သံလွင်မြစ်အတွင်း အဆိပ်သင့်စေတဲ့ အာဆင်းနစ် သတ္တုဓာတ် ၅ ဆ မြင့်မားနေ

သံလွင်မြစ်အတွင်း အဆိပ်သင့်စေတဲ့ အာဆင်းနစ် သတ္တုဓာတ် ၅ ဆ မြင့်မားနေ

သံလွင်မြစ်အတွင်း Arsenic (အာဆင်းနစ်) လို့ခေါ်တဲ့ အလွန်အဆိပ်သင့်စေတဲ့ သတ္တုဓာတ်ပါဝင်မှုက ဘေးအန္တရာယ်ကင်းမှု ပမာဏထက် ၅ ဆ မြင့်မားနေတာကို ထိုင်း အာဏာပိုင်တွေက တွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

အာဆင်းနစ် သတ္တုဓာတ်ကြောင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် မယ်ဟောင်ဆောင်မြို့ တောင်ပိုင်းမှာရှိတဲ့ ဆော့မွိုင်း(sop moi) မြို့နယ်မှာ သံလွင်မြစ်ရေအသုံးပြုမှုနဲ့ မြစ်တွင်းငါးဖမ်းပြီး စားသုံးမှုတွေကို အာဏာပိုင်တွေက တားဆီးထားတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်မှာ သံလွင်မြစ်ကို အမှီပြုပြီး အသက်မွေးဝမ်းကျောင်းပြုနေသူတွေရှိနေပြီး သံလွင့်မြစ်နဲ့ နီးတဲ့ ကရင်နီပြည်၊ ရွာသစ်မြို့မှာ နေထိုင်တဲ့ ဒေသခံတွေကို သံလွင်မြစ်ရေအသုံးပြုမှုနဲ့ပတ်သတ်ပြီး မေးမြန်းကြည့်ရာမှာတော့ မြစ်ရေသောက်သုံးမှုကြောင့် ကျန်းမာရေးဆိုင်ရာပြဿနာတွေ ကြုံလာကြတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“မြစ်ထဲအဆိပ်ရှိနေတယ် ဆိုတာတော့မသိဘူး။ အဲဒါကြောင့်မို့လို့ထင်တယ်။ ဒီနောက်ပိုင်း ရေသောက်ရင် ဝမ်းလျောနေတာ။ တချို့ကျတော့ အန်တယ်။ တချို့က ခေါင်းမူးနေတာ။ အရင်ကတည်းက သံလွင်မြစ်ရေကို သောက်နေတာပဲ။ ဘာမှတော့ မဖြစ်ခဲ့ဖူးဘူး” လို့ ရွာသစ်မြို့တွင်းရှိ ဒေသခံတဦးက ပြောပါတယ်။

ချင်းမိုင်တက္ကသိုလ်ရဲ့ သဘာဝပတ်ဝန်းကျင် သုတေသနဌာနက သံလွင်မြစ်ရေအတွင်း သတ္တုဓာတ်ပါဝင်မှု ပမာဏများနေတဲ့ အချက်အလက်ကို အစီရင်ခံစာတင်ပြခဲ့တာ ဖြစ်ပါတယ်။

ကရင်နီပြည်တပ်မတော် KA စစ်ဦးစီးချုပ်ဟောင်းလည်းဖြစ်၊ လက်ရှိ ကရင်နီပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ဘီထူး ကတော့ အခုလိုသံလွင်မြစ်ရေက အဆိပ်သင့်စေတဲ့ သတ္တုဓာတ်မြင့်တက်လာတာဟာ ရှမ်းပြည်နယ်အတွင်း တရုတ်ကုမ္ပဏီကြီးတွေရဲ့ ကြီးမားတဲ့ သတ္တုတူးဖော်မှုကြောင့် ဖြစ်နိုင်တယ်လို့လည်း ထိုင်း မီဒီယာတွေကို ဖြေဆိုထားပါတယ်။

ကရင်နီပြည်၊ သံလွင်မြစ်ဘေးမှာ နေထိုင်တဲ့ ဒေသခံတွေရဲ့ပြောကြားချက်အရလည်း မြစ်ဘေးတလျောက်မှာ ရွှေကျင်လုပ်ငန်းတွေရှိတယ်လို့ ဆိုပါတယ်။

သံလွင်မြစ်ကို မှီခိုနေရတဲ့ ကရင်နီပြည်တွင်းက ဒေသခံတွေကတော့ မြစ်ရေအဆိပ်သင့်မှုအပေါ် စားဝတ်နေရေးနဲ့ဆက်စပ်ပြီး စိုးရိမ်စရာတွေဖြစ်လာတယ်လို့ ဆိုပါတယ်။

“သံလွင်မြစ်မှာက အစကတည်းက ငါးကြီးတွေစားရင် မူးတယ်ဆိုလို့ ငါးကြီးတွေသိပ်မစားဘူးပေါ့နော်။ တကယ်လို့ သံလွင်ရေ သုံးမရတော့ဘူးဆိုရင် အဲ့ရေကို မှီခိုနေတဲ့ လူတွေက ဘယ်လိုလုပ်ရတော့မလဲ။” လို့ ရွာသစ်မြို့ရှိ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ထိုင်းအာဏာပိုင်းတွေက အာဆင်းနစ် သတ္တုဓာတ် အံ့သြဖွယ် မြင့်တက်လာမှုရဲ့ အကြောင်းရင်းကို ဆက်လက်စစ်ဆေးလျက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

သံလွင်မြစ်က ဟိမဝန္တာတောင်ပိုင်းကနေ တရုတ်ပြည်ကိုဖြတ်သန်းစီးဆင်းလာပြီး မြန်မာနိုင်ငံတွင်းရှိ ရှမ်းပြည်နယ်၊ ကရင်နီပြည်၊ မွန်ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ် တကြောကို ဖြတ်သန်းလာပြီး သမုဒ္ဒရာထဲကို စီးဝင်တဲ့ အာရှရဲ့ ဒုတိယအရှည်ဆုံးမြစ် ဖြစ်ပါတယ်။

December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
Photo credit - Bangkok Post
December 2, 2025
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နဲ့ ထိစပ်နေတဲ့ သံလွင်မြစ်တစ်လျှောက်က စောင့်ကြည့်ရေးနေရာ ၁၃...
December 1, 2025
နိုဝင်ဘာလအတွင်းမှာ ကရင်နီပြည်ရဲ့ မြောက်ပိုင်းအရပ်ကနေ တောင်ပိုင်းအရပ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊...