက ပြောပါတယ်။
အားနာစိတ်ကြောင့် မဆိုင်းအောန် ကျောင်းထွက်ခဲ့ရပေမယ့်လည်း ဘဝကို လက်မလျှော့ခဲ့ပါဘူး။ အိမ်မှာနေရင်း တစ်ချောင်းထိုး၊ နှစ်ချောင်းထိုး ဇာပန်းထိုး လက်မှုပညာတွေကို စတင်သင်ယူခဲ့ပါတယ်။
ဒါ့အပြင် သူ့အတွက် ကံကောင်းတာတစ်ခုကတော့ အိမ်နဲ့ ဘယ်လောက်ထိ ဝေးဝေး လက်မှုပညာသင်ပေးတဲ့ သင်တန်းရှိရင် အဲဒီနေရာကို စက်ဘီးနဲ့ အကြိုအပို့လုပ်ပေးမယ့် အစ်မရှိသလို သူ့ကို ချစ်ပေး ဂရုစိုက်ပေးတဲ့ အဒေါ်တစ်ယောက်လည်း ရှိနေပါတယ်။
သူမရဲ့ စိတ်ထဲမှာ အမြဲတွေးမိနေတာကလလူဆိုတာ လောကဧည့်သည် ဖြစ်သည့်အလျောက် ဘယ်သူက ဘယ်သူ့ကို အရင်စွန့်ခွာသွားမလဲဆိုတာကို မသိနိုင်တဲ့ လောကနိယာမတရားကို နားလည်နေခဲ့ပါတယ်။
ဒါကြောင့် သူမကို ဂရုစိုက် ကူညီပေးနေတဲ့သူတွေက နောင်တစ်ချိန် သူမထက်အရင် စွန့်ခွာသွားပါက သူမအနေနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး ရှာဖွေစားသောက်ရမှာ ဖြစ်သလို ကိုယ်ကိုယ်တိုင်လည်း အလုပ်တစ်ခုကို တစ်စိုက်မတ်မတ်လုပ်ပြီး ရှင်သန်ရပ်တည်လိုတဲ့စိတ် ရှိနေတာဘဲ ဖြစ်ပါတယ်။
သူမအနေနဲ့ ခုလိုအရာတွေကို စဉ်းစားမိလို့ သူမအဒေါ်တို့ရဲ့ လောင်းရိပ်အောက်ကနေ ထွက်သွားချင်ပေမယ့် သူမအဒေါ် ဖြစ်သူက စည်းကမ်းကြီးပြီး အပြင်ကိုလည်း သိပ်မထွက်ခိုင်းသလို သူမ သိပ်ချစ်ရတဲ့ မသန်စွမ်း တူမလေးကို အပြင်လောက ရောက်သွားပါက အကူအညီမဲ့ပြီး ဒုက္ခရောက်နေမှာကို စိုးရိမ်နေရှာပါတယ်။
သူ့ကို ဂရုစိုက်တဲ့ မိသားစုဝင်တွေ (အထူးသဖြင့် အဒေါ်) ရဲ့ အကူအညီကို အမြဲယူနေရတဲ့ ဘဝကို မဆိုင်းအောန် မလိုလားခဲ့ပါဘူး။
“ငါဒီလောင်းရိပ်အိမ်ကနေ အပြင်ကမ္ဘာကို ထွက်လို့ရတော့မယ်။ တစ်နေ့ တစ်နေ့ နေ့စဉ်တကွ အိမ်ထဲမှာပဲ နေရတာကနေ ဖောက်ထွက်ချင်တာ၊ သူတို့ကတော့ အမိုးမိုးထားပေးတာ မှန်တယ်။ ကျွန်မတို့အတွက်ကတော့ အမိုးက အရမ်းလုံလွန်းတော့ မွန်းကြပ်တာပေါ့” ၂၀၀၂ ခုနှစ်မှာ မန္တလေး HITO Center မှာ စက်ချုပ်၊ လက်ပန်းထိုး ပညာရပ်တွေကို သင်ယူခဲ့ပါတယ်။
နောင်သုံးနှစ်အကြာ မိတ်ဆွေတွေကတဆင့် ရန်ကုန်မြို့က AAR Japan မသန်စွမ်းသင်တန်းကျောင်းမှာ စက်ချုပ်ပညာကို သင်ယူခွင့်ရခဲ့ပါတယ်။ အိမ်နဲ့ဝေးပြီး ရန်ကုန်ကို တယောက်တည်းသွားနေဖို့ရာ အဒေါ်က စိုးရိမ်ခဲ့ပေမယ့် သူ့ရဲ့ခေါင်းမာမှု အဆုံးမှာတော့ အဒေါ်ကခွင့်ပြုလိုက်ပါတော့တယ်။
သင်တန်းပြီးတဲ့အခါ မန္တလေးအိမ်ကိုချက်ချင်း ပြန်ပြီး သင်တန်းက သင်ကြားပေးခဲ့တဲ့ စက်ချုပ်ပညာတွေကို လေ့ကျင့်ခဲ့ပါတယ်။
၂၀၀၇ မှာတော့ ရန်ကုန်ပြန်လာပြီး AAR Japan မသန်စွမ်းသင်တန်းကျောင်း အကူအညီနဲ့ သူငယ်ချင်းတွေနဲ့ စမ်းချောင်းမှာ “Princess” ဆိုတဲ့ နာမည်နဲ့ ခြောက်လလောက် စက်ချုပ် ဆိုင်ဖွင့်ခဲ့ပါတယ်။ အဲဒီတုံးက စက်ချုပ်၊ စျေးသွား၊ ချက်ပြုတ်တာတွေအပြင် ဆိုင်အတွက်ကြော်ငြာစာရွက်ဝေတာမျိုးတွေပါ လုပ်ခဲ့တာတွေက သူ့ကို ပိုလို့ရင့်ကျက်လာစေခဲ့တယ်လို့ ဆိုပါတယ်။
ခြောက်လကြာ ဆိုင်ဖွင့်ပြီးတဲ့ နောက်မှာတော့ မန္တလေးမြို့ကို ပြန် ပြန်သွားခဲ့တယ်လို့ သိရပါတယ်။ ဒီလိုနဲ့ အိမ်မှာ နေရင်းနဲ့ သူရဲ့ စက်ချုပ်ပညာကို လေ့ကျင့်ရင်း အိမ်နီးနားချင်းတွေရဲ့ အဝတ်အထည်တွေကို တစ်ပိုင်တစ်နိုင် ချုပ်ပေး နေခဲ့တယ်လို့ သိရပါတယ်။
တစ်နှစ်ခန့်အကြာမှာတော့ လက်မှုပစ္စည်း၊ လက်ကိုင်အိတ်နှင့် Handmade fashion accessories တွေကို ပုလဲ၊ ကျောက်စိမ်း၊ ပယင်း၊ ကချင်ရိုးရာ အဆင်အပြင်တွေနဲ့ လှလှပပ ဖန်တီးလာနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ အိမ်မှာ မိသားစုတွေနဲ့ အတူနေရတာထက် တစ်ယောက်တည်း ရုန်းကန်စွန့်စားရတာကို ပိုသဘောတွေ့တဲ့ မဆိုင်းအာန်ဟာ ၂၀၁၀ ခုနှစ်မှာတော့ ရန်ကုန်မြို့ကို ပြန်လည် အခြေချခဲ့ပါတယ်။ အစ်မတွေအကူအညီနဲ့ စက်ချုပ်စက်တွေဝယ်ပြီး လုပ်ငန်းထောင်ပါတယ်။ ပထမဦးဆုံး အိမ်နီးချင်းတွေကို လိုက်ကြေညာရင်းနဲ့ အသိမိတ်ဆွေတဆင့်ပြီးတဆင့်တိုးကာ ခိုင်မာတဲ့ ဖောက်သည်တွေရခဲ့တယ်လို့ ဆိုပါတယ်။
ပထမဆုံးဖောက်သည်ကို ဝတ်စုံ ချုပ်ပေးရတဲ့ အခိုက်မှာ အရမ်းကို စိတ်လှုပ်ရှားခဲ့တယ်လို့ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ခြေထောက်မသန်စွမ်းသူ ဖြစ်တဲ့အတွက် ချိုင်းထောက်နှစ်ခုကို သုံးပြီး မတ်တပ်ရပ်ရင်းနဲ့ ကိုယ်တိုင်းပေးတဲ့အခါ တစ်ခုခု လွဲချော်သွားမှာကို စိုးရိမ်နေခဲ့တာမို့ပါတဲ့။
“ကိုယ့်အတွက်က အသစ်အဆန်းတွေ ဖြစ်တဲ့ အချိန်မှာ ကိုယ်တိုင်းတွေ တိုင်းတဲ့အချိန် အဆင်ပြေပါ့မလား ချုပ်တဲ့အချိန် အဆင်ပြေပါစေဆိုပြီး စိန်ခေါ်မှုတွေ စိတ်ပင်ပန်းမှုတွေတော့ ရှိခဲ့တယ်”
Hand-made ပစ္စည်းတွေ လုပ်တဲ့ အခါတွေလည်း အဝတ်အထည်ချုပ်တဲ့ အချိန် ကျန်ခဲ့တဲ့ ပိတ်စတွေကို အလေအလွင့် မဖြစ်အောင် ပြန်အသုံးပြုပြီး အိတ်လုပ်လိုက်တာ မျိုးတွေ၊ စွန့်ပစ် ပစ္စည်း လျှော့ချတဲ့ ရည်ရွယ်ချက်နဲ့ အချိုရည်ဘူး ကိုင်းတံ၊ ဘီယာဘူး ကိုင်းတံ၊ ကချင်ငွေမောင်း စတဲ့ ပစ္စည်းတွေကို တစ်ချောင်းထိုး လက်မှုပညာနဲ့ ပေါင်းစပ်ပြီး လက်ပတ်၊ နားကပ်၊ လည်ဆွဲ တို့ကို ပြုလုပ်တာဖြစ်ပါတယ်။
ဒါ့အပြင် ကချင်ရိုးရာပုံစံမျိုး အငွေ့အသက်ကို ရအောင်လုပ်တာဟာ ကချင်ရိုးရာပစ္စည်းတွေဆိုတဲ့ ပုံစံမျိုးနဲ့ အလွယ်တကူ လက်ဆောင်ပေးလို့ရအောင် ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။
သူ့ရဲ့ လက်မှုလုပ်ငန်းဟာ အခုဆို ၁၅ နှစ် ရှိနေပါပြီ။ ပုံမှန်အားဖြင့်တော့ တစ်လကို အထည်လာအပ်တဲ့ ဖောက်သည်ခြောက်ဦးက အနည်းဆုံးရှိနေပြီး အိတ်၊ နားကပ်၊ နားဆွဲ၊ လက်ပတ်တွေကိုတော့ လာမှာတဲ့အပေါ် မူတည်ပြီး ဒါဇင်နဲ့ချီလုပ်ပေးရတယ်လို့ သိရပါတယ်။
ဒါကြောင့် မသန်စွမ်းဆိုပြီး ဒုက္ခရောက်နေလို့ လာကူညီလိုက်တာထက်စာရင် မသန်စွမ်းတစ်ယောက်အနေနဲ့ ကိုယ့်ဟာကို အကူအညီမလိုဘဲ ရပ်တည်လာနိုင်အောင် ကူညီပေးတာမျိုးကိုတော့ ပိုပြီးတော့မှ လိုလားတယ်လို့ ပြောပါတယ်။
မဆိုင်းအောန်ဟာ လက်ရှိလုပ်နေတဲ့ အလုပ်တွေကို အိမ်ကနေဘဲ လုပ်ရတာ မှန်ပေမယ့်လည်း သူနေထိုင်တဲ့ နေရာဟာ စမ်းချောင်းရပ်ကွက် ငါးထပ်အမြင့်ရှိတဲ့ တိုက်ခန်းမှာဖြစ်နေတာဘဲ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်နဲ့ ပက်သက်တဲ့ စက်ချုပ်ပစ္စည်းတွေနဲ့ ချက်ပြုတ်မယ့် အစားအစာတွေ သွားဝယ်တဲ့အခါ ငါးထပ်တိုက်ကနေ အဆင်း ၅ မိနစ်အတက် ၁၀ မိနစ် ကြာအောင် ပင်ပင်ပန်းပန်း အတက်အဆင်း လုပ်နေရတာ ဖြစ်ပါတယ်။
“သူများပေးတဲ့ အခွင့်အရေးကို မလိုချင်ဘူး။ ဒီအရာတစ်ခုကို လိုချင်လိုရှိရင် ကိုယ့်အခွင့်အရေးကို ကိုယ်ဘဲ ရအောင်ယူမယ်လေနော။ အဲလိုမျိုးဘဲ ကျွန်မစိတ်ထဲမှာ ရှိတယ်”
သို့ပေမယ့်လည်း ရန်ကုန်မြို့ဟာ မဆိုင်းအောန်အတွက် သွားလာရ မလွယ်ကူလှပါဘူး။ လျှောက်လမ်းတွေမှာ လက်ကိုင်ဖို့ လက်အားပြုဖို့ လက်ရမ်းမရှိတာ၊ တိုက်တွေမှာ ဝှီးချဲ လျှောလမ်းတွေ မရှိတာ၊ ဘတ်စ်ကားစီးတဲ့အခါ အဆင်မပြေတာတွေဖြစ်ပါတယ်။
သို့သော် သူမကတော့ “မသန်စွမ်းပေမဲ့လည်း သန်စွမ်းတဲ့သူတွေ လုပ်ဆောင်တဲ့အရာတွေ အရာကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်းတော့ ရှိပါတယ်“ လို့ ဂုဏ်ယူပြောပါတယ်။
“မသန်လည်းလူ သန်လည်းလူပါ။ မသန်စွမ်းတဲ့ သူတွေမှာလည်း ခံစားချက်ရှိတယ်။ သူတို့တွေဆီမှာလည်း သူတို့အိမ်မက်တွေ ရှိတယ်ကွာ ။ ဒီလိုဘဲ ကိုယ်တွေရှင်သန်တဲ့ အချိန်မှာ မတူညီမှုလေးတွေနဲ့ ကောင်းတဲ့အရာလေးတွေနဲ့ လောကကြီးကို အလှဆင်ချင်ပါတယ်”လို့ ဆိုပါတယ်။







