ရန်ကုန်တွင် နိုဝင်ဘာလဝက် အတွင်း လူငယ် ၄၀ ကျော် မတရားဖမ်းဆီးခံရ

ရန်ကုန်တွင် နိုဝင်ဘာလဝက် အတွင်း လူငယ် ၄၀ ကျော် မတရားဖမ်းဆီးခံရ
Photo credit - CJ
Photo credit - CJ

ရန်ကုန်မြို့တွင် ယခု နိုဝင်ဘာလ ၁ ရက်မှ ၁၅ ရက် ကာလအတွင်း လူငယ် ၄၀ ကျော် မတရားဖမ်းဆီးခံခဲ့ရပြီး ယင်းအနက် ၁၅ ဦးသည် လမ်းပေါ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရခြင်းဟု ရန်ကုန်မြေပြင်သတင်းများကို ဖော်ပြနေသည့် Rangoon Scout Network ထံက သိရသည်။

ဖမ်းဆီးမှုများကို စစ်ကော်မရှင်တပ်ဖွဲ့များ၊ ပျုစောထီးများက ပြုလုပ်ခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူအများစုသည် ဆင်ခြေဖုံးရပ်ကွက်တွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။

“လမ်းပေါ် လိုက်ဆွဲတာ အပြင်ကို ပြည့်တန်ဆာနဲ့ မျှားပြီး ဖမ်းတာတွေကော၊ အလုပ်နဲ့မျှားပြီး ဖမ်းတာတွေကော ပါပါတယ်။ GYM ဆော့နေတဲ့သူတွေကို ဝင်ဆွဲသွားတာလည်း ရှိပါတယ်။ ရပ်ကွက်ထဲ ရန်ဖြစ်တဲ့သူတွေကို ဖမ်းပြီး စစ်မှုထမ်းထဲ ထည့်လိုက်တာတွေလည်း ရှိခဲ့ပါတယ်” ဟု Rangoon Scout Network တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးခံရသူအများစုသည် အသက်အရွယ်အားဖြင့် ၁၈ နှစ်မှ ၃၀ နှစ်ကြားအရွယ် လူငယ်များ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖမ်းဆီးမှုတွင် ဧည့်စာရင်းစစ်ဆေးကာ ဖမ်းဆီးခြင်း၊ နာမည်အတိအကျဖြင့် လာရောက်ဖမ်းဆီးခြင်း၊ စစ်ကော်မရှင်၏ ရွေးကော်ဥပဒေဖြင့် ဖမ်းဆီးခြင်း၊ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖမ်းဆီးရန် လှုံဆော်မှုကြောင့် ဖမ်းဆီးခြင်းများ ရှိကြောင်း သိရသည်။

“ရပ်ကွက်ထဲမှာဆို သတင်းအတိအကျနဲ့ လာဖမ်းလို့ လူငယ်နှစ်ဦးပါသွားတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း မသိရဘူး ဘယ်ကို ခေါ်သွားလဲဆိုတာလည်း မသိရဘူး” ဟု သာကေတဒေသခံတဦးက ပြောသည်။

စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလအတွင်း ပြုလုပ်မည့် ရွေးကောက်ပွဲကာလနီးလာချိန် ရန်ကုန်မြို့ပေါ်တွင် ပေါ်တာဆွဲဖမ်းဆီးမှုဖြစ်စဉ်အရေအတွက် အနည်းငယ်လျော့နည်းလာသော်လည်း ဖမ်းဆီးမှုများသည် ဆက်ရှိနေဆဲဟု Rangoon Scout Network တာဝန်ရှိသူက ပြောသည်။

“ဟိုးအရင်လတွေနဲ့ နှိုင်းရင်တော့ နည်းသွားတယ်ဗျ။ နိုင်ငံရေးပါတီတွေ စလှုပ်ရှားတဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလက စပြီး လိုက်ဆွဲတာတွေ သိရတာ လျော့သွားပါတယ်။ ရွေးကောက်ပွဲ လုပ်ပြချင်လို့ နည်းနည်းထိန်းထားလိုက်ပုံရတယ်ဗျ။ ဒါပေမဲ့ လွတ်ရင် လွတ်သလို ၁ ယောက်စ ၂ ယောက်စ လိုက်ဆွဲတာတွေ ဖြစ်နေဆဲပါ” ဟု ဆိုသည်။

ပေါ်တာဆွဲခံရသူစာရင်းကို သတင်းမီဒီယာများ၊ မြို့နယ်အလိုက် သတင်းပေးများ ထံမှ ရယူ စုဆောင်းထားကြောင်း ၎င်းကဆိုသည်။ ပြည်သူလူထုက ပေးပို့လာသည့် အချက်အလက်များကို မြေပြင်တွင် သတင်းအချက်အလက် မှန်ကန်မှုရှိ၊ မရှိ ပြန်လည်း စစ်ဆေးကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ စစ်ကော်မရှင်တပ်ဖွဲ့များသည် ပေါ်တာဆွဲဖမ်းဆီးမှုအပြင် ကြံဖွံ့ပါတီအပါအဝင် စစ်အုပ်စုရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ပါတီများ၏ မဲဆွယ်ပွဲများတွင် လုံခြုံရေးလိုက်လံဆောင်ရွက်နေကြောင်း Rangoon Scout Network ထံက သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်က ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဝေဖန်သူများကို ဖမ်းဆီးရန် စောင့်ကြည့်မှုများ ပိုမိုပြုလုပ်နေသည့်အတွက် ပြည်သူများအနေဖြင့် လူမှုကွန်ရက်ပေါ်တွင် ရေးသားမှုများအား သတိပြုကြရန်လည်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...