ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲက ပြည်သူ ၈,၆၀၀ ကျော် စစ်ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။
စစ်ကော်မရှင်တပ်၏ လေကြောင်းအပြင် မြေပြင်မှ ထိုးစစ်များ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများနှင့် တိုက်ပွဲများကြောင့် ကျောက်မဲ ပြည်သူ ၈,၆၀၀ ကျော် နေရပ်မှ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်သည်။
SHRF က “ကျောက်မဲမြို့နယ်၌ စစ်ကောင်စီ၏ လေကြောင်းနှင့် မြေပြင်မှ ထိခိုက်သေဆုံးစေနိုင်သော ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၂၉ ဦးသေဆုံးကာ အများစုမှာ ဘုန်းကြီးကျောင်းများတွင် ဖြစ်ပြီး ၆၆ ဦး ဒဏ်ရာရရှိခဲ့ရာ အရပ်သားပြည်သူ ၈,၆၀၀ ကျော် မှာ ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရသည်” ဟု ဆိုသည်။
အဆိုပါ စာရင်းမှာ ဩဂုတ်လ ၁၈ ရက်နေ့မှ ၃၀ ရက်နေ့ အတွင်း ထွက်ပြေးတိမ်းရှောင်ရသည့် စာရင်းဟု ဆိုရမည်။
ကျောက်မဲမြို့နယ်ထဲ စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၂၉ ဦး သေဆုံးပြီး ၆၆ ဦး ထိမှန်ဒဏ်ရာ ရခဲ့သည်ဟု SHRF က ဆိုသည်။
ဖြစ်စဉ်အများစုမှာ ဘုန်းကြီးကျောင်းနေရာများ၌ ဖြစ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ကျောက်မဲမြို့နယ်ထဲက နောင်ပိန် ကျေးရွာအုပ်စုကို အဓိက ပစ်မှတ်ထားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဗုံးများနှင့် လက်နက်ကြီးကျည်များသည် နောင်ပိန်ကျေးရွာအုပ်စုကို ဖြတ်သန်းသွားသည့် တရုတ်နိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများအနီး အန္တရာယ် ရှိလောက်အောင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု SHRF က ဆိုသည်။
ဒေသခံတစ်ဦးက “အခုက လေယာဉ်လည်း နေ့တိုင်းလာတယ်လို့ ပြောလို့ရတယ်။ တိုက်ပွဲကလည်း ဆက်တိုက် ဖြစ်နေတော့ လူတောင် မရှိတော့ဘူး။ မြို့ထဲဆိုလည်း လူပြတ်တယ်။ ရွာလမ်းတွေပေါ်လည်း လူက မရှိတော့ဘူး။ ရှောင်တဲ့လူတွေက ရှောင်ကုန်တာပေါ့နော်။ ရွာမှာ မြို့မှာ ကျန်ခဲ့တဲ့လူတွေကလည်း အရင်လို ဘယ်သူမှ အပြင် မထွက်ကြတော့ဘူး သတိနဲ့နေရတာပေါ့ဗျာ။ ကျောက်မဲ ဗဟိုစျေး၊ မနက်စျေးတွေမှာလည်း လူမရှိတော့ဘူး” ဟု ပြောသည်။
နောင်ချိုမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်က မူဆယ် – မန္တလေး ကားလမ်းမပေါ်မှ တအာင်း တပ်မတော် (TNLA) ကို ရှင်းလင်းဖယ်ရှားနိုင်ရေး ကြိုးပမ်းနေသည်ဟု SHRF က ဆိုသည်။
ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးက “ဒီနေ့မနက် အစောကြီးနော် ၁ နာရီလောက်မှာပဲ ကျောက်မဲမြို့က လွယ် ခေါ် ရွာဖက် လေယာဉ်နဲ့ ဗုံးကြဲသွားသေးတယ်။ နောက်ပြီးတော့ ပြီးခဲ့တဲ့ ၇ ရက်နေ့တုန်းကရော၊ ၆ ရက်နေ့မှာ ရော လေယာဉ်က ဗုံးကြဲသွားတယ်ဗျ။ ၇ ရက်နေ့ရော ၆ ရက်ရော ညပိုင်းပဲ ကျောက်မဲ (၇) ရပ်ကွက် မြောက် ကုန်းကို ကြဲတာ၊ အိမ်တွေ ပျက်ကုန်တယ်။ ကုန်စုံဆိုင်နားလေးကို ကြဲတာဗျ။ လူတော့ ထိတာမရှိဘူး” ဟု ပြော သည်။
စစ်ရှောင် ၈,၆၀၀ ကျော်မှာ လက်ရှိတွင် ကျောက်မဲမြို့နယ် တောင်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ထိန်းချုပ်နယ်မြေထဲသို့ ထွက်ပြေးခိုလှုံနေကြရခြင်း ဖြစ်သည်။
ထိုစစ်ရှောင်ပြည်သူများမှာ သောက်သုံးရေ၊ အစားအသောက်၊ ဆေးဝါးနှင့် အခြား အခြေခံလိုအပ်ချက်များ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသောကြောင့် အကူအညီများ လိုအပ်နေသည်ဟု ၎င်းတို့အား ကူညီပေးနေသူများက ပြောသည်။







