“ဒရုန်းသံ တဝီဝီ စကြားရတာ၊ မကြာလိုက်ဘူး ပေါက်ကွဲသံ အကျယ်ကြီး ကြားရတာပဲ။ ဈေးဘက်မှာ ဗုံးသီးချသွားလို့ မီးခိုးတွေ တက်လာတာ၊ဒရုန်းက ၅ လုံး ၆ လုံး အုပ်လိုက်ကြီး လာတာ”လို့ တိုက်ပွဲတစ်ခုရဲ့ ခေါ်သံကို နောင်ပိန်ဒေသခံ စိုင်းလျန်းက မမျှော်လင့်ဘဲ ကြားလိုက်ရပါတယ်။
သျှမ်းပြည်မြောက်ပိုင်းရဲ့ တံခါးပေါက်လို့ တင်စားလို့ရတဲ့ နောင်ချိုမြို့ကို စစ်ကော်မရှင်တပ်က တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA လက်ထဲက ပြန်လည်ထိန်းချုပ်ခဲ့ပြီးတဲ့နောက် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်က ကျောက်မဲမြို့ကို ထပ်မံထိန်းချုပ်ဖို့ ကြိုးစားလာပါတယ်။
နောင်ချိုမြို့ရဲ့ ဂုတ်ထိပ်တဖက်ကမ်းမှာမေးတင် တည်ရှိတဲ့ နောင်ပိန်ရွာဟာ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ရောက်ဖို့ နောက်ထပ် ၁၅ မိုင် အကွာအဝေးခန့် ဆက်သွားရပြီး သျှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ရာမှာ အရေးပါပါတယ်။
နောင်ချိုနဲ့ ကျောက်မဲကြားမှာ တောမကျ မြို့မကျ တည်ရှိနေတဲ့ နောင်ပိန်ရွာကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA က ထိန်းချုပ်ထားပြီး လူစည်ကားတဲ့ ရှမ်းရွာတစ်ရွာ ဖြစ်ပါတယ်။
အဲ့ဒီကျေးရွာက လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ညီနောင်မဟာမိတ်တပ်များ စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းနဲ့ ဒုတိယပိုင်းကာလတွေမှာ စစ်ဒဏ် အဖျားခတ် ခံရရုံကလွဲလို့ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးခဲ့ရခြင်း မရှိပါဘဲ အနယ်နယ် အရပ်ရပ်က စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေအတွက် ခရီးတစ်ထောက် ခိုနားစရာ ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် နောင်ချိုမြို့ကို စစ်ကော်မရှင်တပ်က ဇူလိုင်လ ဒုတိယပတ်ထဲမှာ ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဂုတ်ထိပ်တဖက်ကမ်းရှိ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ နောင်ပိန်တိုက်နယ်ထဲကို ဒရုန်းဗုံးနဲ့ လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်လာခဲ့ပါတယ်။
“နောင်ချိုရပြီးရင် စစ်တပ်က ကျောက်မဲ မဟုတ်ရင် မိုးကုတ်ကို ဆက်တိုက်မယ်ဆိုတာ လူတိုင်းသိတယ်။ ဒါပေမယ့် ကျောက်မဲရောက်ဖို့ SSPP ထိန်းချုပ်တဲ့ နောင်ပိန်ကို ဖြတ်မှရမှာ။ ရွာထဲကို လက်နက်ကြီး စစချင်း ကျတုန်းက ပြည်သူတွေ ထွက်ပြေးကြပေမယ့် လူကြီးတွေက ညှိလို့ရတယ်ပြောလို့ ပြန်လာနေကြတာ”လို့ စိုင်းလျန်းက စိတ်ပျက်အားငယ်စွာ ပြောပါတယ်။
ကျောက်မဲမြို့နဲ့ နောင်ပိန်ရွာကြားမှာ ပြည်ထောင်စုလမ်းမကြီး ခြားရုံနဲ့တင် အဖြူအမည်း ပြောင်းလဲသွားတဲ့ TNLA နဲ့ SSPP/SSA အကြား နယ်မြေရှုပ်ထွေးမှုကြောင့် ဒေသခံတွေဟာ စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းသံ၊ လက်နက်ကြီးသံတွေကြား ထွက်ပြေးတိမ်းရှောင်ဖို့ တွေဝေခဲ့ရပါတယ်။
ဒီလိုနဲ့ TNLA ခံစစ်ပြင်ထားတဲ့ ဂုတ်တွင်းလမ်းပိုင်းကို နောင်ချိုမြို့မှာ ရောက်နေတဲ့ စစ်ကော်မရှင်လက်အောက်ခံ တပ်မ-(၁၁) ဟာ ကွေ့ဝိုက်ရှောင်ရှားပြီး မထင်မှတ်ထားတဲ့ ကုန်းလမ်းမှတဆင့် ဂုတ်တွင်းချောင်းဖြတ်ကူးကာ နောင်ပိန်တိုက်နယ်ထဲရှိ ထန်းတပင်ရွာဘက်ကို ဩဂုတ်လ၁၈ ရက်နေ့မှာ မြေပြင်ထိုးစစ် စတင်လာခဲ့ပါတယ်။
“လေယာဉ်နဲ့လည်း ဗုံးထပ်ကြဲသွားပြီ၊ ရွာထဲ ဘယ်လိုမှ ဆက်နေလို့မရတော့ဘူး။ ကုတင်အောက် ဝပ်နေတာတောင် ကိုယ့်နားလေး လာဝဲသလိုကြားနေတာ။ အလယ်ကျောင်းမှာ ဗုံးကြဲခံရပြီး စစ်ရှောင်တွေ သေတော့မှ ရွာထဲကနေ အားလုံး ထွက်ကြတာ။ နောင်ချိုဘက်ကနေလည်း အတွဲလိုက်ဒုံးနဲ့ နောင်ပိန်ဘက် ပစ်လာတယ်”လို့ စိုင်းလျန်းက ထွက်ပြေးတိမ်းရှောင်လာရတဲ့ အခြေအနေကို ညှိုးငယ်စွာ ပြန်ပြောင်း ပြောပြနေပါတယ်။
နောင်ပိန်တိုက်နယ် ပင်တီးကျေးရွာ မဇ္ဈိမာရာမ အလယ်ကျောင်းမှာ ဩဂုတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ဘက်မှ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် (၁၀) ဦးကျော် သေဆုံးပြီး ဒဏ်ရာပြင်းထန်သူ (၁၂) ဦး ရှိတယ်လို့ SSPP Info က အဲ့ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ စစ်ဘေးရှောင်များ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းပေါ် တည့်တည့်ကို လေကြောင်းဗုံးကြဲခံရတာကြောင့် ကလေးနဲ့ အမျိုးသမီးအပါအဝင် နောင်ချိုစစ်ဘေးရှောင် (၁၇) တို့ရဲ့ အလောင်းကို ဆွဲထုတ်နိုင်ခဲ့ပြီး လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးကို ဆေးကုသဖို့ ပို့ဆောင်ပေးလိုက်ရတဲ့ ဒဏ်ရာရလူနာ (၄၀) ကျော်အထိ ရှိတယ်လို့ ဒေသတွင်း လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
ဒါ့အပြင် SSPP တပ်စွဲထားတဲ့ နောင်ပိန်ရဲစခန်းအနီးကိုလည်း စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အဲ့မှာရှိနေတဲ့ SSPP တပ်သားတစ်ဦးနဲ့ ၎င်းတို့ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အချုပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူများက ပြောပါတယ်။
စစ်ရှောင်ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်း လေကြောင်းဗုံးကြဲခံရပြီး အစုလိုက် အပြုံလိုက် သေဆုံးမှု ဖြစ်ပြီးနောက် နောင်ပိန်ရောက် နောင်ချိုစစ်ဘေးရှောင်များနဲ့ နောင်ပိန်ဒေသခံများဟာ ရုတ်တရက် စစ်ဘေးရှောင်ဖို့ ဖြစ်လာကြပြီး ထွက်ပြေးလာချိန်မှာ ဘာမှ မယူလာခဲ့နိုင်ဘူးလို့ စစ်ဘေးရှောင်တစ်ဦးဖြစ်တဲ့ နန်းဆိုင်က ပြောပါတယ်။
“လေယာဉ်နဲ့ ဗုံးကြဲခံရပြီး လူအများကြီး သေတော့ အဲ့ကျမှ လန့်ပြီး တစ်ရွာလုံး ထွက်ပြေးကြတာ။ တချို့က ရုတ်တရက် ထွက်ပြေးလာတော့အဝတ်အစားတို့ စောင်တို့ အိပ်ယာခင်းတို့ မပါလာဘူး၊ အခက်အခဲကတော့ ရိက္ခာနဲ့ ဆေးဝါးပေါ့၊ နောက်ပြီး မိုးကာတို့ ဖျာတို့ ရေပုံးတို့ အဲ့လိုမျိုးလိုနေတာ။ စစ်ဘေးရှောင်က ရွာတိုင်းကို ပြည့်နေတာပဲ”ဟု မိသားစုလိုက် စစ်ဘေးရှောင်နေရတဲ့ နန်းဆိုင်က အားငယ်စွာ ပြောပါတယ်။
နောင်ပိန်နဲ့ ကျောက်မဲကြား ပြည်ထောင်စုလမ်းမကြီးတလျှောက် စစ်ကော်မရှင်တပ်နဲ့ TNLA တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော် ရှိနေပြီး ကျောက်မဲမြို့နယ်အတွင်းက ပုံဝိုးတိုက်နယ်နဲ့ သီပေါ၊ လားရှိုးမြို့ဘက်သို့လည်း စစ်ဘေးရှောင် ၂၀၀၀ ကျော် ရောက်ရှိနေပါတယ်။
ပုံဝိုးတိုက်နယ်ရောက် စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဆရာတော် သံဃာတော်များ ကောက်ခံထားတဲ့ စာရင်းများအရ နောင်ပိန်၊ ကျောက်မဲ၊ ပုံဝိုးတလျှောက် စစ်ရှောင်စခန်း ၄၅ နေရာမှာ မိသားစုပေါင်း (၃၁၀၀) ကျော်၊ စစ်ရှောင်လူဦးရေ စုစုပေါင်း ၁၀၀၀၀ ကျော် ခိုလှုံနေရပြီး အဲ့ဒီထဲမှာ ၁၀ နှစ်အောက် ကလေးငယ် ၇၀၀ ကျော် ပါဝင်ကြောင်း သိရပါတယ်။
“စစ်ရှောင်တာ တစ်လကျော်ပြီဆိုတော့ စားစရာလည်း ပြတ်ခါနီး ဖြစ်နေပြီ။ လမ်းပိတ်ထားတော့ ဆန်လည်း ဝယ်ရခက်တယ်။ စစ်ရှောင်ကတစ်သောင်းနား ကပ်နေတော့ ရိက္ခာအကူအညီ တော်တော်လေး လိုအပ်နေတယ်၊ အခက်အခဲကတော့ စားနပ်ရိက္ခာပေါ့။ အခုလည်း အလှူရှင်တွေ ရှာနေရတုန်း”လို့ စစ်ဘေးရှောင်တွေကို တတ်နိုင်သမျှ ကူညီကြဖို့ ပုံဝိုတိုက်နယ်မှ ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။
နောင်ချိုမြို့တွင် တိုက်ပွဲပြင်းထန်ခဲ့စဉ် နောင်ပိန်ဘက် ထွက်ပြေးလာတဲ့ အချို့စစ်ရှောင်များဟာ ၃ လကျော်အထိ ဘုန်းကြီးကျောင်း၊ ဆွေမျိုးအိမ်၊ စာသင်ကျောင်းနဲ့ ဆေးရုံများမှာ နှစ်ထပ်ကွမ်း တိမ်းရှောင်နေရပြီး နေထိုင်စရာနေရာ မလုံလောက်မှုကြောင့် အချို့မှာ ကားပေါ်တွင် ခက်ခက်ခဲခဲ ခိုလှုံနေကြရတယ်လို့ စစ်ရှောင်ကူညီသူများက ပြောပါတယ်။
“တချို့လည်း ဘုန်းကြီးကျောင်းဝင်းထဲ ကားထိုးပြီး အဲ့ပေါ်မှာ နေကြတာ ရှိတယ်၊ စစ်ရှောင်နေရာ မလောက်လို့ ကားပေါ် နေရတာ။ စစ်ရှောင်ကတော့ အဓိက စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာပေါ့၊ ထွက်ပြေးရတာ တစ်လကျော် နှစ်လနီးပါးဆိုတော့ အလုပ်အကိုင် မရှိတာရယ်၊ စားဖို့သောက်ဖို့ စိတ်ပူတာရယ် အမျိုးမျိုးပေါ့”လို့ စစ်ဘေးရှောင်များကို ဦးဆောင်ကူညီနေတဲ့ ပုံဝိုးတိုက်နယ် ဆရာတော်တစ်ပါးက ရှင်းပြပါတယ်။
အိမ်ပြန်လျှင် မိုင်းနင်းခံရမယ့်ဘေးနဲ့ နေအိမ်တွေ ဖောက်ထွင်းလုယက်ခံရ စစ်ကော်မရှင်တပ်ဟာ TNLA တပ်ဖွဲ့ကို
၁၀ ရက်ကျော်ကြာ တိုက်ပွဲ ၄၇ ကြိမ် မြေပြင် ထိုးစစ်ဆင်ပြီးတဲ့နောက် နောင်ပိန်ရွာနဲ့ ဂုတ်တွင်းလမ်းပိုင်းကို ထိန်းချုပ်နိုင်ကြောင်း ဩဂုတ်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဂုတ်တွင်းတံတားနဲ့ ဂုတ်ထိပ်မီးရထားလမ်းတလျှောက် ခံစစ်ပြင်ထားတဲ့ TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကိုရှောင်ကွင်းနိုင်ဖို့ ဂုတ်ထိပ်တံတားတောင်ဘက် ၈ ကီလိုမီတာ အကွာမှ ဂုတ်တွင်းချောင်း ဖြတ်ကူးပြီး နောင်ပိန်ကျေးရွာကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီထုတ်ပြန်ချက် မတိုင်ခင် စက်တင်ဘာလ ၂၄ ရက်မှာ နောင်ချိုနဲ့ နောင်ပိန်ကြားရှိ သမိုင်းဝင် ဂုတ်ထိပ်တံတားကြီး မိုင်းခွဲဖျက်ဆီးခံရထားကြောင်း စစ်တပ်လက်အောက်ခံ တယ်လီဂရမ်ချန်နယ်များတွင် ဓာတ်ပုံများ ပျံ့နှံ့လာပြီး တံတားဖျက်ဆီးကြောင်း စစ်ကော်မရှင်တပ်နဲ့ TNLA ကြား အပြန်အလှန် စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။
တကယ်တော့ ဂုတ်ထိပ်တံတား မိုင်းခွဲဖျက်ဆီးခံရတာဟာ နောင်ပိန်ရွာအနီး စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းဗုံးကြဲပြီး အစုလိုက် အပြုံလိုက် သေဆုံးမှု ဖြစ်စေခဲ့တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကော်မရှင်တပ်က ပြည်သူတွေ အာရုံထွေပြားအောင် လုပ်တဲ့လှည့်စားမှုတစ်ခုသာ ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။
“အိမ်တော်တော်များများထိတယ်၊ တချို့က ပြာကျသွားတာ ၁၀ အိမ်ကျော်တယ်လို့ ပြောကျတယ်။ ဈေးနားက ဆိုင်တွေနဲ့ ကုန်မာဆိုင်ကိုစစ်တပ်က ဒရုန်းနဲ့ ဗုံးချလို့ မီးလောင်ပြာကျကုန်တယ်။ နောင်ပိန်ရွာထဲကတော့ မဝင်နေလို့ မရသေးဘူး၊ ကျောက်မဲရတဲ့အထိ ဆိုရင်တော့ ကြာဦးမယ်ထင်တယ်။ ရွာထဲ အိမ်ပြန်ကြည့်တာလည်း အကုန်လုံးနီးပါး ဖောက်ထွင်းခံထားရတယ်”လို့ စစ်ဘေးရှောင်နေရတဲ့ နန်းဆိုင်က ဝမ်းနည်းစွာ ပြောရှာပါတယ်။
အခုလို SSPP တပ်ဖွဲ့ ထိန်းချုပ်နယ်မြေရှိ နောင်ပိန်ဒေသခံများ အတိဒုက္ခရောက်ရခြင်းသည် စစ်ကော်မရှင်တပ်နဲ့ TNLA တိုက်ပွဲကြား လက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေးနှင့် စစ်ရေး ဆုံးဖြတ်ချက် ပျော့ကွက်ကြောင့် သျှမ်းလူထု ဆက်လက် ခံစားနေရကြောင်း သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် စိုင်းမိဏ်းက ဩဂုတ်လ အယ်ဒီတာစကားဝိုင်းမှာ သုံးသပ်ပါတယ်။
“နိုင်ငံရေးမှာ ရပ်တည်ချက်ပျော့ကွက်ကြောင့် စစ်ရေးမှာ ဟာကွက် ဖြစ်သွားတာ။ အဲ့တော့ TNLA ဖိတဲ့ထဲမှာလည်း ခံရတယ်။ SAC ဖိတဲ့ထဲမှာလည်း ခံရတယ်။ အဲ့လို အနေအထားကြောင့် ကျောက်မဲမြို့နယ်က နောင်ပိန်ကျေးရွာ ဒေသခံတွေ ကြားညပ်ခံနေရတာ။ တကယ်တမ်း SSPP က နိုင်ငံရေး စစ်ရေးအရ ပြတ်သားရင် သူထိန်းချုပ်တဲ့ နယ်မြေမှာ ဗုံးကြဲစရာ အကြောင်း မရှိဘူး”လို့ စိုင်းမိဏ်းက ပြောဆိုပါတယ်။
အထူးသဖြင့် SSPP တပ်ဖွဲ့ဟာ နိုင်ငံရေးအရ ပြတ်သားတဲ့ ရပ်တည်ချက်မရှိဘဲ စစ်ကောင်စီ အသွင်ပြောင်း စစ်ကော်မရှင်၏ ငြိမ်းချမ်းရေးဖိုရမ်ကို တက်ရောက်ခဲ့ခြင်းကလည်း ၎င်းထိန်းချုပ်နယ်မြေမှာ အရပ်သားများ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွက် ကာကွယ်နိုင်စွမ်း မရှိခဲ့ကြောင်း စိုင်းမိဏ်းက ထောက်ပြပါတယ်။
“နေပြည်တော်ကို သွားတယ်၊ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာလည်း တက်ခဲ့တယ်။ အဲ့တာတွေက တကယ်တမ်း သူ့ရပ်တည်ချက်ပြတ်သားရင် ဒါက SSPP ထိန်းချုပ်တဲ့နေရာ ဗုံးမကြဲပါနဲ့၊ ဗုံးကြဲရင် ကျနော်တို့ ဘာလုပ်မယ် စသည်ဖြင့် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချရင် ကာကွယ်နိုင်လိမ့်မယ်လို့တော့ ယုံကြည်တယ်လေနော်။ အဲ့တိုင်း ဆက်နေသွားရင်တော့ သျှမ်းလူထုတွေ ဆက်ခံရဖို့ များပါတယ်” လို့တိုက်ပွဲကြား သျှမ်းပြည်သူများ မြေစာပင် ဖြစ်နေရခြင်းကို စိုင်းမိဏ်းက ရှင်းပြပါတယ်။
လက်ရှိမှာ စစ်ကော်မရှင်တပ်ဟာ ကျောက်မဲမြို့အနီး မြေပြင်ထိုးစစ် ရောက်ရှိသွားပြီး နောင်ပိန်တိုက်နယ်ထဲ တိုက်ပွဲငြိမ်သက်သွားပေမယ့် စစ်ဘေးရှောင်များကို နေရပ်ပြန်ခွင့် မပြုသေးဘဲ တားမြစ်ထားတာကြောင့် ရိက္ခာပြတ်တဲ့အထိ စားဝတ်နေရေး ခက်ခဲလာကြပါတယ်။
ဒါ့ကြောင့် တချို့စစ်ရှောင်တွေဟာ အရဲစွန့်ပြီး နေအိမ်မှာ ရိက္ခာပြန်ယူကြချိန် တိုက်ပွဲကြား လက်နက်ကိုင်တပ်တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံးဒဏ်ရာရတဲ့အထိ ဖြစ်လာတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ စိုင်းနော်က ပြောပါတယ်။
“အိမ်ပြန် ရိက္ခာပြန်ယူတဲ့လူ မိုင်းနင်းမိတာ ရှိတော့ မပြန်တာပဲ ကောင်းပါတယ်၊ တချို့လဲ အခုထိ တောထဲမှာပဲ တဲထိုးပြီးနေရတာ လယ်ကွင်းထဲတွေမှာ နေတာ။ တဲတစ်လုံးကို လူ ၁၀ ကျော် စုနေတာ၊ ရှိတဲ့သူစီကို ချေးငှားပြီး စားကျတယ် အချင်းချင်း ကူညီကျရတာပေါ့။ ထောက်ပံ့တဲ့အဖွဲ့အစည်းလဲ မရောက်နိုင်ဘူးလေ” လို့ စိုင်းနော်က စစ်ရှောင်အခက်အခဲကို ဝမ်းနည်းစွာနဲ့ ရှင်းပြပါတယ်။
စစ်ရှောင်တွေဟာ နောက်မှာကျန်ခဲ့တဲ့ အိုးအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့အပြင် အိမ်တွင်းပစ္စည်းတွေလည်း ဖောက်ထွင်းခိုးယူခံရတာကြောင့်စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နေပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုပါ ကြုံနေရတာကြောင့် ကျန်းမာရေးအတွက်လည်း စိုးရိမ်ရတယ်လို့ စစ်ရှောင်ကူညီသူများက ပြောပါတယ်။
“ထောက်ပံ့မယ့်အလှူရှင် နည်းလို့ အရမ်းခက်ခဲနေပြီ၊ ပြန်စရာအိမ်လည်း နေနိုင်ဖို့ မလွယ်ဘူး။ ရေရှည်ဆိုရင်တော့ ကျန်းမာရေးလည်း ထိခိုက်နိုင်တာမလို့ အဲ့တာတွေ စိုးရိမ်ရတယ်။ တစ်နေ့ပြီးတစ်နေ့ ကျော်ဖြတ်သွားဖို့တောင် အနိုင်နိုင်၊ ကိုယ်လွတ်ရုန်းဖို့ ခက်သွားတာပေါ့။ စစ်ဘေးရှောင်တွေရဲ့ ဒုက္ခနဲ့ ဆာလောင်မှုတွေ လျော့ပါးဖို့ တတ်နိုင်သလောက် ကူပေးကြပါ”လို့ စစ်ရှောင်ကူညီသူ စိုင်းနော်က အားငယ်စွာနဲ့ တောင်းဆိုလိုက်ပါတယ်။







