စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာတွင် သီတင်းကျွတ်လပြည့်ညက စစ်ကော်မရှင်တပ်၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၇ ဦးရှိလာပြီး ဒဏ်ရာရသူ ၅၀ ဝန်းကျင်ရှိကာ သွေးနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။
ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာစာသင်ကျောင်းတွင် သပိတ်ကော်မတီများနှင့် ဒေသခံများပူးပေါင်း၍ “တော်လှန်ဆီမီးသပိတ်” ကျင်းပနေစဉ် အောက်တိုဘာလ ၆ ရက် သီတင်းကျွတ်လပြည့်ည ၇ နာရီကျော်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှတက်လာသည့် စစ်ကော်မရှင်တပ်က ပါရာမော်တာ (စက်တပ်လေထီး) ဖြင့် ၁၂၀ မမ ဗုံးသီးနှစ်လုံးကြဲချခဲ့၍ ကနဦး ၁၇ ဦးသေဆုံးခဲ့ပြီးနောက် သေဆုံးသူ ထပ်မံတိုးလာခြင်းဖြစ်သည်။
“သေဆုံးသူက အရေအတွက်အမျိုးမျိုးပြောနေကြပေမဲ့ သိထားရတာက ၂၇ ယောက်ပါ။ ဒဏ်ရာရတဲ့ သူတွေကလည်း တနေရာထဲမှာ ကုသနေရာမဟုတ်တော့ ၅၀ ပတ်ချာလည်လောက်ရှိပါတယ်၊ အဓိက လိုအပ်ချက်ကတော့ သွေးနဲ့ ဆေးပါ” ဟု ဒေသခံမြေပြင်သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။
ပထမအကြိမ် ဗုံးကြဲပြီးနောက် ဒဏ်ရာရသူများကို ကယ်ထုတ်ပြီး သေဆုံးသူများအား ဈာပနပြုလုပ်နေစဉ် စစ်ကော်မရှင်တပ်က ထပ်မံဗုံးကြဲခဲ့သော်လည်း အချိန်မီ ရှောင်တိမ်းနိုင်သဖြင့် ထိခိုက်သူမရှိကြောင်း သိရသည်။
ဗုံးသည် လူအုပ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အများစုမှာ ခန္ဓာကိုယ်အောက်ပိုင်းကို ထိခိုက်သူ များပြားကြောင်း အခင်းဖြစ်ပွားပြီးနောက် အလောင်းနှင့် လူနာများကို သယ်ယူပေးခဲ့သည့် ကာကွယ်ရေး ရဲဘော်တဦးကပြောသည်။
“အလောင်းတွေသိမ်းပေး၊ လူနာတွေကားပေါ်တင်ပေးတဲ့အချိန် တွေ့ရတာကတော့ ဝမ်းဗိုက်နဲ့ အောက်ပိုင်း ခြေထောက်ထိတာ များတယ်။ တချို့ဆို အရိုးပဲကျန်တော့တာ၊ အသားစတွေ မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။
ဒဏ်ရာပြင်းထန်သောလူနာများပြား၍ ဆေးဝါးကုသမှုမလုံလောက်ပါက သေဆုံးသူ တိုးလာနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောသည်။
တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူများတွင် အရပ်သားကလေးနှင့် အမျိုးသမီးများအပါဝင် မုံရွာနှင့် ချောင်းဦး၊ မုံရွာ-အမြင့်လမ်း သပိတ်ကော်မတီဝင်အချို့ ပါဝင်ကာ ရဲဘော်ချမ်းငြိမ်းအောင်၊ ရဲဘော်ညီညီ ဇော်၊ ရဲဘော်ကံမြင့်လွင်၊ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုနှင့် We are People စစ်ဘေးရှောင်၊ မီးဘေးသင့် ပြည်သူများ ကူညီရေးအဖွဲ့မှ ရဲဘော်ဇော်လင်းထိုက်တို့ ကျဆုံးခဲ့ကြောင်း အသီးသီး အမိန့်ပြန်တမ်း
ထုတ်ပြန်ထားသည်။
ယင်းသို့ ဗုံးကြဲတိုက်ခိုက်ချိန်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၌ ပြည်သူ့ဥယျာဉ်ဖွင့်ပွဲကို စစ်ကော်မရှင်၏ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်တက်ရောက်ခဲ့ပြီး စတုဒီသာကြွေးမွေးခြင်း၊ တေးသီချင်းဖျော်ဖြေခြင်းများကို စစ်တပ်ထောက်ခံသူများဖြင့် ပြုလုပ်လျက်ရှိသည်။
မြို့ပေါ်တွင် ပျော်ပွဲရွှင်ပွဲများပြုလုပ်ပေးနေပြီး အခြားဖက်တွင် အချိန်ကိုက် ရက်စက်စွာ ဗုံးကြဲသတ်ခြင်းသည် တိုက်ဆိုင်မှုမဟုတ်ဘဲ တမင်ရည်ရွယ်ချက်ရှိရှိ ပြည်သူများအတွင်း (Community Crisis )ပဋိပက္ခ များဖြစ်ပေါ်စေရန် ဖန်တီးခြင်းဖြစ်ကြောင်း စစ်ကိုင်းဖိုရမ်ဦးဆောင်သူ ကိုစိုးဝင်းဆွေက ၎င်း၏ လူမှုကွန်ရက်တွင် ပြောဆိုထားသည်။
“ပြည်သူတွေ သေနေပြီဆိုတော့ ခံရတဲ့ပြည်သူတွေက ပျော်ပွဲသွားတဲ့ ပြည်သူတွေကို အမုန်းကြီး မုန်းမယ်။ အဲဒီအမုန်းတရားကနေ အခြေခံလို့ ဆက်ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ပဋိပက္ခတွေကို အကွက်ချ ဖန်တီးပေးလိုက်တာ” ဟု ၎င်းကဆိုသည်။
ယင်းတိုက်ခိုက်မှုကို ပြည်သူများက အကြမ်းဖက်မှုများမလိုလားသဖြင့် ကာကွယ်ရေးတပ်ဖွဲ့ (PDF) အကြမ်းဖက်များရှိရာနေရာကို တိတိကျကျ အချိန်နှင့် တပြေးညီ သတင်းပေးလာသဖြင့် ထိရောက်စွာ ချေမှုန်းခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်ထောက်ခံသူများက ဝါဒဖြန့်ချိရေးသားလျက်ရှိသည်။
မြန်မာတို့၏ သီတင်းကျွတ်လပြည့်နေတွင် အိမ်တိုင်း၏ ပြတင်းပေါက်၊ အိမ်ရှေ့ဝင်များ၊ အလေးမြတ် ထားရသည့် ရင်ပြင်များတွင် ဆီမီးထွန်းညှိခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ အဓမ္မစစ်မှုထမ်းဥပဒေနှင့် အတုယောင်ရွေးကောက်ပွဲများကို ဆန့်ကျင့်ကန့်ကွက်သည့် အနေဖြင့် နိုင်ငံအဝှမ်း ဆီးမီးထွန်းညှိ ကန့်ကွက်သည့်လှုပ်ရှားမှုများပြုလုပ်ခဲ့ ကြောင်းသိရသည်။







