စပါးသိမ်းယူနေတဲ့ စစ်ရှောင်တွေကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ တဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာပြင်းထန်

စပါးသိမ်းယူနေတဲ့ စစ်ရှောင်တွေကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ တဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာပြင်းထန်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးက တောင်ယာခင်းထဲမှာ အောက်တိုဘာလ ၂၁ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲချလို့ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေထဲက တဦး ခေါင်းထိမှန်ပြီး သေဆုံးသွားကာ နှစ်ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ စပါးသိမ်းယူခဲ့တဲ့ စစ်ဘေးရှောင်တွေဆီကနေ သိရှိရပါတယ်။

“ထိသွားတာ ခေါင်းတည့်တည့် ဖြစ်သွားတာပေါ့။ ကျည်စက သူ့ဦးနှောက်ထဲ ထိဝင်သွားတာ၊ အဲဒါ သူသတိပြန်ရဖို့ စောင့်ကြည့်နေသေးတယ်။ အဲဒါ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလေး”လို့ ဒရုန်းဗုံးကြဲခံရတဲ့ နေရာမှာ ရှိနေတဲ့ စစ်ဘေးရှောင်တဦးက ပြောပြပါတယ်။

အဆိုပါ စစ်ဘေးရှောင်တွေဟာ စပါးသိမ်းယူနေကြတဲ့အချိန်မှာပဲ ဒရုန်းနဲ့ ဗုံးကြဲခံရတာပါ။ သေဆုံးသူဟာ ထိခိုက်ဒဏ်ရာရှိသူတွေနဲ့ ဆွေမျိုးတော်စပ်ကာ တောင်ယာခင်းထဲမှာ စပါးသိမ်းယူကူရင်း ရိတ်သိမ်းထားတဲ့စပါးတွေကို သယ်ပြန်ဖို့ ထော်လာဂျီပေါ်စီပေးနေစဉ်မှာ ဒရုန်းဗုံးကျလာတာကြောင့် ခေါင်းထိမှန်ပြီး သေဆုံးသွားတာပါ။ ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ မိသားစုဝင်တွေ ဖြစ်ကြတဲ့ အသက် ၅၀ ကျော် အရွယ် ယောက္ခထီးဖြစ်သူနဲ့ အသက် ၃၀ ကျော်အရွယ် သားမက်ဖြစ်သူတို့ ဖြစ်ကြပါတယ်။

အောက်တိုဘာ၊ နိုဝင်ဘာလအတွင်းဟာ ဒေသခံနဲ့ စစ်ဘေးရှောင်တောင်သူတွေဟာ သူတို့စိုက်ပျိုးနိုင်တဲ့ ဒေသတွေမှာ စပါးရိတ်သိမ်းတာနဲ့ မြေပဲသိမ်းယူတဲ့အချိန် ဖြစ်နေတာကြောင့် စားဝတ်နေရေးအတွက် အရဲစွန့်ပြီး လယ်ယာ၊ တောင်ယာခင်းတွေဆီ သွားလာနေကြချိန်မှာ အခုလို အဖြစ်မျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာပါ။

ပြီးခဲ့တဲ့ သြဂုတ်လကနေ ယခု အောက်တိုဘာလ အထိ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကော်မရှင်ရဲ့ ဒရုန်း၊ လက်နက်ကြီးကြောင့် သေဆုံးသူ နှစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးအထိ ရှိပါတယ်။ ဒါဟာ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမှီသမျှ အချက်အလက်တွေသာ ဖြစ်ပါတယ်။

February 28, 2026
စစ်ရေးအခြေအနေပြင်းထန်ပြီး စစ်ဘေးရှောင်တွေများပြားနေတဲ့ ကရင်နီပြည်မှာ စားဝတ်နေရေး...
ကန္တာရဝတီတိုင်း ( မ် )
February 27, 2026
ကရင်နီသူနာပြုများ အစည်းအရုံး (Karenni Nurses Association - KNA) ဥက္ကဋ္ဌအဖြစ်...
February 26, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့နယ် နဲ့ မယ်စဲ့မြို့နယ်ကို ဆက်သွယ်ထားတဲ့ ဖားဆောင်း ( သံလွင် )...
ကရင်နီပြည်ကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ် နဲ့ မိုလိုချောင်းကို တွေ့ရစဉ် ( ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် ) )
February 25, 2026
အာဆင်းနစ်အဆိပ်သင့်နေတဲ့ ကရင်နီပြည်က သံလွင်မြစ်နဲ့ မိုလိုချောင်းက ရေတွေကို...