ရန်ကုန်ကနေ ကျောက်ဖြူမှတစ်ဆင့်ရခိုင်သို့ လေကြောင်းဖြင့်ပြန်သူများ ကျောက်ဖြူရောက်လျှင် မြို့ပြင်သို့ ထွက်ခွင့်မရသလို ခိုးထွက်သူများကို ဖမ်းဆီးထောင်ချကာ အာဏာပိုင်များက ငွေကြေးလိမ်လည်မှုများပြုလုပ်နေ
ရန်ကုန်ကနေ ကျောက်ဖြူမှတစ်ဆင့် ရခိုင်သို့လေကြောင်းဖြင့်ပြန်သူများ ကျောက်ဖြူသို့ ရောက်လျှင် အာဏာပိုင်များက မြို့ပြင်သို့ ထွက်ခွင့်ကိုပိတ်ပင်ထားသလို ခိုးထွက်သူများကိုလည်း ဖမ်းဆီးထောင်ချနေပြီး ဖမ်းဆီးခံထားရသူများထံကလည်း အာဏာပိုင်များက ငွေကြေးလိမ်လည်မှုများ ရှိနေသည်ဟု သတင်းရရှိသည်။
“ရခိုင်ကို ပြန်မယ်ဆိုရင် ရန်ကုန်ကနေ ကျောက်ဖြူကို လေယာဉ်နဲ့ လာကြတယ်။ ကျောက်ဖြူ ရောက်တော့ သူတို့သွားလိုတဲ့ နေရာကို ဒေသအာဏာပိုင်တွေက သွားခွင့်မရဘူး။ မြို့ပြင်ထွက်ခွင့် ပိတ်ထားတယ်။ ဒီတော့ တချို့လည်း ဖြစ်သလို စက်လှေတွေနဲ့ ခိုးထွက်ကြတယ်။ ခိုးထွက်တော့ နေဗီတွေဆီမှာဖမ်းဆီးခံကြရတယ်။ ဖမ်းဆီးပြီးရင် ရဲစခန်းကို ပို့တယ်။ ထောင်ချတယ်”ဟု ထောင်ဒဏ် ချမှတ်ခံလိုက်ရသည့် ဒေသခံ အမျိုးသမီးတစ်ဦးက နိရဉ္စရာ ကိုပြောသည်။
တချို့မှာ ထောင်ချမည်ကို စိုးရိမ်ပြီး အာဏာပိုင်များကို လာဘ်ငွေများပေးဆောင်သလို တချို့မှာလည်း ငွေမပေးနိုင်၍ ထောင်ကျသွားသူများလည်းရှိကြောင်း သိရသည်။
ရန်ကုန်ကနေ ဆေးကုပြီး ကျောက်ဖြူမှ တစ်ဆင့် မိမိနေရပ်သို့ လေကြောင်းဖြင့် ပြန်လာသည့် အမျိုးသမီးငယ် တစ်ဦးမှာ ထိုသို့ စက်လှေဖြင့် ကျောက်ဖြူမြို့မှ ခိုးထွက်စဉ် ဖမ်းဆီခံခဲ့ရပြီး ထောင်ကျမည်ကို စိုးရိမ်၍ ရဲကို ငွေကျပ် (၁၅) သိန်းပေးခဲ့ရသော်လည်း ပြန်မလွတ်သည့်အပြင် ထောင် တစ်လ ချမှတ်ခံခဲ့ရသည်ဟု အဆိုပါ ဒေသခံ အမျိုးသမီးက ပြောဆိုသည်။
“လွန်ခဲ့တဲ့လက အုပ်စုလိုက်အဖမ်းခံထားကြရတာ။ တချို့ကတော့ ချက်ချင်း ထောင်ကျသွားတယ်။ တချို့ကတော့ အမှုမဖွင့်ဘဲ အချုပ်ထဲမှာထားတယ်။ အဲဒီအထဲမှာ ရန်ကုန်ကနေဆေးကုပြီး လေယာဉ်နဲ့ ကျောက်ဖြူကနေတစ်ဆင့် ရွာပြန်စဉ် နေဗီဆီမှာအဖမ်းခံရတဲ့ကောင်မလေးတစ်ယောက်ဆိုရင် ရဲသားတွေက ပိုက်ဆံ ၁၅ သိန်းပေးရင်လွတ်မယ်ဆိုပြီးသူမဆီက တောင်းတယ်။ သူက မင်းပြား၊ ကျောက်တော်ဖက်ကပါဘဲ။ ကျောက်ဖြူက မဟုတ်ဘူး။ ပိုက်ဆံပေးပြီးတော့ ဘယ်နှစ်ရက်မှမကြာဘူး။ ထောင်ဒဏ်တစ်လချခံရတယ်။ ဒီလအတွင်းမှာပဲ” ဟု ပြောသည်
ထိုကဲ့သို့ဖြစ်စဉ်မျိုးမှာ သူမ တစ်ဦးတည်း ကြုံတွေ့ခဲ့ရခြင်းမျိုးမဟုတ်ဘဲ နောက်ထက် အမျိုးသမီးတချို့လည်း ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။
“သာမန် အရပ်သားတွေဆိုတော့ ထောင်ချမှာကို ကြောက်ကြတယ်။ လွတ်မလားဆိုပြီး တောင်းတဲ့ ပိုက်ဆံကို ရဲတွေကို ပေးကြတယ်။ ရဲတွေဆီမှာ ငွေကြေး ဆယ်နှင့်ချီပေးတဲ့သူတွေလည်း ရှိတယ်။ ဒီလိုပေးပေမယ့် ပြန်မလွတ်တဲ့အပြင် တရားရုံးတင်ပြီး ထောင်ဒဏ်ချခံရတယ်” ဟု သူမက ပြောသည်။
ကျောက်ဖြူမြို့မရဲစခန်းတွင် လက်ရှိအချိန်ထိ ဖမ်းဆီးခံရသူများရှိနေပြီး ၎င်းတို့ထံက အကြမ်းဖက်စစ်တပ်၊ ရဲနှင့်သက်ဆိုင်ရာဌာနဆိုင်ရာတချို့ကငွေကြေးလိမ်လည်ကာ တောင်းခံမှုများပြုလုပ်နေကြခြင်းမှာ လူ့အခွင့်အရေးကို လွန်စွာချိုးဖောက်ရာရောက်သည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။
“ကိုယ့်အိမ်ကို ပြန်လည်း နေဗီကဖမ်းတယ်။ အဲ့ဒီမှာပါတဲ့ ပိုက်ဆံကအကုန်လုံး အသိမ်းခံရတယ်။ တချို့ဆို ကျပ်သိန်း ဆယ်နဲ့ချီဆုံးရှုံးတယ်။ တခါ အချုပ်ကျပြန်တော့လည်း ထမင်းတောင် ကျွေးမယ့်သူမရှိဘူး။ ကိုယ်ပိုက်ဆံနဲ့ ကိုယ် ဝယ်စားကြရတယ်။ ဒီကြားထဲ လိမ်တာကိုကြည့်ရင် ရင်နာဖို့ကောင်းတယ်။ လူ့အခွင့်အရေး တော်တော်ချိုးဖောက်ခံနေရတာ။ ပိတ်မိနေတဲ့သူတွေ သနားဖို့ကောင်းတယ်” ဟု ပြောသည်။
ကျောက်ဖြူမြို့မှနေခွင့်ပြုချက်မရှိဘဲ နေရပ်ပြန်သူများ ဖမ်းဆီးခံလျှင် ၎င်းတို့အထဲမှ တချို့မှာထောင် ၆ လမှ ၁ နှစ်ထိကျခံရပြီး အများစုမှာ ထောင်ဒဏ် (၁)လမှ (၂)လအထိချမှတ်ခံနေရသည်ဟု သိရသည်။
ကျောက်ဖြူမြို့ပေါ်တွင် ပိတ်မိနေသူများထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့အပါအဝင် ဒေသခံ ၂၀ ကျော်သည် အောက်တိုဘာ ၂၆ ရက်၊ ည ၈ နာရီခန့်က မိမိနေရပ်သို့ပွဲစားဦးဆောင်သည့် စက်လှေဖြင့် ထွက်ခွာစဉ် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်တပ်၏ နေဗီတစ်စီးက တွေ့ရှိသွားသဖြင့် ဖမ်းဆီးခံလိုက်ရပြီး ထောင်ချခံခဲ့ရသည်ဟု သိရသည်။
၎င်းတို့ကို မြို့ပြင်ထွက်ခွင့် ထောက်ခံစာ ခွင့်ပြုမိန့် မပါသည့်အတွက် ဖမ်းဆီးခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။
ရခိုင်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ အကြမ်းဖက်စစ်တပ်မှ ရခိုင်နှင့် ပြည်မကို ဆက်သွယ်ထားသည့် ကားလမ်းများကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားသည့် စစ်တွေနှင့် ကျောက်ဖြူမြို့တို့တွင် လေကြောင်းခရီးစဉ် ဖွင့်ထားပြီး ပြည်မ၊ ပြည်ပသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြပြီး မိမိမြို့ရွာများကို ပြန်လာရာတွင် အဆိုပါ လေကြောင်းခရီးစဉ်များဖြင့်သာ ပြန်လာကြပြီး ယင်းမှတဆင့် မိမိအစီစဥ်ဖြင့် မိမိနေရပ်သို့ ပြန်သွားရကြောင်း သိရသည်။
ယင်းအထဲတွင် စစ်တွေမြို့ပြင်ထွက်ခွင့်ကို အကြမ်းဖက်စစ်တပ်မှ လုံးဝပိတ်ပင်ထားသည့်အတွက် ကျောက်ဖြူမြို့ဖက်မှ လာရောက်သူများပြားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ရန်ကုန်က ပြန်လာသူများသည် ကျောက်ဖြူမြို့မှတဆင့် ရေကြောင်းဖြင့် မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ၊ ပေါက် တော၊ မအီ၊ တောင်ကုတ်၊ ရမ်းဗြဲစသည့် (AA)ထိန်းချုပ်နယ်မြေများကို သွားရောက်ကြခြင်း ဖြစ်သည်။
အကြမ်းဖက်စစ်တပ်မှကျောက်ဖြူမြို့ပြင်ထွက်ခွင့်ကို ပိတ်ခြင်း၊ ဖွင့်ခြင်းမကြာမကြာပြုလုပ်သဖြင့် လချီ၊ နှစ်ချီကြာအောင်ထိ ဒေသခံ ရာနှင့်ချီပိတ်မိနေကြောင်း သိရသည်။
ယင်းအပြင် မြို့ပေါ်မှ နေရပ်ပြန်သူများမှာလည်း အကြမ်းဖက်စစ်တပ်၏ အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးခြင်းကို ခံရပြီးထောင်ဒဏ်များလည်း ချမှတ်ခံနေရကြောင်း သိရသည်။







