KNU တပ်မဟာ (၄) နယ်မြေ အများစုသို့ စစ်ကော်မရှင်တပ် မြေပြင်ထိုးစစ်ဆင်

KNU တပ်မဟာ (၄) နယ်မြေ အများစုသို့ စစ်ကော်မရှင်တပ် မြေပြင်ထိုးစစ်ဆင်
Photo credit - CJ
Photo credit - CJ

တနင်္သာရီတိုင်းအတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) နယ်မြေဖြစ်သည့် မြို့နယ်များအတွင်း စစ်ကော်မရှင်တပ်က မြေပြင်စစ်ကြောင်းထိုးမှုများ ပြုလုပ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကော်မရှင်က စစ်ကြောင်းထိုးနေသည်မှာ တနင်္သာရီမြို့နယ် မောတောင်နယ်စပ်လမ်းကြောင်း၊ ပုလောမြို့နယ် ပလမြို့နှင့် အနီးတဝိုက်၊ ထားဝယ်မြို့နယ် အရှေ့တောဒေသ ထီးခီးနယ်စပ်လမ်းကြောင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ကမ်းခြေအနီးရှိ ကျောက်ဆင်ရွာအပါအဝင် အနီးတဝိုက်ကျေးရွာများ၊ သရက်ချောင်းမြို့နယ် ဆင်ကျန်း၊ ကျွဲစပ် အပါအဝင် အနီး အနားကျေးရွာများသို့ ဖြစ်သည်။

“သိန်ခွန်းဘက်မှာတော့ တိုက်ပွဲတွေ နေ့တိုင်းလိုလိုဖြစ်နေတယ်။ စစ်ကြောင်းထပ်တိုးလာတာ ရှိပါတယ်။ ဒီနေ့ လေကြောင်းကနေ နှစ်ကြိမ်တောင် ဗုံးကြဲတာ ရှိတယ်နော် အထိအခိုက်တော့ မသိရသေးဘူး။ မနေ့ကလည်း ကြဲတယ်” ဟု တော်လှန် ရေးသတင်းရင်းမြစ်တရပ်က ပြောသည်။

“မနေ့က တန်းရှင်းဘက် လေကြောင်းဗုံးကြဲခံရပါတယ်။ အခုက ပလ မင်းပြင်၊ ဒီဘက် တန်းရှင်းဘက်ရော လုံးဝ အခြေအနေမကောင်းဘူး” ဟု ပုလောဒေသခံတဦးက ပြောသည်။

စစ်ကြောင်းများမှာ ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယအပတ်အတွင်းက စတင်၍ ဝင်ရောက်လာခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းများလည်း ရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လောင်းလုံးသတင်းရင်းမြစ်တဦးကလည်း “ရေကြောင်းကနေ လှေတွေနဲ့ လာတာပါ။ အခုတော့ ရွာတွေထဲ တပ်စွဲထားတယ်။ လက်နက်ကြီးတွေပစ်တယ်။ သေနတ်တွေ ရမ်းပစ်တယ်။ ပြည်သူတွေကတော့ ထွက်ပြေးရတာပေါ့” ဟု မောင်းမကန်ကမ်းခြေအနီး ရွာများအား စစ်ကြောင်းထိုးနေသည့် အခြေအနေနှင့် ပတ်သက်ပြီး ပြောသည်။

လက်ရှိ KNU တပ်မဟာ (၄) နယ်မြေအတွင်း စစ်ရေးအခြေအနေများနှင့် ပတ်သက်၍ မဇ္ဈိမက KNU တပ်မဟာ (၄) ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာအား ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် လက်ရှိ စစ်ရေး အခြေအနေများအား မသိရသေးကြောင်း ပြောသည်။

မြေပြင်စစ်ကြောင်းထိုးခြင်းအပြင် စစ်ကော်မရှင်က အောက်တိုဘာလအစောပိုင်းမှစ၍ KNU တပ်မဟာ (၄) နယ်မြေအတွင်း အရပ်သားများ နေထိုင်လျက်ရှိရာ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ် လုပ်ဆောင်လာခြင်းရှိကြောင်း KNU တပ်မဟာ (၄) ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက အောက်တိုဘာ ဒုတိယအပတ်အတွင်းက မဇ္ဈိမကိုပြောခဲ့သည်။

လာမည့် ဒီဇင်ဘာလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲမတိုင်ခင် စိုးမိုးနယ်မြေ တိုးချဲ့ရန်အတွက် စစ်ရေးနှင့် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့် လုပ်ဆောင်ခြင်းဟု သုံးသပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

KNLA ပူးပေါင်းတပ်များက ထားဝယ်- ထီးခီးနယ်စပ်လမ်းကြောင်းပေါ်ရှိ ထီးခီး၊ ထီးထ စသည့် ဗျူဟာစခန်းများနှင့် ဗောဓိတပ်စခန်း၊ ငါးရံ့နီစခန်း၊ သုခစခန်း စသည့် စစ်အုပ်စု၏ နယ်စပ်စခန်းများအား ၂၀၂၅ ခုနှစ်အစောပိုင်းကစပြီး တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်ထားခြင်းရှိပြီး နယ်စပ်လမ်းကြောင်းများ၏ ဒေသအချို့ကိုလည်း သိမ်းပိုက် စိုးမိုးထားခြင်းရှိသည်။

ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...
July 1, 2026
နော်ဝေနိုင်ငံအခြေစိုက် မြန်မာ (CRPH) အထောက်အကူပြုအဖွဲ့က ဦးဆောင်၍ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ...