တီးတိန်မြို့နယ်၊ မွာလ်ပီးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကလေးမြို့ကနေ ချင်းတောင်ပေါ်ကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းနဲ့ တီးတိန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF-CDM-Siyin တပ်ဖွဲ့တို့ အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၂ နာရီခွဲ ကစပြီး ထိတွေ့ တိုက်ပွဲဖြစ်ပွားပါတယ်။
တိုက်ပွဲမှာ CDF-CDM-Siyin တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးကာ၊ ခံတပ် တစ်ခုကိုလည်း လက်လွှတ် လိုက်ရကြောင်း၊ တီးတိန်နယ်မှာ စစ်ရေးတင်းမာနေကြောင်း၊ တီးတိန်မြို့နယ် စီးယင်းဒေသကို အခြေပြု စစ်ရေးလှုပ်ရှားတဲ့ CDF-CDM-Siyin ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရပါတယ်။
“စစ်ကောင်မရှင် စစ်သားတွေက စစ်ကြောင်း လေးခုခွဲပြီး တက်လာတယ်။ မွာလ်ပီးမှာ ရှိတဲ့ ပထမ ခံတပ်ကနေ ခုခံ တိုက်ပွဲ ဖြစ်လာတယ်။ ကျွန်တော်တို့ ဘက်က ရဲဘော်တစ်ဦး ကျဆုံး သွားခဲ့တယ်။ ပထမ ခံတပ်ကို လက်လွှတ်လိုက်ရ ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တပ်ဖွဲ့က ဆက်လက် ခုခံ နေဆဲပါ” လို့ စစ်ရေး အရင်းအမြစ် တဦးထံမှ မှ သိရှိရ ပါတယ်။
စစ်ကော်မရှင် စစ်တပ်မှ ကလေးမြို့ကနေ ချင်းတောင်ကို ဦးတည် စစ်ကြောင်းထိုး ချီတက်လာတာကြောင့် ကလေး-သိုင်းငင်း လမ်းမကြီးပေါ်ရှိ စစ်ကော်မရှင်စစ်တပ်နေရာချ ပိတ်ဆို့ထားရာ လမ်းပိုင်းများကို ရှောင်ကွင်းရန်အတွက် ဖောက်လုပ်ထားသော ဆိုင်ကယ်လမ်း (တောလမ်း)များကို CDF-CDM-Siyin မှ အောက်တိုဘာလ ၂၇ ရက်ကစပြီး ခေတ္တ ပိတ်ထားခဲ့ပါတယ်။
အောက်တိုဘာလ ၂၈ ရက်နေ့ ည ၁၁ နာရီ ခန့်မှာလည်း တီးတိန်မြို့နယ် သိုင်းငင်းရွာကို စစ်ကော်မရှင် လေတပ်မှ လေယာဉ်ဖြင့် ဗုံးနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ တလုံး ပေါက်ကွဲခဲ့တာကြောင့် ကလေးအမေ အမျိုးသမီး တစ်ဦး ဝမ်းဗိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်တလုံး ပျက်စီးခဲ့ပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့ကနေစပြီး တီးတိန်မြို့ ရှိ ၂၆၉ တပ်ရင်းသို့ ရဟတ်ယာဉ်များ အဆက်မပြတ် ဆင်းသက်ခဲ့ပြီး အောက်တိုဘာ လ ၂၉ ရက်နေ့ ညနေ အထိ အကြိမ်ရေ အနည်းဆုံး ၂၇ ကြိမ် ဆင်းသက်ခဲ့ပြီလို့လည်း တီးတိန်မြို့နေ ပြည်သူများ ထံမှ သိရှိခဲ့ ရပါတယ်။
တီးတိန်မြို့ ဒေသခံတွေကတော့ အခုလို လေယာဉ် ရက်ဆက် ဆင်းတက်တာဟာ စစ်သား အင်အားနှင့် လက်နက် ဖြည့်တင်းတာ ဖြစ်မယ်လို့ ခန့်မှန်း ထားကြပါတယ်။
ဒါ့အပြင် တီးတိန်မြို့ ၂၆၉ တပ်ရင်း ကနေ အောက်တိုဘာလ ၂၈ နေ့မှာ တွန်းဇံမြို့ဘက်ကို ဦးတည် ထွက်ခွာလာသည့် စစ်သား ၁၀၀ ကျော် ဟာ အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ တီးတိန်-တွန်းဇံ လမ်းမကြီး ပေါ်ရှိ မောင်ကင်ရွာ လမ်းခွဲကနေ တီးတိန်မြို့ဘက်ကို လှည့်ပြန်လာခဲ့တယ်လို့လည်း တီးတိန်မြို့နေ ပြည်သူများထံမှ သိရှိခဲ့ရပါတယ်။
“တွန်းဇံမြို့နဲ့ အနီးပတ်ဝန်းကျင်က ရွာတွေဆိုရင် ဒီရက်ပိုင်းအတွင်း စစ်ရှောင်ထွက်ပြေးလာကြတာ အများကြီးပဲ။ သူတို့ကတော့ စစ်သားတွေ လမ်းမကြီးအပေါ် ချီတက်နေရာယူတာမျိုး မတွေ့ရဘူးလို့ ပြောတယ်။ နယ်မြေ ကျွမ်းကျင်သူတွေကတော့ ဖြတ်လမ်း၊ တောလမ်း တချို့ကို အသုံးပြု စစ်ကြောင်း ချီတက်တာ ဖြစ်မယ်လို့ ထင်ကြေး ပေးကြတယ်။ ဒီကနေ့မှာတော့ သူတို့ တီးတိန်ကို ပြန်လာကြတယ်” လို့ တီးတိန်မြို့နေ လူငယ်တစ်ဦးက ပြောကြားခဲ့ပါတယ်။
အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်းမှာ တော့ ၂၆၉ တပ်ရင်းကနေ ကလေးမြို့ဘက် သွားရာလမ်းအတိုင်း စစ်သား ၂၀၀ ခန့် ချီတက်လာခဲ့ပြီး တီးတိန်မြို့အလွန် ဆဲဇန်ကျေးရွာရှိ စစ်ရှောင်များ၏ နေအိမ်အချို့ကို သော့များ ရိုက်ခွဲပြီး ဝင်ရောက် နေရာယူနေတယ်လို့လည်း ဆဲဇန်ကျေးရွာနဲ့ အဆက်အသွယ်ရှိသူတစ်ဦးထံမှ သိရှိခဲ့ရပါတယ်။
“ကျွန်တော် ကြားသိ သလောက်ကတော့ ကလေး-တီးတိန် လမ်းမပေါ်ရှိ ရွာတွေ အကုန်စစ်ရှောင် ထွက်ပြေးကြပြီတဲ့။ ဆူဇန်ရွာဆိုရင် တရွာလုံး ရှောင်တိမ်းနေပြီလို့ သိရတယ်” လို့ တီးတိန်မြို့နေ လူငယ် တစ်ဦးက ပြောကြားခဲ့ပါတယ်။
တီးတိန်မြို့နယ်ကို အခြေပြု စစ်ရေးလှုပ်ရှားတဲ့ PDF-Zoland တပ်ဖွဲ့ကတော့ စစ်ကော်မရှင်စစ်သားများ ဆဲဇန်ကျေးရွာဘက်ကို ဦးတည် ချီတက်ကြကြောင်း၊ ခိုင်ကမ်း-ပိမ်းပိ-တီးတိန် လမ်းကိုလည်း ပိတ်ထားခဲ့ပြီ ဖြစ်ကြောင်း၊ အများပြည်သူများ အနေဖြင့် ခရီးသွားလာမှုများ ရှိပါက သတိထားကြရန်နှင့် ဖြစ်နိုင်ပါက ခရီးသွားလာခြင်း မပြုဘဲ နေသင့်ကြောင်း သူတို့၏ Facebook စာမျက်မှာမှာ ဖော်ပြထားခဲ့ပါတယ်။







