လက်လွတ်လိုက်ရတဲ့ မမုံကိုင်ရွာကို KIA ပြန်သိမ်းလိုက်ပြီး မိုင်းနောင်မှာ တိုက်ပွဲပြင်းထန်နေဆဲ

လက်လွတ်လိုက်ရတဲ့ မမုံကိုင်ရွာကို KIA ပြန်သိမ်းလိုက်ပြီး မိုင်းနောင်မှာ တိုက်ပွဲပြင်းထန်နေဆဲ

မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA လက်လွတ်လိုက်ရတဲ့ မမုံကိုင်ကျေးရွာကို KIA ဘက်က ပြန်လည်သိမ်းယူလိုက်ပြီး မိုင်းနောင်ကျေးရွာဘက်မှာ ဒီကနေ့ ဩဂုတ်လ ၁၈ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၁၆ ရက်နေ့မှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တစ်ကျော့ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် မမုံကိုင်ကျေးရွာကို သိမ်းပိုက်လိုက်ပြီးနောက် တဆက်တည်း မိုင်းနောင် ကျေးရွာကို ပြန်လည်တိုက်ခိုက်နေတာလို့ မိုင်းညှင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“မမုံကိုင်ကို KIA ပြန်ပြီးထိန်းချုပ်လိုက်ပြီ။ မိုင်းနောင်မှာလည်း တပ်စခန်းတစ်ချို့ ပြန်သိမ်းထားနိုင်ပြီလို့တော့ ပြောတယ်။ ဒါပေမယ့် သေချာမသိသေးဘူး။ မိုင်းနောင်မှာက ရှမ်းနီ SNA တပ်တွေရှိသေးတယ်။ မမုံကိုင်မှာတော့ ရှမ်းနီတပ်တွေမရှိတော့ဘူး။ KIA တပ်တွေ ပြန်လည်နေရာယူထားပြီ” လို့ ပြောပါတယ်။

စစ်တပ်နဲ့ ရှမ်းနီ SNA တပ်တွေ ထိန်းချုပ်ထားတဲ့ မိုင်းနောင်နဲ့ မမုံကိုင် ကျေးရွာ နှစ်ခုစလုံးကို KIA နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၆ ရက်နေ့ နံနက်အစောပိုင်းကို စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

KIA တပ်တွေ မမုံကိုင်ကျေးရွာကို သိမ်းပိုက်ခဲ့ပြီး တစ်ပြိုင်နက် မိုင်းနောင်ကျေးရွာကို ထိုးစစ် တိုက်ခိုက် နေတဲ့အတွက် တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မိုးညှင်းဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပြပါတယ်။

“မိုင်းနောင်နဲ့ မမုံကိုင်က တစ်မိုင်လောက်ပဲကွာတယ်။ မိုင်းနောင်မှာက ပြန်ပစ်လိုက် ပြန်ငြိမ်လိုက်နဲ့ တိုက်ပွဲ ဖြစ်နေသေးတယ်။ ပြီးရင် တိုက်ပွဲဖြစ်လို့ စစ်တပ်က လေယာဉ်နဲ့ လာပစ်ရင် ပြည်သူတွေက ဘုန်းကြီးကျောင်းထဲကို ဝင်ပုန်းလိုက်နဲ့၊ တစ်ချို့က မိုင်းနောင်ထဲကို ဝင်လို့ရပြီလို့ ပြောတယ်။ အခုက တိုက်ပွဲဖြစ်နေတာက မိုင်းနောင်ရွာအပြင်မှာ ဖြစ်နေတာပါ” လို့ ပြောပါတယ်။

မိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာ နှစ်ခုစလုံး KIA ရဲ့ ထိုးစစ်တိုက်ခိုက်ခံနေရတဲ့အတွက် စစ်တပ်က လေကြောင်းနဲ့ ပြင်းပြန်းထန်ထန် ဗုံးကြဲတိုက်ခိုက်တာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အခုလို KIA တပ်တွေဘက်က တစ်ကျော့ပြန် ထိုးစစ်ဆင်တိုက်ပွဲ ဖော်ဆောင်လိုက်တာဟာ ရှမ်းနီအမည်ခံတဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေက အင်းတော်ကြီးဒေသထဲမှာ ကချင်ပြည်သူတွေ နေထိုင်လို့မရအောင် သတ်ဖြတ်တဲ့အထိ လူမျိုးရေးပြဿနာ ဖော်ဆောင်နေတာကြောင့် ပြန်တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။

အင်းတော်ကြီးဒေသထဲမှာ တိုက်ပွဲပြန်လည် ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုဆက်ပြောပါတယ်။

“အင်းတော်ကြီးမှာ ရှေ့တစ်ရက်ကစပြီး တိုက်ပွဲတွေ အလွန်ပြင်းထန်လာတယ်။ မမုံကိုင်အနီးတဝိုက်မှာ ရှိတဲ့ တပ်စခန်းတစ်ချို့ကို သိမ်းနိုင်တယ်။ ဘယ်စခန်းတွေသိမ်းနိုင်တယ်လဲတော့ နာမည်အတိအကျတော့ မသိရသေးဘူး။ အခုဆက်ပြီးတော့လည်း တိုက်ပွဲက ဆက်ဖြစ်နေသေးတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့မှာ စစ်တပ်နဲ့ ရှမ်းနီ SNA တပ်တွေက မိုင်းနောင်နဲ့ မမုံကိုင် ကျေးရွာနှစ်ခုစလုံးကို သိမ်းပိုက်လိုက်ပြီးနောက် အင်းတော်ကြီးဒေသထဲက နန့်မွန်မြို့၊ မိုင်းနောင်၊ မမုံကိုင် ကျေးရွာတွေမှာ ကချင်ပြည်သူတွေရဲ့ နေအိမ်တွေကို လိုက်လံချိတ်ပိတ်လိုက်ပြီး ကချင်ပြည်သူ ၁၄ ဦးထက်မနည်းကို သတ်ဖြတ်လိုက်တာဖြစ်ပါတယ်။

ဒါကြောင့် အင်းတော်ကြီးဒေသခံ ကချင်ပြည်သူ နှစ်ထောင်ကျော်ခန့်က နီးစပ်ရာ ဒေသအသီးသီးကို ထွက်ပြေး တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

အင်းတော်ကြီးဒေသတစ်ခုလုံးကို ထိန်းချုပ်လိုက်ဖို့ ရှမ်းနီ SNA တပ်တွေက ဒေသအတွင်း သွားလာတဲ့ ကချင်ပြည်သူတွေကို စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးရိုက်နက်တာတွေ၊ ရှမ်းနဲ့ ဗမာပြည်သူတွေကို တစ်အိမ် တစ်ယောက် မဖြစ်မနေ စစ်တပ်မှုထမ်းဖို့ အတင်းအဓ္ဓမ တပ်သားခေါ်ဆောင်နေပြီး စစ်အင်အားပိုပြီး များပြားလာအောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။

အင်းတော်ကြီးဒေသထဲမှာ ရှမ်း၊ ဗမာ နဲ့ ကချင်ပြည်သူတွေ ဆက်ပြီး အတူတကွယှဉ်တွဲနေထိုင်ဖို့နဲ့ ကချင်ပြည်သူ ၁၄ ဦး သတ်ဖြတ်ခံလိုက်ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့ မြစ်ကြီးနားမြို့မှာ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG၊ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR အဖွဲ့ဝင်များ၊ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး၊ ရှမ်းနီအမျိုးသား စာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်၊ ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲ့ အသီးသီးက ကိုယ်စားလှယ်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးခဲ့ကြတာဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...