သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား (၁၀၀) ခန့်သည် RCSS/SSA ၏ ကျိုင်းတုံ စစ်ဒေသအမှတ်(၁)ထဲ ဝမ်ကောင်းကျေးရွာအုပ်စု ဓာတ်လုံစေတီဘက်ရှိ တပ်စခန်းအနီးသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဓာတ်လုံဘက်မှာ တိုက်ပွဲဖြစ်တာ၊ တံတားအကျော်နားလေးပဲ။ ဓာတ်လုံစေတီဘက် မနေ့က ပစ်တာ နီးနီးလေးပဲ။ ဒီမနက် စစ်တပ်က ရာဘာသယ်တဲ့ကား ၃ စီးနဲ့ အင်အားဖြည့်သွားတယ်။ အခု အဲ့မှာ ဗမာစစ်သားတွေ အပြည့်ပဲလို့ ပြောတယ်။ RCSS တပ်ကိုလည်း သူတို့ ၃၃၅ တပ်က ခဏခဏ သွားပစ်တယ်လို့ ပြောတယ်”ဟု မိုင်းယောင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ (၄) ဦး ကျဆုံးပြီး (၅) ဦး ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများက ပြောဆိုသော်လည်း အတည်ပြု မေးမြန်းနိုင်ရန် သျှမ်းသံတော်ဆင့်မှ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံ ထံ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပါ။
အလားတူ ယမန်နှစ် ၂၀၂၄ စက်တင်ဘာလ ၁၉ ရက်တွင် ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ယင်းခမ်း (ဝၢၼ်ႈယၢင်းၶမ်း) ကျေးရွာအုပ်စုအတွင်းရှိ RCSS တပ်စခန်းကို စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့က အင်အား (၁၀၀) ခန့်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ထိုစဉ်က အတည်ပြုသည်။
မိုင်းယောင်းမြို့နယ်အတွင်း RCSS တပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်၊ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဘက်မှ လားဟူပြည်သူ့စစ် ပူးပေါင်းပါဝင်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေသည်။
မိုင်းယောင်းမြို့နယ်အတွင်း RCSS နှင့် စစ်ကော်မရှင်တပ် ထိတွေ့တိုက်ပွဲနှင့် ပတ်သက်ပြီး နှစ်ဘက်စလုံးမှ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
မိုင်းယောင်းမြို့နယ် အတွင်း NDAA ထိန်းချုပ်ဒေသတွင် မြေရှားသတ္တုတူးဖော်မှု (၁၉)ခုတိုးလာကြောင်းကိုလည်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က သြဂုတ် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။







