ဖားကန့် နေရာ ၂ ခုမှာ နှစ်ဖက်တပ် ပစ်ခတ်မှုဖြစ်

ဖားကန့် နေရာ ၂ ခုမှာ နှစ်ဖက်တပ် ပစ်ခတ်မှုဖြစ်

ဖားကန့်မှာ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ချို့ ထွက်ခွာသွားပေမယ့် စစ်တပ်တပ်စွဲထားတဲ့ နေရာတစ်ချို့မှာ နှစ်ဖက်တပ်အကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်ဖြစ်နေသေးတယ်လို့ သိရပါတယ်။

ဖားကန့် ဆိုင်းတောင်(ဆိပ်မူ) နဲ့ ယူမာကျေးရွာလမ်းမကြီးပေါ်က အဲဗားဝင်းမျောခြံမှာ စစ်တပ်ထားတဲ့ စစ်တပ်နဲ့ မရှီမကထောင် တရုတ်ဘုံကျောင်း ရခိုင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ ရဲတပ်သားနဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေ စစ်ရေးလှုပ်ရှားလာတာကြောင့် ထိတွေ့တိုက်ပွဲရှိနေတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“အဲဒီ မရှိကထောင် ရခိုင်ကုန်းမှာ တပ်စွဲထားတဲ့ ရဲတပ်ရင်းနဲ့ ရှမ်းနီတပ်သားတွေ အပြင်ထွက်ပြီး စစ်ရေးလှုပ်ရှားလာလို့ ဒီကနေ့ ၁၂ လောက်ကနေ ထိတွေ့တိုက်ပွဲတွေဖြစ်နေတယ်။ တိုက်ပွဲတွေဖြစ်လို့လဲ လမ်းကြောမှာ စီးနင်းလာတဲ့ ကားတွေကို တော်လှန်တပ်ဘက်ကနေ တိုက်ပွဲဇုန်ထဲမဝင်ဖို့ ပြန်လှည့်ခိုင်းတာတွေ ရှိနေတယ်။ ယူမာ မရှီကထောင်ဘက်မှာက ပစ်ခတ်သံတွေလည်း ဆက်တိုက်ကြားနေရပါတယ်။ လောလောဆယ် နှစ်နေရာမှာ ရှိတယ်လို့ပြောလို့ရမယ်”လို့ပြောပါတယ်။

ဖားကန့်ဒေသထဲမှာ ပြီးခဲ့တဲ့ မေလကတည်းကနေ ဝင်ရောက်နေရာယူထားတဲ့ စစ်ကောင်စီတပ် စစ်အင်အား ၂၀၀ ဝန်းကျင်ခန့် ယခုရက်ပိုင်းအတွင်း ဖားကန့် ကာမိုင်း – နန့်ယားလမ်းဘက်ကို ထွက်ခွာသွားပြီးနောက် ပစ်ခတ်သံတွေ ယာယီငြိမ်သက်သွားပြီးနောက် ဒီကနေ့မှာ ပြန်ကြားရတာဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့် မရှီကထောင် နဲ့ ယူမာ အဲဗားဝင်းကုမ္ပဏီတွေမှာ လရှည်တပ်စွဲထားတဲ့ စစ်အင်အားတစ်ချို့ စစ်ရေးလှုပ်ရှားလာတာကြောင့် ထိတွေ့တိုက်ပွဲပြန်နေတာဖြစ်တယ်လို့ ဖားကန့် KPDF ကတာဝန်ရှိသူတစ်ဦး အခုလိုပြောပါတယ်။

“ဒီကနေ့ အခြေအနေက မရှီကထောင်ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်နေပါတယ်။ စစ်ကောင်စီတပ်ဘက်က စစ်ရေးလှုပ်ရှားလာတာကို ကြိုတင်စောင့်ဆိုင်းနေတဲ့ KIA နဲ့ PDF က ကြားဖြတ်တိုက်ခိုက်ဖြစ်တဲ့သဘောပါ။ ဟိုလိုတစ်ရက်လုံးဖြစ်နေတာတော့မဟုတ်ဘူး ပစ်လိုက်ရပ်လိုက်နဲ့ ဖြစ်နေပါတယ်”လို့ပြောပါတယ်။

နှစ်ဖက်တပ်အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်နေတာကြောင့် ယူမာရွာထဲမှာ လက်နက်ကြီးကျမှန် ပေါက်ကွဲတာရှိခဲ့ပြီး အရပ်သားထိခိုက်မှုမရှိပေမယ့် အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီးသွားတယ်လို့ ပြောပါတယ်။

လက်ရှိ တိုက်ပွဲအခြေအနေရ စစ်ကြောင်းတွေက တပ်စွဲထားတဲ့ နေရာကနေ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိတဲ့ဘက်ကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားလာတဲ့အတွက် ဖြစ်တဲ့တိုက်ပွဲဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မေလကတည်းကနေ စစ်အင်အား တစ်ထောင်ခန့်ရှိတဲ့ စစ်ကြောင်း ဝင်ရောက်လာပြီးနောက် ဖားကန့်ရဲ့ အရေးပါတဲ့ ကားမိုင်း – နန့်ယားလမ်း၊ လုံးခင်းကျေးရွာအုပ်စုနဲ့ ဖားကန့်မြို့တွင်းနေရာတော်တော်များများကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ မှော်ဆီစာဘုရားကုန်းနဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ) နေရာမှာ လကြာတပ်စွဲထားတဲ့ စစ်ကြောင်းတစ်ချို့ ဖားကန့် ကာမိုင်း – နန့်ယားဘက်ကို ဆုတ်ခွာသွားတာဖြစ်ပါတယ်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...