မွန်ပြည်နယ်မှာ စစ်မှုထမ်းဆင့်ခေါ်မှု စတက်

မွန်ပြည်နယ်မှာ စစ်မှုထမ်းဆင့်ခေါ်မှု စတက်

မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ အာဏာသိမ်း စစ်ကော်မရှင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို ဆင့်ခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ရဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေဟာ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို သြဂုတ် ၁ ရက်နေ့ကစပြီး ဆင့်ခေါ်စာတွေ စတင်ပေးပို့လာတာ ဖြစ်ပါတယ်။

ဆင့်ခေါ်စာရရှိတဲ့ လူငယ်တွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွေထံ မပျက်မကွက် သတင်းပို့ရမှာ ဖြစ်ပြီး ပျက်ကွက်ရင် စစ်မှုထမ်းဥပဒေနဲ့ အရေးယူခံရမယ်လို့ ဖော်ပြထားပါတယ်။

ကျိုက်မရော ဒေသခံတစ်ဦးကတော့ စစ်ကော်မရှင်ဘက်က စစ်မှုထမ်းဆင့်ခေါ်စာတွေ ပေးပို့လာတာကြောင့် လူငယ်တချို့ ထိုင်းနိုင်ငံကို ထွက်ခွာမှုတွေ ရှိလာတယ်လို့ ပြောပါတယ်။

“ဆင့်ခေါ်စာကတော့ လက်ပံတို့ ဘာတို့ဘက်မှာတော့ တွေ့တာပေါ့။ သူတို့ မဲနှိုက်မှာလား ဘယ်လိုလည်းတော့ မသိဘူး။ ဆင့်ခေါ်စာတော့ ပို့တယ်။ တချို့ လူငယ်တွေက ထိုင်းတွေဘာတွေ တက်ကုန်ပြီပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်က စစ်မှုထမ်း ဆင့်ခေါ်စာတွေ လိုက်လံပေးပို့နေတာကြောင့် ကျေးရွာတွေမှာ လူငယ်အများစု မနေရဲကြတော့သလို ဒေသတွင်းမှာ ကလေးသူငယ်နဲ့ သက်ကြီးပိုင်းတွေသာ ရှိတော့တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်မှုထမ်း ဆင့်ခေါ်စာတွေ လိုက်လံပေးပို့မှုဟာ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ ညွှန်ကြားချက် ဖြစ်ပြီး စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တိုင်း စစ်မှုထမ်းဖို့ သက်ဆိုင်ရာ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေမှာ မဖြစ်မနေ အမည်စာရင်းသွင်းရမှာ ဖြစ်ပါတယ်။

ဘီးလင်း ဒေသခံတစ်ဦးကလည်း စစ်မှုထမ်းအတွက် တစ်ရွာလျှင် နှစ်ဦးနှုန်းဆင့်ခေါ်ဖို့ ရှိနေကြောင်း ကြားသိနေရပြီး လူငယ်အများစုကတော့ စစ်မှုထမ်းဆင့်ခေါ်မှုအပေါ် လက်မခံကြဘူးလို့ ပြောပါတယ်။

“တစ်ရွာကို နှစ်ယောက်လောက် အသံတော့ ထွက်နေတယ်။ တစ်ရွာကို နှစ်ယောက်ပေးရမယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ နယ်တွေထဲမှာ လိုက်ကောက် ထားတာတွေ ရှိတာပေါ့။ နင်လား ငါလား တင်းတင်းရင်းရင်း လုပ်မယ်ဆိုရင်လည်း တခြားလို ဒီကလေးတွေက ဘယ်လိုပြောမလဲ ကြည်ကြည်သာသာနဲ့ သွားမယ့် ပုံစံမျိုးတွေက သိပ်မမြင်ဘူး”လို့ ဆိုပါတယ်။

ဒေသတွင်းမှာ စစ်မှုထမ်းအတွက် လူငယ်တွေကို ညအချိန် ဖမ်းဆီးပြီး စစ်သားစု‌ဆောင်းတာ၊ အမျိုးသား နှစ်ယောက် ဆိုင်ကယ် မစီးရ သတ်မှတ်ထားတဲ့ နေရာတွေမှာ နှစ်ယောက် စီးပါက ဖမ်းဆီးပြီး စုဆောင်းတာအပြင် လိုင်စင်မဲ့ယာဉ် စီးနင်းသူတွေကို ဖမ်းဆီးပြီး စစ်သားစုဆောင်းတာတွေ လုပ်ဆောင်ခဲ့တာပါ။

အခုနောက်ပိုင်းမှာတော့ စစ်မှုထမ်း ရရှိမှု နည်းပါးလာတဲ့အတွက် စစ်ကော်မရှင်ရဲ့ ညွှန်ကြားချက်ကြောင့် ဆင့်ခေါ်စာ ပေးပို့တာအပြင် မဲနှိုက်ဖို့အတွက် ပြင်ဆင်တာတွေကအစ ပြုလုပ်လာတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ ပြည်သူ့စစ်မှုထမ်း အပတ် စဉ် ၁ ကနေ အပတ်စဉ် ၁၅ အထိ ဒေသတွင်းက လူငယ် ၂၅၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။

Most read this week

April 11, 2026
မွန်ပြည်နယ်အတွင်းရှိ ပြည်သူလူထုတွေရဲ့ လူမှုစီးပွားဘဝ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်...
ဓာတ်ပုံ-CJ
April 10, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်လာပေမယ့် ဒေသတွင်းမှာတော့ လောင်းကစားဝိုင်းတွေကို...
ဓာတ်ပုံ - Social Media
April 9, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်ရှင်တပ်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ဒေသခံ...
April 8, 2026
မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ ကာကင်းစခန်း နှစ်ခုကို...