ချင်းတော်လှန်ရေးအဖွဲ့များ ကွဲခြင်းနှင့် ချင်းစစ်ရှောင်ပြည်သူများအပေါ်သက်ရောက်တဲ့ ကယက်

ချင်းတော်လှန်ရေးအဖွဲ့များ ကွဲခြင်းနှင့် ချင်းစစ်ရှောင်ပြည်သူများအပေါ်သက်ရောက်တဲ့ ကယက်

“ICNCC နဲ့ ချင်းပြည်ကောင်စီ မကွဲခင်တုန်းက အခြေအနေဟာ အေးအေးဆေးဆေးရှိတယ်။ ကျနော်တို့လည်း အဖွဲ့အစည်းတွေဆီက ပညာရေးနဲ့ လူသားစာနာအထောက်အကူနှစ်မျိုးလုံး ပုံမှန်ရတယ်။ အကွဲအပြဲ ဖြစ်ပြီးကတည်းက အထောက်ပံ့တွေ လုံး၀ ရပ်ဆိုင်းသွားတယ်”

အဆိုပါစကားကတော့ လောင်တလိုင် စစ်ဘေးရှောင်စခန်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဇေယျရဲ့ ဒုက္ခသည်များ ကြုံတွေ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောတဲ့စကား ဖြစ်ပါတယ်။

ချင်းတော်လှန်ရေး အဖွဲ့နှစ်ဖွဲ့ကွဲပြီးနောက်ပိုင်းမှာ ချင်းပြည်ကောင်စီကို ထောက်ခံတဲ့ စခန်းတွေက အထောက်အပံ့ ရနေသေးတာမျိုးရှိလျှင် ချင်းညီနောင်အဖွဲ့နဲ့ နီးစပ်တဲ့ နေရာမျိုးမှာ မည်သည့် အထောက်အပံ့မှ မရတော့တဲ့အနေအထားမျိုး စသည်ဖြင့် ကြုံလာရပြီး ၂၀၂၄ ခုနှစ်နောက်ပိုင်း ဒုက္ခသည်စခန်းတွေအတွက် အများကြီး အကြပ်အတည်း ပိုဖြစ်လာတယ်လို့ သူကဆိုပါတယ်။

အိန္ဒိယနိုင်ငံဖက်ခြမ်းသို့ စစ်ဘေးတိမ်းရှောင်ရတဲ့ ဒုက္ခသည်များရဲ့ အထောက်အပံ့ရရှိမှုအခြေအနေနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်တဲ့ Exile Hub အဖွဲ့ကတော့ ထောက်ပံ့ကူညီမှုကိစ္စများဟာ နိုင်ငံရေးဆန်လာတယ်လို့ ထောက်ပြပါတယ်။

ဒုက္ခသည်နှင့် နေရပ်စွန့်ခွါ ပြည်သူနှစ်ရပ်လုံးရဲ့ အနေအထားမှာ ချင်းပြည်နယ်အတွင်းရှိ လူတစ်ဦးတစ်ယောက်၏ ဇာတိရပ်ရွာကို ကြည့်ခြင်းအားဖြင့် ၎င်းပုဂ္ဂိုလ်သည် ချင်းညီနောင်အဖွဲ့ ( Chin Brotherhood) (သို့) ချင်းပြည်ကောင်စီ အစရှိသည့် မည်သည့်နိုင်ငံရေး (သို့) လက်နက်ကိုင်အဖွဲ့အစည်းနှင့် နီးစပ်မှုရှိသည် စသည်ဖြင့် ခွဲခြားလာကြပြီး ထိုသို့ အဖွဲ့အစည်း တိမ်းညွတ်မှုကို လူမျိုးစု ဆက်နွယ်မှုများ၊ သမိုင်းစဉ်ဆက် သစ္စာခံမှုများ၊ နိုင်ငံရေးအယူအဆ တိမ်းညွတ်မှုများဖြင့် လတ်တလော ရှင်သန်ရပ်တည်ရေး ဗျူဟာများ ပုံဖော်ခြင်းဖြစ်တဲ့အတွက် အထောက်အပံ့‌‌‌ဖြန့်ဝေမှု လုပ်ငန်းစဉ်များသည်လည်း နိုင်ငံရေးဆန်လာခဲ့တယ်လို့ Exile Hub အဖွဲ့က ဆိုပါတယ်။

အဆိုပါ အကျိုးဆက်အဖြစ် အထောက်အပံ့များ ဖြန့်ဝေတဲ့အလုပ်ကို နိုင်ငံရေးဇာတ်သွင်းလာမှုကြောင့် မြေပြင်တွင် နှစ်ဆင့်ခံ ထောက်ပံ့ရေးစနစ်တစ်ရပ် ပေါ်ထွက်လာခဲ့ပါတယ်။ ဦးဇေယျေပြောပြချက် အရ အထူးသဖြင့် ICNCC နဲ့ CB ဟု သတ်မှတ်ခံရသူများတွင် အထောက်အပံ့များ ရပ်တန့်မှုကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

ထိုသို့အထောက်အပံ့များ အခက်အခဲကြုံလာတဲ့အတွက် စစ်ကောင်စီကင်းစင်ပြီဖြစ်တဲ့ နယ်မြေအချို့တွင် နေရပ်ပြန်ရန်အတွက် စိုင်းပြင်းမှုရှိသော်လည်း မြေပြင်တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် အတားအဆီးဖြစ်ရပြန်တယ်လို့ မတူပီ ဒေသခံ အလယ်တန်းပြ CDM ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

“ဒီဖက်မှာ သားသမီးနှစ်ယောက်အပါအ၀င် တစ်မိသားစုလုံး ရှောင်ပြေးလာရတယ်။ ဘာသာစကား အခက်အခဲက တစ်ကြောင်း၊ အထောက်အပံ့မရတော့တာက တစ်ကြောင်း၊ ကလေးတွေကျောင်းနေဖို့ ကိစ္စကတစ်ကြောင်း၊

အသက်မွေး၀မ်းကျောင်းအတွက် အခက်အခဲဖြစ်လာလို့ မိန်းမနဲ့ ကလေး နှစ်ယောက်ကို ဒီနှစ်ကုန် နေရပ်ပြန်ကြရပါမယ်လို့ ကတိပေးခဲ့ပေမယ့် အခု မတူပီဖက်မှာ စကစမရှိတော့ပေမယ့် အချင်းချင်း ပြဿနာပြန်ဖြစ်တော့ ပြန်လို့မရဘူး။ မိန်းမနဲ့ ကလေးတွေကို ကြည့်ပြီး အတော်လေးစိတ်ပင်ပန်းရတယ်။ ပြန်သွားပြီးမှ နောက်တစ်ခေါက် စစ်ဘေးထပ်ရှောင်ရမယ့် အနေအထားက ဘယ်လိုမှ လွယ်တဲ့ကိစ္စ မဟုတ်ဘူး” လို့ ပြောပါတယ်။

ယခင်က နယ်စပ်တွင် ကလေးများအား ကျောင်းစာသင်ကျောင်းများတွင် စာသင်ပေးခဲ့ရသော်လည်း ပုံမှန်လစာမရခြင်းအပြင် မိသားစု စား၀တ်နေရေးအတွက် အခုအခါ ကျောက်ထုတ်လုပ်‌ရေးလုပ်ငန်းခွင်မှာ အလုပ်၀င်လုပ်နေတယ်လို့ ၎င်းက ဆိုပါတယ်။

ဦးဇေယျကလည်း ၎င်းတို့ လောင်တလိုင်ရှိစခန်းတွင် လူဦးရေ ၄၀၀ ခန့်ရှိပြီး လေးလအတွင်း ၃၀ ကီလို ဆန်တစ်အိတ်သာ လက်ခံရရှိတဲ့အနေအထားဖြစ်တဲ့အပြင် တော်လှန်ရေးအုပ်စု နှစ်ခြမ်းကွဲခြင်းရဲ့ ကယက်ကြောင့် ချင်းညီနောင်အဖွဲ့နဲ့ နီးစပ်တဲ့ စခန်းများမှ ကျောင်းသား ၁၀၀ ခန့်မှာ ချင်းပြည်ကောင်စီ ဖွင့်လှစ်တဲ့ စာသင်ကျောင်းများမှာ တက်ရောက်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားရေး အကူအညီရရှိရေးမှာ အာဏာတည်ဆောက်မှုနဲ့ လက်နက်ကိုင်အဖွဲ့များ၏ လွှမ်းမိုးမှုအပေါ် များစွာ မှီခိုနေရသည်ဖြစ်ရာ မည်သူမည်ဝါ အထောက်အပံ့ရရှိသင့်သည်ဟူသော ကိစ္စများတွင်လည်း ၎င်းတို့၏ သတ်မှတ်ချက်များ ပြုလုပ်လေ့ရှိလာကြကြောင်း၊ သို့ဖြစ်ရာ ပြည်တွင်း လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းများအနေဖြင့် ဤအခင်းအကျင်းတွင် သတိကြီးကြီးဖြင့် လှုပ်ရှားနေကြရပါတယ်။

မြေပြင်မှ ရပ်ရွာအစုအဖွဲ့များသည် နိုင်ငံရေး၊ လက်နက်ကိုင်အဖွဲ့အစည်း တစ်ရပ်ရပ်နှင့် အမှန်တကယ်ဖြစ်စေ၊ သွယ်၀ိုက်နည်းဖြင့်ဖြစ်စေ ပတ်သက်မှုရှိနေနိုင်သည်ဆိုသည့် သံသယများကြောင့် အဆိုပါနေရာများတွင် အဖွဲ့အစည်းအနေဖြင့် သွားလာခွင့်ပင် မရှိတော့အပြင် ၎င်းအဖွဲ့အစည်းအနေဖြင့် အထောက်အပံ့များ ပို့ဆောင်ရန်လည်းကောင်း၊ ကူညီကယ်ဆယ်ရေး အစီအစဉ်များ၏ အကျိုးသက်ရောက်မှုကို တိုင်းတာရန်လည်းကောင်း မလွယ်ကူတော့ကြောင်း၊ ဤသို့ ဘက်လိုက်မှု ယိုယွင်းလာခြင်းသည် ရှေ့တန်းမှ လုပ်ကိုင်ဆောင်ရွက်နေသူများ၏ လုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် နိုင်ငံရေးအရ အပစ်ပယ်ခံ

အစုအဖွဲ့များကြား အဆိုးသံသရာ ပို၍ လည်လာတယ်လို့ Exile Hub ရဲ့ သုတေသနစစ်တမ်းက ထောက်ပြပါတယ်။

မီဇိုရမ်ပြည်နယ်အစိုးရစာရင်းအရ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာပြည်ဖက်ခြမ်းမှ စစ်ဘေးတိမ်းရှောင်လာသူ ၃ သောင်းခွဲ၀န်းကျင်ရှိပြီး လက်ရှိ စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေရဲ့ ပြောပြချက်အရ အိန္ဒိယအစိုးရနဲ့ နိုင်ငံတကာ NGO များထံမှ ရန်ပုံငွေထောက်ပံ့မှုဟာလည်း ယခုနှစ်မှစပြီး လျော့နည်းသွားတယ်လို့ ဆိုကြပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း USAID ရန်ပုံငွေဆိုင်းငံ့ခံရတဲ့အခါ အကြပ်အတည်းပိုဖြစ်လာခဲ့ပြီး အကူအညီများ လျှော့ကျခြင်း၊ မဖြစ်မနေဦးစားပေးရမယ့် လုပ်ငန်းများကိုသာ ဦးစားပေးရခြင်းများ ဖြစ်လာခဲ့ပါတယ်။

အိန္ဒိယ – မြန်မာနယ်စပ်ရှိ ခါနန်စစ်ဘေးရှောင်စခန်းမှ ခေါင်းဆောင် ဦးစိုးလင်းက “နိုင်ငံခြားအထောက် အပံ့ကတော့ သိပ်လာလေ့ မရှိတော့ပါဘူး။ တစ်ခါတစ်လေမှပါပဲ။ လက်ရှိကျန်နေသေးတဲ့ ဆန်အိတ်တွေကလည်း အိန္ဒိယအစိုးရထောက်ပံ့ပေးတာ ဖြစ်ပေမယ့် ဒါနောက်ဆုံးပါပဲ။ အရင်က Zoram Entu Pawl (ZEP) ကနေ ပေးဖူးတာတော့ရှိတယ်။ ဒါပေမယ့် အဲဒါကလည်း လုံလောက်တဲ့ ပမာဏမဟုတ်ဘူး” လို့ပြောပါတယ်။

အခုလက်ရှိအချိန်မှာ မီဇိုရမ်ပြည်နယ်အတွင်း ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်တွေအနေနဲ့ ဘဏ္ဍာရေးကြပ်တည်းမှု၊ ၀န်ဆောင်မှုရှားပါးမှု၊ မညီမျှတဲ့ အထောက်အပံ့ရရှိမှုများရဲ့အကျိုးသက် ရောက်မှုများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုမှာလည်း ကြီးမားစွာ အကန့်အသတ်များနဲ့ ရင်ဆိုင်နေရပါတယ်။

ဒုက္ခသည်မိသားစုအများစုမှာ ကြီးမားစွာ အကန့်အသတ်များနဲ့ ရင်ဆိုင်နေရပြီး နိစ္စဓူ၀စား၀တ်နေရေး အလျင်မီအောင် ရုန်းကန်နေရသည်ဖြစ်၍ အိန္ဒိယ -မြန်မာနယ်စပ်တစ်လျှောက်ရှိ စရိတ်စကကြီးမြင့် လွန်းသောကြောင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုရယူရန် မတတ်နိုင်ကြတော့ပါဘူး။

ဆေးဝါးကုသရေးတွင် နိုင်ငံရေးဆက်နွယ်မှုကို အခြေပြုပြီး ဘက်လိုက်မှု၊ ခွဲခြားဆက်ဆံမှုနဲ့ လျစ်လျှူရှုခံရမှုများ ကြုံရမည်ကို အမြဲတစ်စေ စိုးရိမ်နေသည့်အတွက် အချို့သောဖြစ်စဉ်များတွင် စခန်းတွင် နေထိုင်သူများသည် ချင်းပြည်ကောင်စီနှင့် နီးစပ်သည့် CDM ဆရာ၀န်များ ဖွင့်လှစ်ထားတဲ့ ဒေသန္တရဆေးခန်းများအား ရှောင်ကျဉ်ရတဲ့ အနေအထားလည်း ဖြစ်ပေါ်နေတယ်လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရ ဒုက္ခသည်များ၊ အထူးသဖြင့် တိုက်ပွဲဖြစ်ပွားရာ ပဋိပက္ခဇုံများမှ ရောက်ရှိလာသူများအတွက် ဆေးဝါးကုသရေးမှာလည်း လစ်ဟာလျက်ရှိသည့် သေရေး ရှင်ရေးအခန်းကဏ္ဍဖြစ်ပါတယ်။ အဆိုပါ လူနာများနဲ့ ရေရှည်ကုသရန် လိုအပ်တဲ့ လူနာများအား စဉ်ဆက်မပြတ် ကုသမှုပေးနိုင်ရေးအတွက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရာတွင် အရပ်ဖက်အဖွဲ့အစည်းများက အဓိက ကူညီဆောင်ရွက်ပေးလေ့ရှိပါတယ်။ အချို့လူနာများမှာ နယ်စည်းမခြား ဆရာ၀န်များအဖွဲ့ (MSF) ထံမှ ကနဦး အရေးပေါ်ကုသမှုခံယူပြီး ပိုမိုပြင်းထန်ရှုပ်ထွေးတဲ့ ကုသမှုခံယူရန် လိုအပ်သူများကို အိုင်ဇောလ်နဲ့ မီဇိုရမ်ဆေးရုံများသို့ ပို့ဆောင်ပေးရပါတယ်။

မီဇိုရမ်တွင် မရနိုင်တဲ့ အထူးကုသမှုများဖြစ်ပါက လူနာများအား ကာလကတ္တားနဲ့ နယူးဒေလီများသို့ ပို့ဆောင်ရန် လိုအပ်ပါတယ်။ ဤသို့ ဆေးရုံတက်ရက်တွင်လည်း နယ်စပ်ဖြတ်ကျော် ခရီးသွားလာရာတွင်လည်းကောင်း တရား၀င် စာရွက်စာတမ်းများ လိုအပ်တဲ့အတွက် စာရွက်စာတမ်းမရှိတဲ့ ဒုက္ခသည်များစွာတို့မှာ လူနာလွှဲပြောင်းသည့် လုပ်ငန်းစဉ်တွင် အခက်အခဲများနဲ့ ကြုံရပါတယ်။

ဦးစိုးလင်းက “၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တွေတုန်းက နယ်စည်းမခြား ဆရာဝန်များအဖွဲ့(MSF) က စခန်းက လူတိုင်းအတွက် အခမဲ့ ဆေးကုသမှုပေးပါတယ်။ ဒါပေမယ့် အခုသူတို့လည်း မပေးတော့ပါဘူး” လို့ပြောပါတယ်။

အထူးသဖြင့် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနဲ့ နာတာရှည်ရောဂါသည်များမှာ ဆေးဝါးကုသမှု အလုံအလောက်မရပဲ USAID အထောက်အပံ့များ ဆုံးရှုံးရတဲ့အတွက် ရှိရင်းစွဲ ၀န်ဆောင်မှုများပင် လျော့ပါးသွားတယ်လို့ Exile Hub ရဲ့သုတေသနစာတမ်းက ဖော်ပြပါတယ်။

Medical Network – Chin ရဲ့ အဖွဲ့၀င် CDM ဆရာ၀န်တစ်ဦးကလည်း “ ကျနော်တို့က ဘာသယံဇာတ မရှိတဲ့သူတွေလည်းဖြစ်တော့ အားလုံးက အလှူရှင်တွေနဲ့ပဲ သွားနေတာဖြစ်တယ်။ ဒါ‌ကြောင့် ကျနော်တို့ ဘယ်လောက်ထိ သွားနိုင်ကြမှာလဲပေါ့။ ပြည်သူလူထုကလည်း အရမ်းကိုပင်ပန်းနေကြပြီ။ စစ်ကောင်စီကို တိုက်ထုတ်ဖို့အတွက် ကျနော်တို့ အများကြီးလည်း ကုန်ခဲ့ကြပြီ။ အခုက မိသားစုတစ်စုချင်းစီရဲ့ မီးဖိုချောင်အထိ ရိုက်ခတ်သလို ပညာရေး၊ ကျန်းမာရေး၀န်‌ဆောင်မှုတွေအထိပါ ရိုက်ခတ်နေတယ်” လို့ ပြောပါတယ်။

CDM ကျန်းမာရေး၀န်ထမ်းများအနေနဲ့ မြေပြင်က ပြည်သူများရဲ့ ကျန်းမာရေး၀န်ဆောင်မှုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းကနေ ပါ၀င်နေကြပေမယ့်လည်း ထောက်ပံ့မှုအခက်အခဲများရှိလာသည့်ကြားက ချင်းတော်လှန်ရေးအဖွဲ့များ ကွဲလာခြင်းက ကျန်းမာရေး၀န်ဆောင်မှုပေးရာမှာလည်း များစွာ အတားအဆီးဖြစ်စေတယ်လို့ ဆိုပါတယ်။

Chin Health Organization မှ CDM ဆရာ၀န်တစ်ဦးက “ကျနော်တို့ဟာဆိုရင်လည်း CDM တွေဖြစ်တဲ့အတွက် တစ်ဖက်တစ်လမ်းကနေ ပါ၀င်နေကြတယ်။ အခု အချင်းချင်းမတည့်တဲ့အနေအထားဖြစ်လာတဲ့အချိန်မှာ ကျနော်တို့ ဆောင်ရွက်နေတဲ့ မြေပြင်က ကျန်းမာရေးစောင့်ရှောက်မှုတွေအထိ ပါရိုက်ခတ်နေတယ်။ ကျနော်တို့အနေနဲ့ ပြောရမယ်ဆိုရင် အခုလို ကွဲတာက အဆင်မပြေဘူးဆိုတာ သိသိကြီးနဲ့ ကျနော်တို့ရဲ့ ကျန်းမာရေး၀န်ဆောင်မှုလုပ်ငန်းကိုလည်း တစ်ဖက် တစ်လမ်းက တောင့်ခံပြီးသွား နေရတဲ့အနေအထားဖြစ်တယ်” လို့ ပြောပါတယ်။

CDM Medical Network – Chin က ဇူလိုင်လ (၁၄) ရက်နေ့မှာ ချင်းတော်လှန်ရေးအဖွဲ့များအနေနဲ့ တော်လှန်ရေးလုပ်ငန်းဆောင်ရွက်ရင်း ကျန်းမာရေး၊ ပညာရေးနဲ့ ပြည်သူ့၀န်ဆောင်မှု ပေးနေတဲ့လုပ်ငန်းများကို အတားအဆီးမပြုလုပ်ကြရန်နှင့် အချင်းချင်းအကြား လက်နက်ဖြင့် သွေးထွက်သံယိုဖြစ်စေသည့် ဖြေရှင်းမှုမျိုး ရှောင်ရှားပြီး စားပွဲ၀ိုင်းတွင် အဖြေရှာကြရန် ချင်းတော်လှန်ရေးအဖွဲ့များကို တောင်းဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

CDM ဆရာ၀န်တစ်ဦးက “ကျနော်တို့အနေနဲ့ကတော့ ကိုယ့်ရဲ့ရာထူးနေရာတွေကို စွန့်ပြီး ဒီအာဏာရှင်ကို လက်မခံတဲ့အတွက် ပါ၀င်လာတာဖြစ်တဲ့အတွက် အချင်းချင်းအကြားမှာ အခုလို ဖြစ်လာတာကတော့ လုံး၀ လက်သင့်မခံတဲ့ အနေအထားဖြစ်တယ်။ အခုအချိန်မှာတော့ ဘုံရန်သူကိုလည်း တစ်ပြည်နယ်လုံးကနေ မမောင်းထုတ်နိုင်သေးပဲနဲ့ သူ့နယ်မြေ၊ ကိုယ့်နယ်မြေတွေ သတ်မှတ်ပြီး ထိန်းချုပ်မှုတွေ လုပ်လာတာကတော့ အမှန်ဆိုရင် အများပြည်သူ၀န်ဆောင်မှုလုပ်လာတဲ့အချိန်မှာလည်း အများကြီး အဟန့်အတား ဖြစ်စေတယ်။ ဘာဖြစ်ဖြစ် ရွာသားတွေရဲ့ အခြေခံလိုအပ်ချက်တွေက အတူတူပဲဖြစ်တယ်။ အဲဒါကို လက်လှမ်းမီသရွေ့ သွားလုပ်ပေးဖို့တွေမှာကအစ အတားအဆီးဖြစ်နေတာကတော့ မဖြစ်သင့်ဘူးပေါ့” လို့ ပြောပါတယ်။

ဒုက္ခသည်များ ဦးစီးဦးရွတ်ပြုတဲ့ စာသင်ကျောင်းများမှာလည်း အခုအခါ ရန်ပုံငွေမလုံလောက်ခြင်း၊ စေတနာ့၀န်ထမ်းများကိုသာ အခြေပြု၍ လည်ပတ်နေရခြင်းသလို ဆရာ ဆရာမများအနေဖြင့်လည်း ဉာဏ်ပူဇော်ခအဖြစ် ရူပီးငွေ ၂၀၀ – ၃၀၀ ၀န်းကျင်ကိုသာ မှီခိုနေရတဲ့အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

CDM ကျန်းမာရေး၀န်ထမ်းဖြစ်သူတစ်ဦး၏ ပြောပြချက်အရ ၂၀၂၂ ခုနှစ်မှာ မီဇိုရမ်ပြည်နယ်အတွင်း ဒုက္ခသည် ကျောင်းပေါင်း ၃၃ ကျောင်း ထူထောင်ဖွင့်လှစ်ခဲ့ပြီး CDM ဆရာ၊ ဆရာမ ၆၀၀ ဖြင့် ကျောင်းသူ၊ ကျောင်းသား ဦးရေ ၄၀၀၀ ခန့်ကို ပညာသင်ကြားပေးသော်လည်း အခုအခါ ကျောင်းအများစုကို ပိတ်လိုက်ရပြီး ၂၀၂၄ ခုနှစ်၊

နို၀င်ဘာလအတွင်း စာသင်ကျောင်း ငါးကျောင်းသာ လည်ပတ်နိုင်တော့တယ်လို့ ဆိုပါတယ်။

ကျောင်းဆရာမတစ်ဦးက “ ဒုက္ခသည်စခန်းရှိ စာသင်ကျောင်းများဟာ NUG ရဲ့ ကွပ်ကဲမှုအောက်မှာ ဆက်လက်လည်ပတ်နေပြီး ဒေသခံများရဲ့ အလှူများနဲ့အတူ အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်များ ထုတ်ပေးပါတယ်” လို့ပြောပါတယ်။

စာသင်ကျောင်းများမှာ ရှင်းလင်းပြတ်သားတဲ့မူ၀ါဒလမ်းကြောင်းမရှိပဲ ရန်ပုံငွေနဲ့အရင်းအမြစ်များ ရှားပါးပြတ်လပ်ခြင်းနဲ့ရင်ဆိုင်နေရအကြောင်း၊ မီဇိုရမ်အစိုးရကျောင်းများကိုတက်ရောက်ခွင့်ရှိတယ်လို့ ဆိုသော်လည်း ဘာသာစကားနဲ့သွားလာရေးအခက်အခဲများကြောင့်ဒုက္ခသည်မိသားစုများမှာ အရင်းအမြစ်လုံလောက်မှုမရှိတဲ့ NUG ကျောင်းများကိုသာ ရွေးချယ်တက်ရောက်နေရပါတယ်။

ပညာရေးနဲ့ပတ်သက်ပြီး ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်းအကြား ပဋိပက္ခဖြစ်ပွားမှုမှသည် ၀န်ဆောင်မှုလုပ်ငန်းများတွင် အတားအဆီးအခက်အခဲများရှိလာတဲ့အနေအထားကနေ ကျောင်းသူ၊ ကျောင်းသားများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်လည်း ကိုယ့်အချင်းချင်းအကြား ခွဲခြားဆက်ဆံမှုမျိုး ဖြစ်သည်အထိ သက်ရောက်မှု မရှိစေချင်ဘူးလို့ ထန်တလန်မြို့နယ်၊ ကျေးရွာတစ်ရွာရှိ ကိုယ်ထူကိုယ် ထကျောင်းတွင် စာသင်ပေးလျက်ရှိတဲ့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။

သူက “ကျနော် တက္ကသိုလ်ကျောင်းသားဘ၀ဖြစ်ဖြစ်၊ ဆရာဖြစ်လာတဲ့အချိန်ဖြစ်ဖြစ် we are one in Chin ဆိုတဲ့ ဆောင်ပုဒ်အတိုင်းပဲ လက်ခံကျင့်သုံးနေခဲ့တာ ဖြစ်တယ်။ ကျနော်တို့ တစ်သင်း တစ်ဖွဲ့ အနေနဲ့ သွားနေလို့ရတာ မဟုတ်ဘူး။ ဒါကြောင့် လူငယ်တွေအထိ အချင်းချင်းကြား ပဋိပက္ခရဲ့ကယက်ကို လက်ဆင့်မကမ်းစေချင်ဘူး။

ကျနော် ကျောင်းဆရာသက်တမ်းတစ်လျှောက် မလုပ်နိုင်ခဲ့ရင်တောင် လူငယ်တွေကိုတော့ we are one in Chin ဆိုတာမျိုးကိုပဲ လက်ဆင့်ကမ်းစေချင်တယ်” လို့ပြောပါတယ်။

ထိုသို့ မြေပြင်အခြေအနေများအတွင်း စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာရောက် အလှူရှင်များရဲ့ ရန်ပုံငွေ ရှာပုံရှာနည်းဟာလည်း တစ်ဖက်တစ်လမ်းက အကျိုးသက်ရောက်စေတယ်လို့ ချင်းဒုက္ခသည်များအရေးနဲ့ ပတ်သက်ပြီး သတင်းရေးသားဖော်ထုတ်လျက်ရှိသူ သတင်းသမားတစ်ဦး က ထောက်ပြပါတယ်။

“အခုလိုမျိုး ပိုပိုဆိုးလာတာက တော်လှန်‌ရေးအတွက် ရန်ပုံငွေရှာပေးနေတဲ့ Funraising အဖွဲ့တွေက တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကို ရန်ရှာ၊ ရန်စတဲ့အသုံးအနှုန်းတွေနဲ့ ကိုယ့်ပရိတ်သတ်ဆီက အလှူငွေရဖို့ ချည်းကပ်လာတဲ့အချိန်မှာ ဆိုးရွားတဲ့ အခြေအနေက ပိုပြင်းထန်လာတယ်။ အရင်က တစ်ဖွဲ့တည်းကနေ အခုက ဟိုဖက် ဒီဖက် တစ်လှည့်စီ ပြန်ချနေတာနဲ့ မပြီးတော့ဘူး။ အဲဒါကအတော်လေးကို ဆိုးဆိုးရွားရွား သက်ရောက်စေတယ်” လို့ပြောပါတယ်။

ချင်းအရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးကလည်း “အရင်ကတည်းက ကျနော်တို့မှာ အချင်းချင်းအကြား ခွဲခြားဆက်ဆံတဲ့ အလေ့အထရှိတဲ့ဟာကို အခုထိ ဆက်လက်သယ်ယူနေတဲ့ ပြဿနာကြောင့် အခုလိုမျိုး နောက်ဆက်တွဲအထိ ပါလာတာဖြစ်တယ်။ ဒါကို အခြေခံကျကျ အဖတ်ပြန်ဆယ်ဖို့ဆိုရင် အချင်းချင်း အပြန်အလှန်လေးစားမှုကနေစမှ အခု အတူရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အတူဖြေရှင်းနိုင်မှာ ဖြစ်တယ်။ အချင်းချင်းကြားထဲမှာ နိုင်ငံရေးလှည့်ကွက်တွေ သုံးပြီး နောက်ကျောကနေ ဓားနဲ့ ထိုးတာမျိုးလုံး၀ မဖြစ်စေချင်တော့ဘူး” လို့ ပြောပါတယ်။

ဒုက္ခသည်များ အကူအညီပေးရေး၊ အချင်းချင်းအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခအရေးများနဲ့ ပတ်သက်ပြီး လက်ရှိအနေအထားဟာ ချင်းဆိုတဲ့ ဘုံတူညီမှု ပျောက်ဆုံးသည်အထိ ဖြစ်လာတယ်လို့ သံရုံးတစ်ခုတွင် တာ၀န်ထမ်းဆောင်လျက်ရှိသူ ချင်းတိုင်းရင်းသားတစ်ဦးက ပြောပါတယ်။

သူက “အခုဆိုရင် ချင်းဆိုတဲ့ ဘုံတူညီမှာ အတူတူမတွေ့နေရတော့ဘူး။ ပြဿနာအားလုံးရဲ့ ခံစားချက် တွေအတွက် ဘုံတူညီမှုဆိုတဲ့အရာ ပျောက်ဆုံးနေတယ်လို့ ခံစားရတယ်။ ဘာကိစ္စဖြစ်ဖြစ် ကျနော်တို့ အနေနဲ့ ချင်းလူမျိုးတစ်ခုတည်းဆိုတဲ့ တူညီမှုကနေ ဘယ်အရာမဆို ချည်းကပ်တာမျိုး ဖြစ်ဖို့လိုတယ်”လို့ပြောပါတယ်။

ချင်းအရေးနဲ့ ပတ်သက်ပြီး စနစ်တစ်စုံလုံးဆိုင်ရာ အပြောင်းအလဲ မဖြစ်ပေါ်ပါက အိန္ဒိယ -မြန်မာ နယ်စပ်တစ်လျှောက် နေရပ်စွန့်ခွါ ပြည်သူများအနေဖြင့် မလူးမလွန့်သာ အညိုရောင်နယ်မြေအတွင်း ဆက်လက်နေထိုင်ရအုံးမည် ဖြစ်ပြီး လုံလောက်မှုမရှိတဲ့ နယ်စပ်ဖြတ်ကျော် အကာအကွယ်နဲ့ ဒေသန္တရထောက်ပံ့ကူညီရေးအဖွဲ့များ၏ အစိတ်စိတ်အမွှာမွှာ သွေးစည်းညီညွတ်မှုများအကြားတွင် ကြားညှပ်နေအုံးမှာဖြစ်တယ်လို့ Exile Hub အဖွဲ့က ထောက်ပြပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
December 3, 2025
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာခဲ့ပြီးနောက် စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်သည်...