မြစ်ဆုံစီမံကိန်းကို ထာဝရရပ်ဆိုင်းလိုက်ဖို့ ဒေသခံတွေ တောင်းဆို

မြစ်ဆုံစီမံကိန်းကို ထာဝရရပ်ဆိုင်းလိုက်ဖို့ ဒေသခံတွေ တောင်းဆို

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ယာယီရပ်ဆိုင်းခဲ့တဲ့ မြစ်ဆုံ‌ရေအားလျှပ်စစ်စီမံကိန်းကို ထာဝရ ရပ်ဆိုင်းလိုက်ဖို့ မြစ်ဆုံစီမံကိန်းရပ်နားထားတာ ၁၄ နှစ်ပြည့်တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

စီမံကိန်းကို စစ်အစိုးရလက်ထက် ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က သူ့အစိုးရသက်တမ်းကုန်ဆုံးတဲ့အချိန်ထိ စီမံကိန်းကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

“အခုချိန်ထိ ၁၄ နှစ်တောင် ရှိခဲ့ပြီ။ ဆက်လက်ပြီးတော့ ဒါကို ယာယီမဟုတ်ဘဲ၊ အမှန်တကယ်ရပ်ဆိုင်းလိုက်ဖို့၊ လုံးဝ ရပ်ဆိုင်းပစ်လိုက်ဖို့ ကျွန်မတို့တွေ လိုချင်ပါတယ်။ ဒါကို ထာဝရတည်ရှိနေနိုင်ဖို့ ကျွန်မတို့တတွေ မျှော်လင့်တယ်။ ဘယ်အစိုးရပဲ တက်လာပါစေ ဒီမြစ်ဆုံကို ကာကွယ်မယ်။ တည်ရှိနေဖို့ အားလုံးကာကွယ်ဖို့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်။” လို့ ဆိုပါတယ်။

မြစ်ဆုံစီမံကိန်းဟာ မြန်မာတစ်နိုင်ငံလုံးကို ထိခိုက်လာနိုင်တဲ့ စီမံကိန်းကြီးဖြစ်တာကြောင့် ရပ်ဆိုင်းဖို့အတွက် မြစ်ဆုံဒေသခံတွေသာမက တစ်နိုင်ငံလုံးက ပါဝင်ဖို့လိုတယ်လို့ မြစ်ဆုံဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“မြစ်ဆုံစီမံကိန်းက အချိန်တို ယာယီရပ်ဆိုင်းခြင်းသာ ဖြစ်နေတယ်။ ကျွန်တော်တို့ကြိုးစားတာက ယာယီ ရပ်ဆိုင်းခြင်းမှ ထာဝရရပ်ဆိုင်းခြင်းသို့ ရောက်ရှိလာဖို့ ကျွန်တော်တို့ စိတ်အားထက်သန်စွာ လုပ်ဆောင်နေတာ

ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ဒေသခံတွေချည်းပဲ မဖြစ်နိုင်ဘူး။ အားလုံးနဲ့သက်ဆိုင်တာ ဖြစ်တဲ့အတွက် အားလုံးကြိုးစားကြရမယ်။” လို့ ဆိုပါတယ်။

အခုချိန်ထိ မြစ်ဆုံဒေသဟာ မပျက်စီးဘဲ ဆက်လက်တည်ရှိနေတာကို တွေ့မြင်နေရတဲ့အပြင် ဆက်လက် တည်ရှိနေဖို့ မျှော်လင်ကြောင်းလည်း အထက်ပါ မြစ်ဆုံဒေသခံအမျိုးသမီးက ဆက်လက် ပြောပါတယ်။

နိုင်ငံရေး အလှည့်အပြောင်းတွေကြောင့် မတည်ရှိတော့ဘဲ ပျက်စီးသွားမှာကို စိုးရိမ်မိကြောင်းနဲ့ စစ်ကော်မရှင်ကနေ တရုတ်နဲ့ မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ဖို့ သဘောတူစာချုပ်ချုပ်ဆိုခဲ့တဲ့အတွက် မကြာမီ အကောင်ထည်ဖော် ဆောင်ရွက်လာမှာကို စိုးရိမ်မိတယ်လို့လည်း အမျိုးသမီးက ဆက်လက် ပြောပါတယ်။

“အာဏာသိမ်းပြီးနောက် အခက်အခဲတွေရှိလာတယ်။ အဲဒီနေရာ အမြဲတည်ရှိနေမယ်ဆိုတဲ့ မျှော်လင့်ချက် ပျက်သွားသလို ဖြစ်သွားတယ်။ အာဏာသိမ်းပြီး မနှစ်က သူ (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) တရုတ်ကို သွားတယ်။ တရုတ်နိုင်ငံကိုသွားပြီး တရုတ်တွေနဲ့ နိုင်ငံခြားသားတွေ အရင်းနှီးကြီးတွေ ထည့်ပြီး အရင်ကတည်းက လုပ်ဆောင်ထားတဲ့ ပုံစံကို ဆက်လက်ပုံဖော်ဖို့ လက်မှတ်ထိုးတယ်လို့ ကြားရတဲ့အတွက် အရမ်းစိတ် မကောင်းဘူး။” လို့ ဆိုပါတယ်။

စီမံကိန်းကြီးကြောင့် မြစ်ဆုံတည်ရှိရာ တန်ဖရဲကျေးရွာမှာ နေထိုင်ကြတဲ့ ဒေသခံပြည်သူတွေကို ရွာကနေ အတင်းအဓမ္မ အောင်မြင်သာနဲ့ မလိယန်ကျေးရွာကို ပြောင်းရွှေ့နေထိုင်စေခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် ဒေသခံတွေဟာ မိမိနေရပ်ကို ပြန်လည်နေထိုင်နိုင်ခွင့်နဲ့ မိမိတို့ စိုက်ပျိုးမြေတွေကို ပြန်လည် ပိုင်ဆိုင်ခွင့်တွေကိုလည်း နှစ်စဉ် တောင်းဆိုနေကြပါတယ်။

လက်ရှိအချိန်မှာ ကျေးရွာဒေသခံတွေကို စိုက်ပျိုးလုပ်ကိုင်ဖို့နဲ့ တိရိစ္ဆာန်ထိန်းကျောင်းဖို့အတွက်တောင် ရွာအတွင်း အဝင်မခံဘဲ တခြားရွှေတူးဖော်တဲ့သူတွေကိုတော့ အဝင်ခံပြီး ရွှေလုပ်ကိုင်စေခဲ့ကြတဲ့အတွက် ရွာမြေတွေ ပျက်စီးကုန်ပြီလို့လည်း ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဆည်အမြင့်ကို မူလရေးဆွဲထားတဲ့ ပမာဏထက် နှိမ့်ပြီး ဆောက်လုပ်သွားဖို့ တရုတ်ဘက်က ညှိနှိုင်းမှုတွေ ရှိတယ်လို့ ကြားသိရကြောင်း မနှစ် ၂၀၂၄ ခုနှစ်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောကြားထားပါတယ်။

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...