တိုက်ပွဲများဆက်ဖြစ်နေသဖြင့် ဒီးမော့ဆို ပြည်သူများ ထပ်မံ စစ်ရှောင်ရမည်ကို စိုးရိမ်

တိုက်ပွဲများဆက်ဖြစ်နေသဖြင့် ဒီးမော့ဆို ပြည်သူများ ထပ်မံ စစ်ရှောင်ရမည်ကို စိုးရိမ်

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ ထိုးစစ်များကြောင့် နှစ်ဖက်ကြား ထိတွေ့တိုက်ပွဲများ ဆက်ဖြစ်နေသည့်အတွက် ဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများမှာ ထပ်မံ တိမ်းရှောင်ရမည်ကို စိုးရိမ် နေကြသည်။

ကရင်နီပြည်တွင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် နယ်မြေများ ပြန်လည်ထိန်းချုပ်နိုင်ရန် ဩဂုတ်လမှစ၍ စစ်ကော်မရှင်တပ်က ဒီးမော့ဆို - ဖရူဆို လမ်းမကြီးတစ်လျှောက် ထိုးစစ်ဆင်လာသည်။

ထို့ကြောင့် ဒီးမော့ဆိုမြို့နယ် အတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်တို့အကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ယနေ့ချိန်ထိ ဆက်လက် ဖြစ်ပွားနေပြီး ပိုမို ပြင်းထန်လာနေသည်။

ထို့သို့နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်လာသည့်အတွက် စစ်ကော်မရှင်က စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ် မခွဲခြားဘဲ လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာမည်ကို စိုးရိမ်နေကြသည်ဟု ဒီးမော့ဆို အနောက်ခြမ်းရှိ စစ်ဘေးရှောင်မှ အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“လေယာဉ်ဆိုလည်း နေ့တိုင်းဝဲနေ။ ဒရုန်းသံဆိုလည်း တစ်ခါလေ ကြားတယ်။ လက်နက်ကြီးသံလည်း နေ့တိုင်း လိုလိုကြားတယ်။ စိုးရိမ်စရာတွေတော့ အများကြီးပေါ့နော်။ သူတို့က လျှောက်ကြဲမယ်လို့လည်း ကြားတယ်။ စစ်ရှောင်တို့ ကျောင်းတို့ လိုက်ကြဲမယ်လို့လည်း ကြားတယ်။ အဲ့ဒါကြောင့်မို့လို့ လေယာဉ်လာတယ် ဆိုရင် စိုးရိမ်ရတယ်။ အဓိက ကလေးတွေပေါ့နော်။ ပညာရေး အဓိက ဦးစားပေးချင်တယ်။ ပြီးလို့ရှိရင် ကောင်း ကောင်းနဲ့ ပြီးဆုံးစေချင်တယ်။ အခုက ကျောင်းဖွင့်လိုက် ပိတ်လိုက်ဆိုတော့ သူတို့လည်း ဒီတစ်သက်တော့ ကျောင်းပြီးနိုင်မှာ မဟုတ်ဘူးထင်တယ်။ လေယာဉ်က နေ့တိုင်းဝဲ ကျောင်းက တစ်ချိန်လုံးပိတ် ဆိုတော့ အဆင် မပြေဘူးလေ။”

လက်ရှိတွင် လေကြောင်းရန်နှင့် ဒရုန်းသုံး ဗုံးကြဲတိုက်ခိုက်မှုရန်တို့မှ ကာကွယ်နိုင်ရေး ကျောင်းများကို ပိတ်ထား ရသည်ဟု စစ်ရှောင်များက ပြောသည်။

စစ်ရေး အခြေအနေ ပြင်းထန်လာမူကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးအရ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့သွားလာရေး၊ အလုပ်လုပ်ကိုင်ရန် ခက်ခဲခြင်းတို့နှင့် ရင်ဆိုင်နေကြရသည်ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ၂ ဦးဗညားက ပြောသည်။

“စစ်ရေးက ပိုတင်းမာလာတယ်။ နောက်စစ်ရေးကလည်း ပိုကျယ်ပြန့်လာတယ်ပေါ့နော်။ အဲ့ကြောင့်မို့

လူထုတွေက ပိုပြီးတော့မှ စိုးရိမ်ပူပန်စိတ် ရှိတယ်ပေါ့။ အထူးသဖြင့် ကျန်းမာရေးဆိုင်ရာအရ သွားလာရတာ အခက် အခဲ ပိုရှိသွားတယ်။ တချို့နေရာဆိုရင် ဥပမာ ဒီးမော့ဆို အရှေ့နဲ့ ဒီးမော့ဆို အနောက် ကူးဆက်သွားဖို့ အရမ်း ခက်ခဲ သွားတယ်ပေါ့နော်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ပုံမှန် ကူသန်းရောင်းဝယ်ရေး လုပ်လို့ မရတော့သလို လူနာ တွေကို ပို့တာတွေ လူနာနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေး ဆိုင်ရာ ကုသမှုတွေ နောက်ပြီးတော့မှ သာရေး နာရေးကိစ္စတွေမှာ သွားလာဆက်ဆံလို့ မရတဲ့ ပုံစံ ဖြစ်သွားတာပေါ့။”

စစ်ရေး အခြေအနေအရ ဖရူဆို - ထားလဲ - နန်းဖဲ လမ်းမကြီး အပါအဝင် လမ်းသွယ်များ အားလုံးကို

စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်၍ ရက်အကန့်အသတ် မရှိ ပိတ်ထားသည့်အပြင် လွိုင်ကော် - ဒီးမော့ဆို - ဖရူဆို -ဘောလခဲ လမ်းမကြီးကိုလည်း အသုံးပြုသွားလာခြင်း မလုပ်ရန် ကရင်နီတော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

ဒေသတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်တပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှု အန္တရာယ်များကြောင့် အကြောက်တရား လွမ်းမိုးပြီး စိုးရိမ်စိတ်နှင့် အသက်ရှင်နေရသည်ဟု စစ်ရှောင်များက ပြောသည်။

စစ်ရှောင်အမျိုးသမီးက “အခုဆို တိုက်ပွဲလည်း ရက်တိုင်းလိုလို ဖြစ်တယ်။ မနက်ဆိုလည်း ဒုန်းဒုန်းဒိုင်းဒိုင်းနဲ့။ လေယာဉ်ဆိုလည်း အမြဲ နားစွင့်ပြီးနေရတယ်။ လက်နက်ကြီးသံလည်း နေ့တိုင်းလိုလို ကြားတယ်။ စိုးရိမ်စရာ တွေတော့ အမျာကြီးပေါ့နော်။ ဟို့တစ်နေ့ကဆိုလည်း လက်နက်ကြီးတွေ ထုလာတယ်။ အစ်မတို့ဆို မအိပ်ဘဲနဲ့ အောက်ပြေးဆင်း ပြီးတော့ ဗုံးခိုကျင်းဘေးမှာ သွားနေ၊ လက်နက်ကြီးလာတော့ တကယ့်ကိုယ့်နားမှာ ကျမယ့်ပုံနဲ့ မီးနီနီနဲ့လာ အဲ့လိုမျိုးဆို ကြောက်ရတယ်။ အခုဆို စစ်သားလည်း တော်တော်လေး နီးလာပြီးကော။ ပြေးစရာနေရာလည်း ကုန်ပြီ မရှိတော့ဘူးလေး” ဟု ပြောသည်။

တိုက်ပွဲ အခြေအနေများကြောင့် လွိုင်နန်းဖမြို့နယ်၊ ဒီးဘောင်းခူမြို့နယ်နှင့် နန်းမယ်ခုံမြို့နယ်အတွင်း အသွားအလာများကို ကန့်သတ်ထားသည်။

စစ်ရေးအရ သွားလာလှုပ်ရှားသည့် တပ်ဖွဲ့များနှင့် အရေးပေါ် ကျန်းမာရေး (နာရေး) လိုအပ်ချက်အရ

သွားလာရမည့်သူများမှအပ မည်သူမှ လုံခြုံရေးအရ ည ၉ နာရီ မှ နံနက် ၄ နာရီအတွင်း သွားလာလှုပ်ရှားခြင်း မလုပ်ကြ ရန် သက်ဆိုင်ရာ မြို့နယ် ပူးပေါင်း အုပ်ချုပ်ရေး ကော်မတီက စက်တင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထား သည်။

ကရင်နီပြည်ရှိ ပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာဒေသတွင်းက တပ်ရင်းတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို လိုက်နာကြရန်နှင့် စစ်ရေးသတိ ရှိကြရန်လိုသည်ဟု သတိပေးထားသည်။

Most read this week

AA Info Desk (ပုံဟောင်း)
January 21, 2026
မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်အတွင်း အမျိုးသမီး ၈၀၀ နီးပါး သေဆုံးခဲ့ပြီးနောက် စစ်ကော်မရှင်တပ်၏...
စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက် (ဖားကန့်မြို့နယ်)
January 20, 2026
မြစ်ဆုံစီမံကိန်းအား စစ်ကော်မရှင်က ပြန်စတင်ရန် ကြိုးပမ်းမှုမှာ တရုတ်၏ ထောက်ခံမှုရယူရန် နိုင်ငံရေး...
January 19, 2026
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထောင်ဖောက်ပြေးခဲ့သည့် စစ်ကော်မရှင် စစ်သုံ့ပန်း ၈၀...
January 16, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဒုတိယပိုင်းအတွင်း မဲရုံများနှင့် အုပ်ချုပ်ရေးရုံးများ...