တော်လှန်ရေးအင်အားစုများ ထိုးစစ် အရှိန်မြှင့်လာ

တော်လှန်ရေးအင်အားစုများ ထိုးစစ် အရှိန်မြှင့်လာ
Photo credit - BPLA
Photo credit - BPLA

နိုင်ငံတဝန်း လက်လွှတ်နယ်မြေများကို ပြန်ရရန် စစ်ကောင်စီ ကြိုးပမ်းနေချိန်တွင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ထိန်းချုပ်နယ်မြေများကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြန်စလာနေသည်ကိုတွေ့လာရကြောင်း စစ်ရေးသုံးသပ်သူများက ပြောသည်။

တနင်္သာရီတိုင်းက မောတောင်မြို့ကို KNLA နှင့် ပူးပေါင်းတပ်များက လချီကြာ ပိတ်ဆို့ခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်က မြို့ကို စတင်တိုက်ခိုက်ခဲ့ကာ နိုဝင်ဘာ ၁၄ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါ မောတောင်မြို့ကို ပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခြင်းသည် စစ်ကောင်စီဘက်မှ လက်လွှတ်နယ်မြေများကို အပြင်းအထန် ပြန်ရရန် ကြိုးပမ်းနေချိန်တွင် စစ်ကောင်စီလက်ထဲမှ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် မောတောင်မြို့နှင့်ပတ်သတ်၍ အငိုက်မိသွားခြင်းဖြစ်ပြီး ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်လွယ်သည့် စခန်းများကို တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်တိုက်ခြင်းသည် တော်လှန်ရေးတပ်များ အသာရလာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

“စစ်တပ်အတွက်ကတော့ အငိုက်မိသွားတာပေါ့နော်။ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒီလိုစခန်းမျိုးတွေနဲ့ ပြည်မဘက်က အလှစ်အငိုက်ရနိုင်တဲ့ နေရာမျိုးတွေ ဆက်သွယ်ရေးလမ်းကြောင်းပြတ်တောက်လွယ်တဲ့ စခန်းမျိုးတွေကို တိုက်သင့်တယ်။ ကိုယ့်ဖက်က တိုက်စစ်ဆင်နိုင်ရင် မောတောင်မြို့ကိုတောင် အဖိတ်အစင်နည်းနည်းနဲ့ တိုက်နိုင်တယ်။ အဲဒီတော့ တိုက်ဖို့ပဲလိုတယ်။ ကိုယ့်ဖက်က ထိုးစစ်တိုက်နိုင်ရင် စစ်ရေးအရေးသာလာမယ်လို့ ပြောရမယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

လက်ရှိ စစ်ကောင်စီသည် ပြင်းထန်သည့် ထိုးစစ်များဖြင့် တိုက်ခိုက်နေသော်လည်း တော်လှန်ရေးအင်အားစုများ၏ တန်ပြန်တိုက်စစ်များကြောင့် တပ်သားအင်အားပြုန်းတီးမှုများလည်း ရှိနေကြောင်း တွေ့ရသည်။

နိုဝင်ဘာ ၁၄ ရက် မောတောင်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၄၀ ကျော်ကို KNLA နှင့် ပူးပေါင်းတပ်များက ဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာ ၁၁ ရက်တွင်လည်း အာရက္ခတပ်တော်ထံ စစ်သုံ့ပန်း ၇၀ ခန့် လက်နက်ချ အလင်းဝင်လာကြောင်း AA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက အပြင်းအထန်ထိုးစစ်ဆင်မှုများပြုလုပ်နေသော်လည်း စစ်ကောင်စီ အားနည်းသည့်ဒေသများကို တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး NUG ဦးဆောင်သည့် ပြည်မဒေသတွင်လည်း ကြီးမားသည့် ထိုးစစ်လှိုင်းတစ်ခုလာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

“စစ်ကောင်စီက ပြန်သိမ်းနိုင်တယ်ဆိုတာက စစ်ကောင်စီ စစ်ရေးကောင်းတာထက် ဥပမာ - TNLA ဆို မဟာမိတ်အဖွဲ့တွေနဲ့ အဆင်မပြေတာကြောင့်လည်းပါတယ်။ အခု ကန့်ဘလူမှာဖြစ်နေတဲ့ တိုက်ပွဲတွေဆို စစ်ကြောင်းကို စစ်ကြောင်းနဲ့ ရိုက်ချိုးနိုင်ပြီဆိုတဲ့ ပုံစံမျိုး အညာတခွင်မှာဖြစ်နေပြီဆိုတာကို မြင်ရတယ်ပေါ့။ NUG ဦးဆောင်ပြီး ပြည်မဘက်မှာ တိုင်းရင်းသာအဖွဲ့တွေအကူအညီနဲ့ အထွေထွေထိုးစစ်တိုက်နိုင်မယ်ဆိုရင် စစ်ရေးချိန်ခွင် ပြောင်းလာလိမ့်မယ်ဆိုတာထင်ရှားပါတယ်” ဟု နိုင်ငံရေးလေ့လာသူ မောင်တမာက သုံးသပ်သည်။

လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုများသိမ်းပိုက်ထားသည့် မြို့များတွင်ပြုလုပ်နိုင်ရန် စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်နေခြင်းကြောင့် နိုင်ငံတဝန်း တိုက်ပွဲများပြင်း ထန်နေကြောင်းတွေ့ရသည်။

လက်ရှိတွင် ရခိုင်-ပဲခူးတိုင်းအစပ်၊ ရခိုင်-မကွေးတိုင်းအစပ်နှင့် ရခိုင်-ဧရာဝတီတိုင်းအစပ်တို့တွင် စစ်ကောင်စီ၏ ထိုးစစ်များကို အာရက္ခတပ်တော် (AA)မှ ခုခံစစ်များနှင့်အတူ တန်ပြန်ထိုးစစ်များဖြင့် တုံ့ပြန်ဆင်နွှဲလျက်ရှိကြောင်း AA က နိုဝင်ဘာ ၁၁ တွင် သတင်းထုတ်ပြန်သည်။

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...