မိုးကုတ်မိုးမိတ် ပြန်အပ်ရေး ဆုံးဖြတ်ချက်ကြောင့် တအာင်းတပ်ကို လူထု ယုံကြည်မှု ကျဆင်းမည်

မိုးကုတ်မိုးမိတ် ပြန်အပ်ရေး ဆုံးဖြတ်ချက်ကြောင့် တအာင်းတပ်ကို လူထု ယုံကြည်မှု ကျဆင်းမည်

တအာင်းတပ် TNLA ၏ မိုးမိတ်နှင့် မိုးကုတ်မြို့ပြန်ပေးရေး ဆုံးဖြတ်ချက်သည် ဒေသခံများကို စိုးရိမ်ထိတ်လန့် စေသည့်အပြင် တော်လှန်ရေး အင်အားစု၏ စုစည်းညီညွတ်မှုနှင့် ရည်မှန်းချက်အပေါ် သံသယ မေးခွန်းထုတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကော်မ ရှင်နှင့် အပစ်အခတ်ရပ်စဲပြီး မိုးမိတ်နှင့် မိုးကုတ်မြို့ တို့ကို ပြန်လည်အပ်နှံမည်ဟူသော ဆုံးဖြတ်ချက်ကြောင့် ဒေသခံပြည်သူများအကြား အလွန်အမင်း စိုးရိမ်ထိတ် လန့်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ 

စစ်ကော်မရှင်၏ လက်အောက်သို့ ပြန်လည်ကျရောက်မည့် အရေးကို ဒေသခံများက လုံးဝလက်မခံလိုဘဲ၊ တအာင်းတပ် TNLA ၏ ဤဆုံးဖြတ်ချက်သည် အမျိုးသား တော်လှန်ရေးတစ်ခုလုံး၏ ရည်မှန်းချက်ကို လျစ်လျူ ရှုရာရောက်သည်ဟု နယ်မြေခံ နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။

တအာင်းတပ် TNLA က အပစ်အခတ်ရပ်စဲရေးနှင့် မြို့ပြန်ပေးမည့် သတင်းကို ထုတ်ပြန်သည့်နေ့တွင် မိုးကုတ်နှင့် မိုးမိတ်မြို့ခံများသည် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ခံစားခဲ့ရကြောင်း ဒေသခံများက ပြောသည်။ 

မိုးကုတ် ဒေသခံတစ်ဦးက “အဲ့နေ့က ၂၉ ရက်နေ့လေနော်။ သတင်းက နေ့လည် ၂ နာရီခွဲက သိလိုက်တယ်။

ဒီဟာကြီး ထွက်လာတဲ့အချိန်မှာ အခုလက်ရှိပြည်သူတွေဟာ တအား စိုးရိမ်ထိတ်လန့် ကုန်တာပေါ့နော်။ ဆောက်တည်ရာမရ ဖြစ်ကုန်တာ ပြည်သူလူထုတိုင်းက။ တစ်ဖက်ရဲ့ ဥစ္စာနဲ့ လုပ်ကိုင်သွားတာ သိသာတယ်လေ” ဟု ပြောသည်။

အထူးသဖြင့် စစ်ကော်မရှင်၏ အုပ်ချုပ်မှုအောက်သို့ ပြန်လည်ကျရောက်မည့် အရေးကို အကြီးအကျယ် စိုးရိမ်နေကြခြင်း ဖြစ်သည်။

မြို့ခံပြည်သူများသည် ယခင်က စစ်ကော်မရှင်တပ် လက်အောက်တွင် ရင်ဆိုင်ခဲ့ရသော ရက်စက်မှုများကို လက်ခံနိုင်ခြင်း မရှိတော့ဘဲ၊ တိုက်ပွဲကြား၌ပင် အရပ်သားများအပေါ် ကျူးလွန်သွားသည့် ရက်စက်မှုများစွာ ရှိခဲ့ခြင်း ကြောင့် TNLA ၏ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်ဝမ်းနည်းမှုနှင့် စိတ်တိုဒေါသထွက်မှုများ ဖြစ်ပေါ်နေကြသည်။

မိုးမိတ်ဒေသခံ တစ်ဦးက “စစ်ကောင်စီဆို ဟို့အရင်က ပြည်သူလူထုကို ဆက်ဆံတာက ကျတော့ ဒီတိုက်ပွဲကြား မှာပဲ ရှိတယ်ပေါ့နော်။ ပြည်သူလူထုကို လုပ်သွားတဲ့ ရက်စက်မှုတွေ အများကြီး ဆိုတော့ ဒါက လက်သင့်မခံနိုင် ဘူး” ဟု ပြောသည်။

တအာင်းတပ် TNLA အနေဖြင့် ၎င်းတို့ အပစ်အခတ်ရပ်စဲရခြင်းမှာ မြို့များ ဗုံးမကြဲခံရဘဲ ပြည်သူများ ထပ်မံ မထိခိုက်စေရန်ဖြစ်သည်ဟု ထုတ်ပြန်ထားသော်လည်း၊ ဒေသခံအများစုက ယင်းမှာ အပေါ်ယံ အကြောင်းပြချက်သာ ဖြစ်သည်ဟု နယ်ခံများက ရှုမြင်နေကြသည်။

ဒေသခံပြည်သူများသည် မိမိတို့ဒေသ အေးချမ်းရေးထက် တော်လှန်ရေးတစ်ခုလုံး အောင်မြင်ရန် ဆန္ဒရှိပြီး၊ TNLA ၏ ဆုံးဖြတ်ချက်သည် ၎င်းတို့၏ တိုင်းရင်းသားအကျိုးစီးပွားကိုသာ အဓိက ဦးစားပေးသွားသည်ဟု ဝေဖန်မှုများ ထွက်ပေါ်လာသည်။

မိုးကုတ်မြို့ခံတစ်ဦးက “ကိုယ့်မြို့ပဲ မကြဲဘူးဆိုရင်တော့ ကိုယ်တွေက ချမ်းသာနေပြီးမှ ကျန်တဲ့သူတွေက ဆင်းရဲနေတာ ကျနော်တို့က ကြည့်ရက်နိုင်မှာလား နိုင်ငံသား တစ်ယောက်အနေနဲ့” ဟု ပြောသည်။

တအာင်းတပ် TNLA ၏ ဆုံးဖြတ်ချက်သည် အမျိုးသားရေး ရည်မှန်းချက်ကို သွေဖယ်သွားမည်ကို စိုးရိမ် ကြောင်း မိုးကုတ်မြို့ခံက ပြောဆိုသည်။

ထို့ပြင် တအာင်းတပ် TNLA ၏ ဆုံးဖြတ်ချက်သည် မိုးကုတ်မြို့ရှိ အခြားတော်လှန်ရေးအဖွဲ့များ (PDF များ) ကို ကြိုတင်အသိပေးခြင်းမရှိဘဲ တရားဝင်ထုတ်ပြန်ပြီးမှသာ သိရှိခဲ့ရခြင်းဖြစ်သောကြောင့် တော်လှန်ရေး အင်အား စုများ အကြား စုစည်းညီညွတ်မှုနှင့် ပြင်ဆင်မှုဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရကြောင်းလည်း တခြား အင်အားစုများနှင့် နီးစပ်သော ဒေသခံက ပြောသည်။ 

စစ်ကော်မရှင်ကို ပြန်လည်အပ်နှံမည့် ပုံစံမျိုးကို လုံးဝလက်မခံနိုင်သော်လည်း၊ အခြားတော်လှန်ရေး အဖွဲ့များနှင့် လက်တွဲညီညီ တိုက်ပွဲဝင်မည်ဆိုပါက ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ လက်ခံနိုင်စရာရှိသည်ဟု ဒေသခံများက ပြောကြသည်။ 

December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
November 26, 2025
ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊...