တရုတ်အစိုးရနဲ့ချိတ်ဆက်ထားတဲ့ Geedge Networks ကုမ္ပဏီရဲ့ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာ အကူအညီကို ရယူပြီး စစ်အုပ်စုက မြန်မာပြည်တွင်းမှာ ဒီဂျစ်တယ်စစ်ဆင်ရေးလုပ် ဆောင်နေတယ်လို့ Justice For Myanmar (JFM) က ဖော်ထုတ်လာပါတယ်။
တရုတ်အစိုးရနဲ့ ဆက်နွှယ်တဲ့ တရုတ်ကုမ္ပဏီ Geedge Networks နဲ့ မြန်မာတယ်လီကွန်းကုမ္ပဏီတွေဟာ စစ်အုပ်စုရဲ့ ဒီဂျစ်တယ်စစ်ဆင်ရေးကို အားပေးကူညီနေတဲ့အကြောင်း JFM က ပြီးခဲ့တဲ့ရက်ပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။
တရုတ် အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ် ပုံစံကို မြန်မာနိုင်ငံသို့ ရောင်းချတပ်ဆင်ခဲ့ပြီး အဲဒီစနစ်ဟာ အရပ်သားပြည်သူတွေကို ခြေရာခံ၊ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ သတ်ဖြတ်တာတွေ လုပ်ဆောင်ဖို့ စစ်အုပ်စုအတွက် မရှိစဖူးတဲ့ လုပ်နိုင်စွမ်းတွေကို ပေးအပ်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်အုပ်စုအတွက် မြန်မာနိုင်ငံအတွင်းက အင်တာနက်သုံးစွဲသူ ၃၃ ဒသမ ၄ သန်းရဲ့ အွန်လိုင်းအသုံးပြုမှုတွေကို အကန့်အသတ်မဲ့ ရရှိနိုင်စေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
Geedge Networks ရဲ့ စနစ်တွေဟာ အင်တာနက်ကွန်ရက်သုံးစွဲမှုတွေကို လူတစ်ဦးချင်းအဆင့် ခြေရာခံနိုင်သလို သက်ဆိုင်ရာတာဝါတိုင်တွေ (Cell IDs) အလိုက် ချိတ်ဆက်အသုံးပြုမှုတွေကိုပါ အခြေခံပြီး မိုဘိုင်းဖုန်း သုံးစွဲသူတွေရဲ့ တည်နေရာတွေကို အချိန်နဲ့ တပြေးညီ ဖော်ထုတ်နိုင်စေတာမျိုးပါ။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်က စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ ကာလမှာ အွန်လိုင်းစောင့်ကြည့်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် ပြည်သူတွေအနေနဲ့ အွန်လိုင်းသုံးစွဲမှု ပိုမို ဂရုစိုက်သင့်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အထူးသဖြင့် အခုလိုကာလမှာ ပြည်သူတွေလည်း ပိုဂရုစိုက်သင့်တယ်။ နောက်တစ်ခါ တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်ပြောဆိုနေတာ ကျွန်တော်တို့ မြင်နေရတာတော့ ပိုပြီးတော့ စောင့်ကြည်သတိ ထားလာမယ်။ အထူးသဖြင့်တော့ စစ်ကောင်စီရဲ့ (စကမ) အမှန်တရားကလွဲလို့ တခြား အမှန်တရားတစ်ခုခုကို လုံးဝခွင့်ပြုမှု ရှိမှာမဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ အွန်လိုင်းသုံးစွဲမှုကို ပိုမိုသတိထားသင့်တယ်။ နောက်တစ်ခါ ပိုမိုလုံခြုံတဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်ရေးစနစ် အချင်းချင်းကြား ဆက်သွယ်တဲ့အခါ ပိုပြီး သတိထားသင့်တယ်။ နောက်တခါ သတင်းရယူတာ သတင်းဖြန့်ဝေတာ စောင့်ကြည့်တာတွေမှာတော့ ပိုပြီး အရင်ကထက် သတိထားလိမ့်မယ်။ ဖိနှိပ်မှု ပိုပြီးတော့ ကြီးမားလာမယ်ပေါ့ဗျာ”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်နေ့က မဲပေးတဲ့ကိစ္စနဲ့ အွန်လိုင်းပေါ် ဝေဖန်ရေးသားခဲ့သူ အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲ ပျက်ပြားစေဖို့ ရည်ရွယ်တယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ တောင်ကြီးမြို့နယ် သာယာအေးရဲစခန်းက ဖမ်းဆီးတရားစွဲခဲ့ပါတယ်။
စက်တင်ဘာ ၉ ရက်နေ့မှာတော့ အဲဒီ အမျိုးသားကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (က) အရ အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် တိတိ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားတာပါ။
Data For Myanmar ရဲ့ အချက်အလက်တွေအရ လူမှုကွန်ရက်ပေါ်မှာ စစ်အုပ်စုကို ဆန့်ကျင်ဝေဖန်မှုနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို အားပေးထောက်ခံရေးသားမှုတွေကြောင့် ၂၀၂၂ ခုနှစ်က ဖေဖော်ဝါရီကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီအထိ အွန်လိုင်းအသုံးပြုသူ ၁၈၈၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
JFM ရဲ့ အစီရင်ခံစာမှာတော့ Geedge Networks ကုမ္ပဏီက တက်ကြွလှုပ်ရှားသူတွေကို ခြေရာခံဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့ စစ်အုပ်စုအတွက် စွမ်းရည်မြှင့်တင်ရာမှာ ကူညီပေးနေတာလို့ ဖော်ပြပါတယ်။
အဲဒီ ကုမ္ပဏီက ရောင်းချတပ်ဆင်ပေးထားပြီး မြန်မာနိုင်ငံတွင်း အင်တာနက်ဝန်ဆောင်မှုပေးနေသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာကို အကောင်အထည်ဖော် လုပ်ဆောင်နေတာပါ။
ဒါဟာ မြန်မာနိုင်ငံအတွင်း စစ်အုပ်စုကို ဝေဖန်သူ၊ အမှန်တရားအတွက် ထွက်ဆိုသူမှန်သူ၊ လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေကို လက်လှမ်းမီ ကြည့်ရှုနိုင်ဖို့အတွက် ဆိုးရွားတဲ့ အန္တရာယ်တွေ ပေးနေတာလို့ JFM က ထောက်ပြပါတယ်။
ဦးတိုးဇော်လတ်ကတော့ စစ်အုပ်စုရဲ့ ဒီဂျစ်တယ်ဖိနှိပ်မှုဟာ နိုင်ငံရေးအပြင် လူမှုစီးပွားမှာပါ သက်ရောက်လာနိုင်တဲ့အတွက် ရေရှည်ကိုင်တွယ်ရမယ့် ပြဿနာဖြစ်လို့ မြန်မာပြည်သူအများစု တော်တော် ဒုက္ခခံရဦးမယ်လို့ ပြောပါတယ်။
“ဒီဂျစ်တယ်ဖိနှိပ်မှုကတော့ ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ တိုင်းပြည်က အထူး သဖြင့် သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်တာ ဆက်သွယ်ရေးမှာ လူမှုစီးပွား နိုင်ငံရေး ဒါတွေ အဲဒီရဲ့ သက်ရောက်မှုတွေကတော့ အချိန်တိုကိစ္စ မဟုတ်တော့ဘဲ ရေရှည်ကို ကိုင်တွယ်ရမယ့် ပြဿနာဖြစ် လာတဲ့အတွက် အထူးသဖြင့် လူငယ်တွေ အန္တရာယ်ကင်းကင်းနဲ့ ဘယ်လိုမျိုးများ ဆက်ပြီးတော့ အွန်လိုင်းမီဒီယာ ဆိုရှယ်မီဒီယာတွေကို သတိကြီးကြီး လုပ်သင့်ပါတယ်။ အထူးသဖြင့် တစ်ယောက် ယောက်က ကိုယ့်ကို စောင့်ကြည့်နေတယ် ဘာမှားမလဲ မှားတာနဲ့ တချိန်လုံး ဒုက္ခပေးမယ်ဆိုတဲ့အောက်မှာ မြန်မာပြည်သူအများစုကတော့ တော်တော် ဒုက္ခခံရဦးမယ်လို့ ပြောပါရစေခင်ဗျ”လို့ ဆိုပါတယ်။
JFM ကတော့ Geedge ကုမ္ပဏီရဲ့ ခေတ်မီ ဆန်းပြားတဲ့ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ဆင်ဆာဖြတ်တောက်ရေး နည်းပညာကို ဆက်လက် အသုံးပြုနေမှုမှာ စစ်အုပ်စုကိုယ်စား အခရာကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေကြတဲ့ မြန်မာနိုင်ငံတွင်းရှိ ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ ၁၃ ခု ရှိနေတာပါ။
အဲဒီကုမ္ပဏီတွေမှာ ATOM၊ MYTEL ၊ MPT၊ Ooredoo ၊ Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နဲ့ China Unicom တို့ ဖြစ်ပါတယ်။
ဒါ့အပြင် ကုမ္ပဏီရဲ့ လျှို့ဝှက်ပေါက်ကြားလာတဲ့ အချက်အလက်အရ လက်ရှိ ကြီးကြပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေအပါအဝင် အင်တာနက်ဝန်ဆောင်မှုပေးသူတွေ၊ အင်တာနက်ကြားခံပေးသူတွေ၊ ဖိုက်ဘာကြိုးလိုင်း လုပ်ကိုင်သူတွေက မြန်မာနိုင်ငံအတွင်း အင်တာနက်ကို စစ်အုပ်စုက လက် နက်သဖွယ် အသုံးပြုနေမှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့ အတည်ပြုထားတာပါ။
ဒါကြောင့် Geedge Networks ကုမ္ပဏီနဲ့ တာဝန်ရှိသူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့၊ နိုင်ငံတကာရာဇဝတ်မှုတွေမှာ အားပေးကူညီမှုအတွက် Geedge ရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ ခေါင်း ဆောင်မှုတွေမှာ ပါဝင်သူတွေကို နိုင်ငံတကာ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ဖို့ JFM က တောင်းဆိုထားပါတယ်။







