တနင်္သာရီတိုင်းတွင် ရေးကောက်ပွဲ ဆန့်ကျင်သူများ တရားစွဲ ခံနေရ

တနင်္သာရီတိုင်းတွင် ရေးကောက်ပွဲ ဆန့်ကျင်သူများ တရားစွဲ ခံနေရ

တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ တရားစွဲခံနေရသည်။

စစ်ကော်မရှင်က လာမည့်ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ရန်ဟုဆိုကာ ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲ ကာကွယ်ရေး (ရွေး/ကာ) ဥပဒေဖြင့် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ဒေါင်းနက် အဖွဲ့ အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများကို တရားစွဲဆိုမှုများ ပြုလုပ်လျက်ရှိသည်ဟု နီးစပ်သူများက ပြောသည်။

ကျွန်းစုမြို့နယ်၊ ကံမော်နယ်မြေရဲစခန်းတွင် ကိုသိန်းဇော်မင်း (ဒေါင်းနက်) ဦးဆောင်သည့် အဖွဲ့ဝင် ၅၀ ဦးပါ PDF အဖွဲ့ကို ရွေး/ကာ ဥပဒေပုဒ်မ ၂၄ (က) နှင့် ၂၄ (ခ) တို့ဖြင့် အမှုဖွင့်ထားသည်ဟု ရဲစခန်းနှင့်နီးစပ်သူက ပြောသည်။

စစ်ကော်မရှင်၏ စွပ်စွဲချက်အရ အဆိုပါအဖွဲ့သည် နိုဝင်ဘာလ ၁၁ ရက်နေ့က ကျွန်းစုမြို့နယ်အတွင်းရှိ မဲတော၊ အုတ်ဖိုမော်၊ စန္ဒားငယ်၊ ဂျုံးဂျုံးကြ၊ ချောင်းညီကိုနှင့် ချောင်းကြီးဝ စသည့် ကျေးရွာများမှ ရပ်ကျေး အုပ်ချုပ်ရေး မှူးများနှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များထံသို့ ခြိမ်းခြောက်စာများ ပေးပို့ခဲ့သည်ဟု ဆိုသည်။

ဒေါင်းနက်အဖွဲ့သည် ကျွန်းစုမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောသည်။

“ကိုသိန်းဇော်မင်းတို့အဖွဲ့က ကျွန်းစုမြို့နယ်ထဲမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတဲ့အဖွဲ့ ပါ၊ သူတို့ကို ဒေါင်းနက် အဖွဲ့လို့ လူသိများတယ်၊ ရွာက လူကြီးတွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတိပေးစာတွေ လိုက်ပေးနေတာ လည်း ဟုတ်ပါတယ်” ဟု ကျွန်းစုမြို့နယ် ပကဖတာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော် စစ်ကော်မရှင်မှ တရားစွဲဆိုထားသော်လည်း ဒေါင်းနက်အဖွဲ့ကို လွယ်လင့်တကူ ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း ၎င်း ပကဖ တာဝန်ရှိသူက ပြောသည်။

တနင်္သာရီတိုင်းအတွင်း ရွေး/ကာ ဥပဒေဖြင့် တရားစွဲဆိုမှုများသည် ကျွန်းစုမြို့နယ်တွင်သာမက အခြားမြို့နယ် များတွင်လည်း ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

နိုဝင်ဘာလ ၇ ရက်နေ့က စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လမ်းမပေါ်တွင် စာရေးသားကာ ဆန္ဒထုတ်ဖော်ခဲ့သည့် DDMSC ၏ ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကျော် ကို ရွေး/ကာ ပုဒ်မ ၂၃ (က)၊ ၂၃ (ခ) တို့ဖြင့် သရက်ချောင်းမြို့မရဲစခန်း၌ အမှုဖွင့်ထားသည်။

အလားတူ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဘုတ်ခြံကျေးရွာ၌ စိုက်ထူထားသည့် ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရသည်ဟုဆိုကာ ရှာဖွေနေဆဲဖြစ်သူ တစ်ဦးကို ရွေး/ကာ ပုဒ်မ ၂၄ (က) ဖြင့် ပုလောမြို့မရဲစခန်း၌ အမှုဖွင့်ထားသည်။

စစ်ကော်မရှင်က ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေပုဒ်မများသည် ထောင်ဒဏ် သုံးနှစ်မှ ခုနစ်နှစ်အထိ ကျခံရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်သော ပြစ်ဒဏ်ပြင်းထန်သည့် ဥပဒေများ ဖြစ်သည်။

စစ်ကော်မရှင်သည် လာမည့် ဒီဇင်ဘာလ ရွေးကောက်ပွဲ မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များ အပါအဝင် ရွေးကောက်ပွဲကို ဆန့်ကျင်သူများအား ဤဥပဒေကို အသုံးပြု၍ ဖိနှိပ်ခြိမ်းခြောက်ခြင်းများ ဆက်လုပ်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များက သုံးသပ်သည်။

November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
November 26, 2025
ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊...
Photo credit - CJ
November 26, 2025
တရုတ်-ကချင် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပြီး တစ်လနီးပါးအကြာ၌ KIO နယ်မြေအတွင်း စက်သုံးဆီကားများ...