မဲဆောက်-မြဝတီ အမှတ်-၂ တံတား ယာယီပိတ်၊ လာဘ်စားမှု တိုင်ခံရဟု သတင်းထွက်

မဲဆောက်-မြဝတီ အမှတ်-၂ တံတား ယာယီပိတ်၊ လာဘ်စားမှု တိုင်ခံရဟု သတင်းထွက်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြဝတီ ချစ်ကြည်ရေး အမှတ်-၂ တံတားကို ယနေ့ ဩဂုတ် ၁၈ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာဘက်က ယာယီပိတ်လိုက်သည်ဟု မြဝတီမြို့ခံ လုပ်ငန်းရှင်များက ပြောသည်။

အဆိုပါ တံတားသည် ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး ကုန်ကားများ အဓိက ဖြတ်သန်းသွားလာသည့် တံတားဖြစ်ကာ စစ်အုပ်စု ကန့်သတ်ထားသည့် ထိုင်းကုန်စည်တင်ကားများကို လာဘ်ယူ၍ လွတ်ပေးသည်ဟု တိုင်ကြားခံ ထားရ၍ ယခုလို တံတားယာယီ ပိတ်လိုက်ခြင်း ဖြစ်သည်ဟု မြဝတီမြို့ခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“တံတား-၂ ကို ပိတ်ချ ထားပြီး။ အကောက်ခွန် ဝန်ထမ်းတွေ အချင်းချင်း ကားထုတ်စား‌‌‌တဲ့ အေးဂျင်(ပွဲစား) တွေနဲ့ လာဘ်ပေး၊ လာဘ်ယူပြီး ကုန်ကားတွေ တံတား-၂ က မြန်မာဘက်ဝင်လို့ရအောင် လုပ်နေတာတွေ နေပြည်တော်ကို တိုင်ခံထိလို့ စစ်နေတယ်လို့ သိရတယ်။ အခု တံတားမှာ ဘာကားမှ မဲဆောက်ဘက်ကနေ ပေးမဝင်ဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မြဝတီမြို့ဘက်သို့ မဲဆောက်ဘက်မှ ထိုင်းကုန်စည်ကားများ ဝင်ရောက်ကုန်ချရန် ကန့်သတ်ခံထားရသည့် အတွက် ကုန်ကားအစီး ၅၀၀ ခန့် ထိုင်းဘက်တွင် ရပ်တန့်စောင့်ဆိုင် နေသည်မှာ ရက် ၂၀ ခန့်ရှိပြီး ဖြစ်သည်။

ရပ်တန့်နေသည့် ကုန်စည်ကားများ မြန်မာပြည်ဘက် တင်သွင်းခွင့်ရရှိရန် ကရင်နယ်ခြား စောင့်တပ်BGF၊

DKBA၊ ငြိမ်းချမ်းရေးကောင်စီ (PC) တပ်ဖွဲ့များ၏ ကျောထောက် နောက်ခံ ကုမ္ပဏီများ၊ အေးဂျင့် (ပွဲစား) များက ကုန်စည် ဖြတ်သန်း ခွင့်ရရန် မြန်မာအကောက်အခွန်ဌာနနှင့် ညှိနိုင်းဆောင်ရွက်မှု တစ်ချို့ ရှိနေသည်ဟု သိရသည်။

ထို့သို့ ညှိနှိုင်းဆောင်ရွက်မှု အဆင်မပြေမှုများ ရှိလာပြီးနောက် တိုင်းကြားရာမှ လဘ်ပေး၊ လဘ်ယူမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု တံတား-၂ ကုန်ကားများ ဖြတ်သန်းမှု အခြေအနေကို သိထားသူ သတင်းရင်းမြစ် က ပြောသည်။

“မြဝတီတံတားကတော့ လဘ်စားမှု အများဆုံးဖြစ်နေတဲ့ နေရာပါဘဲ၊ ကားထုတ်စားတဲ့ သူတွေ(ပွဲစား)နဲ့ ကာစတန် အရာရှိ ဟောင်းတွေ ပေါင်းပြီး အခု တံတားတာဝန်ကျ အရာရှိတွေက ဂျူတီကား၊ ပါမစ်ကား၊ လိုင်စင်ကျတဲ့ ကုန် ကား တွေကို ကရင်အဖွဲ့အစည်းခေါင်းစဉ် တွေနဲ့ တံတားဖြတ်ခွင့် ပေးနေတာကို အမှန်အကန် ကုမ္ပဏီလိုင်စင်နဲ့ အခွန် ဆောင်ပြီး တင်သွင်းတဲ့ကုန် ‌‌‌‌‌‌‌စည်တွေ ဖြတ်မရ၊ ကူးမရတော့ တိုင်ကြတာ အခု ကာစတန်တွေကို နေပြည် တော်က တံတားပိတ်ခိုင်းပြီး စစ်နေပြီ” ဟု တံတား ၂ ၌ လုပ်ကိုင်နေသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယခုလို တံတား-၂ ယာယီ ပိတ်လိုက်သည့်အပေါ် တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးသလို ပြည်နယ် အဆင့် အကောက်ခွန်ဌာန တာဝန်ရှိသူများက တစ်စုံတရာ ထုတ်ဖော်ပြောဆိုမှုများ မရှိသေးကြောင်း သိရသည်။

ယခုလို တံတားပိတ်ထားသည့်အတွက် သောင်ရင်းမြစ်ဘေးရှိ လက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်ထားသည့်် ကုန်စည်ကူးသည့် အောက်ဂိတ်များမှ မြဝတီဘက်သို့ ကုန်သည်ဆောင်မှုများ ရှိနေသည်ဟု မြေပြင် သတင်းရင်း မြစ်များထံမှ သိရသည်။

ပုံစာ - စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပျက်စီးသွားသည့် နေအိမ်များ။
September 12, 2026
ကရင်ပြည်၊ ဖာပွန် (မူတြော်) ခရိုင်၊ ကတိုင်တိကျေးရွာအုပ်စု၊ ထီးသဲလယ်ကျေးရွာအတွင်းသို့ စစ်အုပ်စုက...
CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)
September 11, 2026
ကရင်ပြည်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာ...
September 11, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် ကော်သူးလေ (ကရင်ပြည်) နယ်မြေများအတွင်း ၂၀၂၄ ခုနှစ်၊...
September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...