စစ်ကော်မရှင်၏ ထိုးစစ်များမှာ ရွေးကောက်ပွဲ အတွက်ဟု ကရင်နီ တော်လှန်ရေးအင်အားစုများပြော

စစ်ကော်မရှင်၏ ထိုးစစ်များမှာ ရွေးကောက်ပွဲ အတွက်ဟု ကရင်နီ တော်လှန်ရေးအင်အားစုများပြော

စစ်ကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကရင်နီပြည်အတွင်း ဆုံးရှုံးထားသည့် နယ်မြေများ ပြန်ရရှိရန် အတွက် အင်းအားဖြည့်တင်းကာ ထိုးစစ်များ ပိုမိုလုပ်ဆောင်နေသည်ဟု ကရင်နီပြည်ရှိ တော်လှန်ရေး အင်အားစုများက ပြောသည်။

စစ်ကော်မရှင်သည် လေယာဉ်အပြင် လက်နက်ကြီး၊ ဒရုန်းများ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ကာ ပြည်သူများကို အကြောက်တရား ရိုက်သွင်းပြီး ရွေးကောက်ပွဲ ပြုလုပ်ရန်နိုင်အတွက် ကြိုးပမ်းနေသည်ဟု ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ (KSCC) အထွေအထွေအတွင်းရေးမှူး မော်ဒေးမြာက ပြောသည်။

“အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲလုပ်မယ်ဆိုရင် တရားမျှတမှုရှိပါ့မလားပေါ့။ ဒါကလုံးဝမဖြစ်နိုင်ဘူး။ နိုင်ငံတကာကလည်း အသိအမှတ်ပြုမှာမဟုတ်ဘူး။ ကျမတို့ကရင်နီမှာ အခုဒီရက်ပိုင်းတွေမှာဆိုရင် ထိုးစစ်တွေ အရမ်းပဲများလာတယ်။ မတန်တစ်ဆအင်အားတွေသုံးပြီးတော့ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေ ဆိုရင်လည်း လူထုကို အကြောက်တရားပိုပြီးတော့ ရှိလာအောင်လို့ တမင်တကာလုပ်နေတာလို့ ကျမ မြင် တယ်။”

ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် စစ်ကော်မရှင်သည် နည်းမျိုးစုံ သုံးပြီး လုပ်ဆောင်သွားနိုင်သည်ဟု ကယန်းအမျိုးသား တပ်မတော် (KNA) ၏ နိုင်ငံရေးဦးဆောင် ကော်မတီ ခွန်းရဲခေါင်က ယခုကဲ့သို့ သုံးသပ် ပြောဆိုသည်။

“စစ်အာဏာရှင်ကတော့ စစ်အာဏာသက်စွန့်ရှည်ဖို့ အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသွားမှာ ဖြစ်ပါ တယ်။ ရွေးကောက်ပွဲ လုပ်ဖို့အတွက် ငွေရေးကြေးရေးတွေနဲ့ စားစရာသောက်စရာ ပေးကမ်းပြီးတော့မှ လုပ်တဲ့ နည်းလမ်းလည်း ရှိသလို စစ်ရေးအရ သူတို့ကို မဲမပေးတဲ့ ပြည်သူလူထုကို ဖိနှိပ်တာ၊ ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာ၊ ပုဒ်မအမျိုးမျိုးတပ်တာလည်း လုပ်လာနိုင်ပါတယ်။ ဒါဟာသူ့ရဲ့ သဘောသဘာဝ ဖြစ်ပါတယ်။”

စစ်ကော်မရှင်က တော်လှန်ရေးတပ်ဖွဲ့များက အလုံးစုံ ထိန်းချုပ်ထားသည့် မယ်စဲ့မြို့နယ်၊ ရှားတောမြို့နယ်တို့ အပါအဝင် ပြည်နယ်အတွင်းက မြို့နယ် ၇ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပသွားမည်ဟု ဩဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။

ဒီးမော့ဆို၊ ဖရူဆိုမြို့၊ ဖားဆောင်း၊ ဘောလခဲ၊ မယ်စဲ့၊ လွိုင်ကော်နှင့် ရှားတောမြို့နယ်တို့ကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အဖြစ် သတ်မှတ်ထားပြီး ရွေးကောက်ပွဲ လုပ်သွားမည်ဟု စစ်ကော်မရှင်က ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ခွန်းရဲခေါင် က “စစ်ကောင်စီက ရွေးကောက်ပွဲ လုပ်ဖို့အတွက် မြို့တွေကို ပြန်ပြီး ထိန်းချုပ်တာ ရှိပါတယ်။ ကျနော်တို့ စိုးမိုးထားတဲ့ နေရာတွေမှာတော့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်ပါဘူး။ လောလောဆယ် သူတို့စိုးမိုးထားတဲ့ လွိုင်ကော်မှာကတော့ သူတို့ လုပ်ကောင်းလုပ်လာနိုင်တယ်။ ဒီဖယ်ခုံမိုးဗြဲမှာ လည်း တစ်စုံတစ်ရာ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်” ဟု ဆက်ပြောသည်။

ကရင်နီပြည်တွင် စစ်ကော်မရှင်က ရွေးကောက်ပွဲကို အလွယ်တကူ လုပ်နိုင်မှာမဟုတ်ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အရေးပေါ် ကယ်ဆယ်ရေးဌာနခွဲ ဦးစီးမှူး ကျားခင်စိန်က ယခုကဲ့သို့ ပြောသည်။

“လက်ရှိသူတို့ မဲဆန္ဒနယ်လုပ်ဖို့ စီစဥ်နေတဲ့ မြို့တွေဟာလဲ တော်လှန်ရေးအင်အားစုနဲ့က တစ်ဝက်ဆီ နယ်မြေ စိုးမိုး ထားပါတယ်၊၊ အခုစစ်ကြောင်း အဆမတန် ထိုးပြီး သိမ်းဖို့ကြိုးစားနေတဲ့ နယ်မြေတွေကိုလည်း ကျမတို့ ဘက်က အစွန်းကုန် ကာကွယ်နေတာဖြစ်လို့ သူတို့ ရွေးကောက်ပွဲဟာလည်း ကရင်နီပြည်မှာ ဖြစ်မြောက်ဖို့ လွယ်မှာ မဟုတ်ပါဘူး။”

ရွေးကောက်ပွဲအား မတရားသည့် နည်းလမ်းများကို သုံး၍ ဖြစ်မြောက်အောင် လုပ်ဆောင်ခဲ့သည်ရှိသော်လည်း ပြည်သူများထံက စစ်မှန်သည့် ဆန္ဒမဲများကို ရရှိမှာ မဟုတ်ဘူးဟု ဆိုကြသည်။

ထို့သို့ ပြည်သူလူထု၏ ထောက်ခံခြင်း မရှိသည့် ရွေးကောက်ပွဲကို နိုင်ငံတကာ အစိုးရအနေဖြင့် အသိအမှတ် မပြုရန်၊ သံတမန်ရေးအရ ဖိအားပေးခြင်းနှင့် ဆန့်ကျင်ပေးကြရန် ကယန်းအမျိုးသား တပ်မတော် (KNA) နှင့် ကရင်နီတော်လှန်ရေး အင်အားစုများက တောင်းဆိုထားသည်။

လက်ရှိတွင် ကရင်နီပြည်အတွင်းက မြို့နယ် ၇ မြို့နယ်စလုံးတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုတို့အကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်နေခြင်း ဖြစ်သည်။

ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့် ကရင်နီပြည်ထဲက မြို့နယ် ၇ မြို့နယ်လုံးတွင် ရွေးကောက်ပွဲလုပ်ရန် စစ်ကော်မရှင်တပ်က သြဂုတ်လ ၁၅ ရက်နေ့က ကြေညာထားသော်လည်း ထိုကြေညာချက်မှာ လုံးဝမဖြစ်နိုင်ဘူးဟု ကရင်နီတော်လှန်ရေး အင်အားစုများက ပြောသည်။

December 1, 2025
တနင်္သာရီတိုင်းတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဥပဒေဖြင့် ဒေါင်းနက်အဖွဲ့ အပါအဝင် ဆန့်ကျင်သူများ...
November 28, 2025
ကချင်ပြည်ရှိ ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များတွင် စစ်ရေးတင်းမာမှုများ...
November 27, 2025
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်း ၂၆ ခု၌...
November 26, 2025
ကိုးကန့်တပ်မတော် MNDAA မှ တပ်ဆုတ်ရန် ငြင်းပယ်မှုကြောင့် ရှမ်းပြည် မြောက်ပိုင်း၊...