မိုးကုတ်၊ မိုးမိတ်ကို စစ်ကော်မရှင် ထိန်းချုပ်သွားပါက မဘိမ်းမြို့ပါ ဆုံးရှုံးသွားမည်ကို ဒေသခံများ စိုးရိမ်

မိုးကုတ်၊ မိုးမိတ်ကို စစ်ကော်မရှင် ထိန်းချုပ်သွားပါက မဘိမ်းမြို့ပါ ဆုံးရှုံးသွားမည်ကို ဒေသခံများ စိုးရိမ်
Photo credit - CJ
Photo credit - CJ

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်သည် မကြာသေးမီက လေကြောင်းတိုက်ခိုက်မှုများနှင့် တိုက်ပွဲများ ကြောင့် တင်းမာနေရသည့်အပြင်၊ တအာင်းတပ် TNLA က ဆုတ်ခွာမည့် သတင်းအပေါ် ဒေသခံများက စိုးရိမ်နေကြသည်။

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က စစ်ကော်မရှင်တပ် နှင့် အပစ်အခတ်ရပ်စဲပြီး မိုးမိတ်နှင့် မိုးကုတ်မှ ပြန်လည်ဆုတ်ခွာတော့မည်ဟူသော သတင်းများကြောင့် ဒေသခံပြည်သူများ စိုးရိမ် ထိတ် လန့်နေကြခြင်း ဖြစ်သည်။

မိုးကုတ်နှင့် မိုးမိတ်ကို စစ်ကော်မရှင်က ပြန်လည်ရယူပါက မဘိမ်းမြို့ပါ ၎င်းတို့လက်ထဲ ပြန်လည်ရောက်ရှိသွား မည်ကို ဒေသခံများ အထူးစိုးရိမ်ပူပန်နေကြခြင်း ဖြစ်သည်။

မိုးကုတ်မှ မဘိမ်းမြို့သို့ စစ်ရှောင်ရောက်ရှိသူ တစ်ဦးက “မြို့ကို ခဏပြန်လိုက် သေးတယ်၊ အဆင်မပြေလို့ ပြန် လာခဲ့ရတယ်။ အခု ပြန်သွားနေမယ်လို့ စိတ်ကူးမိတော့လည်း TNLA က မိုးမိတ်/မိုးကုတ်ကို ပြန်ပေးတော့ မယ်ဆိုပြီး သတင်းကြားတော့ ပြန်ငြိမ်နေရတယ်” ဟု ပြောသည်။

မဘိမ်းမြို့နယ်ထဲ နိုဝင်ဘာလ ပထမပတ်နှင့် ဒုတိယပတ်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများလည်း ရှိခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် မဘိမ်းမြို့နယ်အတွင်း လုံခြုံရေးအရ တော်လှန်ရေးတပ်များက ဂိတ်များကို တင်းတင်းကြပ်ကြပ် ချထားပြီး လာသမျှ ကုန်တင်ကားများကို စနစ်တကျ စစ်ဆေးလျက်ရှိသည်။

စစ်ဘေးရှောင်များ များပြားစွာ ရောက်ရှိနေသည့် ရပ်ရွာများ၌မူ ဧည့်စာရင်းစနစ်ကို တာဝန်ရှိသူများထံ တိုင်ကြား ပြီးမှသာ နေထိုင်ခွင့်ပြုကာ တစ်ပတ်လျှင် ပုံမှန် ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

ဒေသခံပြည်သူများ အဓိကရင်ဆိုင်နေရသော ပြဿနာများထဲတွင် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲလာ သဖြင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းလည်း ပါဝင်သည်။

ဒေသခံပြည်သူတစ်ဦးက“အခု ကားလမ်းတွေပိတ်တော့ ကုန်ဈေးနှုန်းတွေ အဆမတန်တက်ပါတယ်။ အခု တော်တော်လေး ဒုက္ခခံစားနေရတယ်။ ကုန်ဈေးနှုန်းတွေတက်တဲ့အတွက် ကျမတို့က နေ့စားခ ရတယ်ဆိုပေမယ့် ရတဲ့ပိုက်ဆံနဲ့ ဝယ်စားရတဲ့ ဈေးနှုန်းတွေက မကာနေလို့ တော်တော်လေးကို ဒုက္ခရောက်နေပါတယ်။ အရေးကြီး လို့ အဆက်အသွယ် လုပ်ချင်ရင်တောင်မှ ကိုယ့်ဆီက လိုင်းတွေပိတ်ထားတော့ ရတဲ့နေရာကို ခက်ခက်ခဲခဲသွားပြီး ဆက်သွယ်နေရတယ်” ဟု ပြောသည်။

မဘိမ်းမြို့နယ်အတွင်း၌ စစ်ဘေးရှောင်ပြည်သူ အများအပြား ခိုလှုံနေကြရပြီး နေထိုင်ရေးနှင့် စားသောက်ရေး ကဏ္ဍများတွင် အလွန်ခက်ခဲနေဆဲဖြစ်သည်။

စစ်ဘေးရှောင်ပြည်သူတစ်ဦးက “အခုလက်ရှိကတော့ သူများဘက်မှာ စစ်လာရှောင်နေရတော့ တော်တော်ကို ခက်ခဲပါတယ်။ အိမ်ကလည်း သူများက ပေးနေထားတော့ နည်းနည်းတော့ အဆင်ပြေပေမယ့် အားနာတယ်။ မိသားစုတွေကလည်း တစ်ကွဲတစ်ပြားစီမို့လို့ တစ်ခုခုသာ ဆိုရင်ဆိုပြီး တော်တော်ကို စိတ်ညစ်ရပါတယ်။ ကလေးကလည်း ကျောင်းနေတဲ့ အရွယ်ဆိုတော့ တော်တော်ကို ခက်ခဲတယ်ပေါ့နော်” ဟု ပြောသည်။

လက်ရှိအခြေအနေအရ မဘိမ်းမြို့နယ် ဒေသခံများနှင့် စစ်ဘေးရှောင်များသည် ၎င်းတို့၏ နယ်မြေလုံခြုံရေး အတွက် တော်လှန်ရေးတပ်များ၏ တည်ရှိမှုအပေါ် မျှော်လင့်ချက်ထားနေရပြီး၊ ငြိမ်းချမ်းရေးဆိုင်ရာ သတင်းများ ကပင် ဒေသတွင်း ပိုမိုဆိုးရွားသော ပဋိပက္ခလမ်းကြောင်းကို ဦးတည်သွားမည်ကို စိုးရိမ်နေကြသည်။

ထို့ကြောင့် ပြည်သူများက နေအိမ်များတွင် ဗုံးခိုကျင်းများ တူးထားကာ အတတ်နိုင်ဆုံး လုံခြုံအောင် ဆက်လက် လုပ်ဆောင်နေကြသည်။

December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
November 26, 2025
ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊...