ခင်ဦးတွင် စစ်ကြောင်း ၃ ခုဖြင့် စစ်ကြောင်းထိုး၊ ဒေသခံ ၅,၀၀၀ ကျော်ထွက်ပြေး

ခင်ဦးတွင် စစ်ကြောင်း ၃ ခုဖြင့် စစ်ကြောင်းထိုး၊ ဒေသခံ ၅,၀၀၀ ကျော်ထွက်ပြေး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့က စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်းထိုးနေသောကြောင့် ခင်ဦးနယ် အနောက်ခြမ်းမှ ခင်ဦး၊ ကန့်ဘလူ အစပ်ရှိ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသ ခံပြည်သူ ၅,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ခင်ဦးမြို့နယ် တိုက်နယ် (၃) ပကဖ အဖွဲ့ထံမှသိရသည်။

ယမန်နေ့(နိုဝင်ဘာ ၁၁ရက်)မနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် ကန့်ဘလူနယ်မှ ဝင်ရောက်လာသည့် အင်အား ၁၀၀‌‌ ကျော်ပါ ခြေလျင်စစ်ကြောင်းနှင့် ရေဦးမြို့မှ မူးမြစ်ကူးကာ တက်လာသော အင်အား ၈၀ ခန့်တို့သည်

တပြိုင်နက် စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြရခြင်း ဖြစ်ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ပြောဆိုထားသည်။

ကန့်ကလူနယ် ဝက်တိုးကျေးရွာအထိုင်စခန်းမှ ထွက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းသည် ယမန်နေ့ ညပိုင်းက ငါးရုံကြီးကျေးရွာမှ ညအိပ်ပြီးနောက် ယနေ့ (နိုဝင်ဘာလ ၁၂ ရက်)နေ့လယ်ပိုင်းအထိ ကျေးရွာအတွင်းမှ အထိုင်ချငြိမ်သက်နေကြောင်းနှင့် ကန့်ဘလူနယ် ကာဘိုး ရဲမာန်ကျောင်းမှ ထွက်လာသည့် စစ်ကော်မရှင် စစ်ကြောင်း တကြောင်းလည်း ခင်ဦးနယ်အတွင်းသို့ ရောက်ရှိနေကြောင်း ခင်ဦးမြိုနယ် တိုက်နယ် (၃) ပကဖ အဖွဲ့ဝင် ကိုဂျိုကိုးက ပြောသည်။

“စစ်ကြောင်း သုံးကြောင်း ကြားထဲမှာ ရောက်နေတဲ့ ပြည်သူတွေကို လွတ်မြောက်ရာနယ်မြေတွေကို ကယ်ထုတ်ပြီး ရွှေ့ပေးနေရတယ်။ မနေ့ ညပိုင်းကဆို တော်တော်လေး ညနက်တဲ့အထိ အရေးပေါ် ကယ်ဆယ်ရေး လုပ်ပေးနေရတယ်” ဟု ကိုဂျိုကိုးက ယနေ့ နေ့လယ်ပိုင်းတွင်း ပြောသည်။

အဆိုပါ စစ်ကြောင်းများကြောင့် ကန့်ဘလူနယ်နှင့်ခင်ဦးနယ် အစပ်တွင်ရှိသည့် ကျေးရွာများဖြစ်သည့် ကျောက်တိုင်၊ ကျီစု၊ မုံလှ၊ သာ၀တ္ထိ ၊ မြင်းကျ ၊သရက်တော၊ ကင်းပြစ်၊ကျွန်း‌ တောလေး(ဥယျာဉ်)၊ ကျွန်း‌တောကြီး၊ မန်ကျီးအုပ်၊ ယာတော်၊ မြင်းဒေါင်း၊ သရက်ပင်ပင်စု၊ သက်သာပန်းတောင်းကျေးရွာ များမှ ဒေသခံပြည်သူမျာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရခြင်းဖြစ် ကြောင်း သိရသည်။

ခင်ဦးမြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့ စစ်ကြောင်းများမရှိသည်မှာ အချိန် ကြာမြင့်လာပြီဖြစ်သော်လည်း ယမန်နေ့မှစ၍ တကျော့ပြန် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ကိုဂျိုကိုးက ဆိုသည်။

“ခင်ဦးနယ်အနောက်ခြမ်းမှာရှိတဲ့ ပျဉ်ထောင်ပျူရွာမှာ ရိက္ခာပြတ်လပ်တာတွေရှိနေပြီး အဲ့ဒါကြောင့် ရိက္ခာပို့မှာလား၊ အဲ့မှာရှိတဲ့ ပျူတွေကို ခေါ်ထုတ်သွားမှာလား အဲ့ဒါကြောင့်လို့ပဲ ထင်မိပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် စစ်ကော်မရှင်တပ်ဖွဲ့ သည် ခင်ဦးမြို့နယ်အရှေ့ခြမ်းတွင်ရှိသည့် ပေါက်အိုင်ကျေးရွာကို နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်းနှင့် ၁၁ ရက်နေ့ မနက်ပိုင်းတို့တွင် လေကြောင်းကနေ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အမျိုးသမီး တဦး ပွဲချင်းပြီး သေဆုံးပြီး နောက်ထပ် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...